အိန္ဒိယပို့ကုန်ပိတ်ပင်မှုကြောင့် အာရှတစ်ဝန်း ဆန်အရောင်းအဝယ် ရပ်ဆိုင်းသွား

15/09/2022 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယက ဆန်တင်ပို့မှုအပေါ် ပိတ်ပင်ကန့်သတ်လိုက်တဲ့အတွက် အာရှတိုက်မှာ ဆန်အရောင်းအဝယ် ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဝယ်လက်တွေဟာ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ ဘက်က ဆန်တွေကို ပြောင်းလဲဝယ်ယူဖို့ လုပ်လာကြပေမဲ့ ရောင်းလက်တွေဘက်ကလည်း ဈေးတွေ တက်နေတော့ စာချုပ်မချုပ်ဘဲ ဆိုင်းငံ့ထားကြသေးတယ်လို့ ဆန်လုပ်ငန်းထဲကသူတွေက ပြောပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး အိန္ဒိယနိုင်ငံဟာ ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ပြီး အခြားအမျိုးအစားများအပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးနည်းပြီး စပါးအစိုက်ကျဆင်းခဲ့တဲ့အတွက် အစိုးရက ဆန်ရောင်းအား ပြည့်စုံစေဖို့နဲ့ ပြည်တွင်းဆန်ဈေး ကျစေဖို့ ယခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဆန်ဟာ ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု ကန့်သတ်ပိတ်ပင်ခံရတဲ့ ကုန်စည်များစွာ ရှိတဲ့အနက် နောက်တိုးကုန်စည်ဖြစ်လာပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် သီးနှံကုန်သွယ်ရေး အလျင်ပြတ်ခဲ့အပြီး အစိုးရများစွာဟာ သီးနှံရောင်းအား တိုးမြှင့်ရေးနဲ့ စားသောက်ကုန်ဈေး ထိန်းချုပ်ရေးအတွက် သီးနှံတင်ပို့မှုတွေ ပိတ်ပင်ခဲ့ကြပါတယ်။

အိန္ဒိယက ယခုလိုထုတ်ပြန်ကြေညာလိုက်ပြီးနောက် အာရှတိုက်မှာ ဆန်ဈေးတွေ ငါးရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး ဒီတစ်ပတ်ထဲမှာ ထပ်မံမြင့်တက်ဦးမယ်လို့ မျှော်လင့်ထားတာကြောင့် ကုန်သည်တွေ အရောင်းအဝယ် မလုပ်ရဲသေးဘဲ ဖြစ်နေကြတာပါ။

"အာရှတိုက်တစ်ဝန်းမှာ ဆန်အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ကုန်သည်တွေဟာ တစ်ခုခုကို အဆောတလျင်လုပ်ဖို့ မဝံ့ရဲကြသေးပါဘူး" လို့ အိန္ဒိယရဲ့ အကြီးဆုံးဆန်တင်ပို့လုပ်ငန်း Satyam Balajee ရဲ့ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ပြောပါတယ်။

"အိန္ဒိယဟာ ကမ္ဘာ့ဆန်ကုန်သွယ်မှုအနက် ၄၀ ရာခိုင်နှုန်းကျော် ရောင်းချပေးနေပါတယ်။ ဒါကြောင့် လာမယ့်လတွေအတွင်း ဆန်ဈေး ဘယ်လောက်တက်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး"

ဆန်ဟာ ကမ္ဘာ့လူဦးရေ သန်းသုံးထောင်ကျော်ရဲ့ အခြေခံအစားအစာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းကဆိုရင် အိန္ဒိယရဲ့ ပို့ကုန်ပိတ်ပင်မှုကြောင့် ကမ္ဘာ့ဆန်ဈေးတွေ စံချိန်တင်အမြင့်ဆုံးအဖြစ် တစ်တန်ကို ဒေါ်လာ ၁၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ဖူးပါတယ်။

အိန္ဒိယဆန်တင်ပို့မှုဟာ ၂၀၂၁ ခုနှစ်တုန်းက တန်ချိန် ၂၁ ဒသမ ၅ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ပြီး အိန္ဒိယပြီးရင် ဆန်တင်ပို့မှုအများဆုံးဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စု လေးနိုင်ငံပေါင်း တင်ပို့မှုထက်တောင် ပိုများပါတယ်။

'ကုန်တင်လုပ်ငန်းများ ရပ်ထားရ'

အိန္ဒိယဆိပ်ကမ်းတွေမှာလည်း ဆန် သင်္ဘောတင်တာတွေ ရပ်တန့်ခဲ့ပြီး တန်ချိန်တစ်သန်းနီးပါးလောက် အဲဒီတွေမှာ ပိတ်မိနေပါတယ်။ ဝယ်လက်တွေဘက်က အစောပိုင်း သဘောတူညီထားတဲ့ စာချုပ်ပါဈေးနှုန်းအပြင် အိန္ဒိယအစိုးရ အသစ်စည်းကြပ်လိုက်တဲ့ အခွန် ၂၀ ရာခိုင်နှုန်းကို ထပ်တိုး မပေးချေလိုတာကြောင့် ကုန်တင်လုပ်ငန်းတွေပါ ရပ်ထားရတာပါ။

တချို့ဝယ်လက်တွေ ကြီးမြင့်နေတဲ့ဈေးနှုန်းအတိုင်း အဝယ်စာချုပ်သစ်တွေ ချုပ်ဖို့ အသင့်ရှိနေပေမဲ့ ရောင်းလက်တွေကတော့ လောလောဆယ် စာမချုပ်သေးဘဲ ဆိုင်းငံ့နေကြတယ်လို့ အိန္ဒိယဆန်လုပ်ငန်း Olam India ရဲ့ ဒုတိယဥက္ကဋ္ဌ Nitin Gupta က ပြောပါတယ်။

အိန္ဒိယပို့ကုန်လုပ်ငန်းတွေက စာချုပ်သစ် ချုပ်ဆိုမှုတွေ ရပ်ဆိုင်းထားကြပေမဲ့ ဝယ်လက်တွေကတော့ ပြိုင်ဘက်ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာတို့ဆီကဆန်ကို ဝယ်ယူနိုင်ရေး ကြိုးပမ်းနေကြပါတယ်။ အဲဒီနိုင်ငံတွေကလည်း ပြီးခဲ့တဲ့ လေးရက်အတွင်း ငါးမှတ်ဆန်ဖြူ တစ်တန်ကို ၂၀ ဒေါ်လာဝန်းကျင်စီ ဈေးတင်ထားကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီနိုင်ငံတွေကတောင် ဈေးပိုကောင်းလာမှာကို တွက်ဆထားကြပြီး အရောင်းစာချုပ်တွေ အဆောတလျင် ချုပ်ဆိုဖို့ ဆန္ဒမရှိ ဖြစ်နေပါတယ်။

"လာမယ့်သီတင်းပတ်တွေမှာ ဈေးနှုန်းတွေ ထပ်တက်လာဖို့ မျှော်လင့်ပါတယ်" လို့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။

ဗီယက်နမ် ငါးမှတ်ဆန်ဈေးဟာ တနင်္လာနေ့တုန်းက တစ်တန်ကို ဒေါ်လာ ၄၁၀ ပေါက်ခဲ့ရာ ယခင်အပတ်နှုန်းထား ၃၉၀-၃၉၃ ဒေါ်လာထက် မြင့်တက်လာတာဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆီနီဂေါ၊ ဘီနင်၊ နိုင်ဂျီးရီးယား၊ ဂါနာစတဲ့ အာဖရိကနိုင်ငံတွေဟာ ရိုးရိုးဆန် တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျနိုင်ငံတို့ကတော့ အကောင်းစား ဘာစမာတီဆန် တင်သွင်းလေ့ရှိတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ မကြာသေးခင်က စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲတို့ကြောင့် သီးနှံဈေးအများစု မြင့်တက်ခဲ့ပေမဲ့ ဆန်မှာတော့ အထွက်ကောင်းတာရယ်၊ ကုန်ကျန်များတာရယ်ကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အများအားဖြင့် ကျန်သီးနှံတွေနဲ့ မတူဘဲ ဈေးတည်ငြိမ်နေခဲ့ပါတယ်။

ယခုတော့ အိန္ဒိယမူဝါဒအပြောင်းအလဲကြောင့် ဆန်ဈေးတွေ မြင့်တက်ပြီး ဂျုံ၊ ပြောင်းတို့လို ဈေးနှုန်း ကြီးမြင့်လာမှာကို ဝယ်လက်တွေ စိုးရိမ်နေကြပြီလို့ မွန်ဘိုင်းမြို့အခြေစိုင် နိုင်ငံတကာ ကုန်သည်တစ်ဦးက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: India's rice export curbs paralyse trade in Asia as prices rise - Reuters 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်