အင်ဒိုနီးရှားရဲ့ ရှုံ့ချည်နှပ်ချည် စားအုန်းဆီမူဝါဒများ

25/05/2022 15:51 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စားအုန်းဆီပို့ကုန်ပိတ်ပင်မိန့် ထုတ်ပြန်အပြီး သုံးပတ်အကြာမှာ တင်ပို့မှုတွေ ပြန်လည်ခွင့်ပြုသွားဖို့ သဘောတူညီလိုက်ပြန်ပါပြီ။ ဒါပေမဲ့ ပြည်တွင်းရောင်းကုန် ဖူလုံရေး ရည်ရွယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ တစ်ပြိုင်နက်တည်း ချမှတ်လိုက်တာ ဖြစ်တာကြောင့် ပို့ကုန်တွေ ဘယ်လောက် မြန်မြန်ဆန်ဆန် စတင်နိုင်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပို့ကုန်မူဝါဒအပြောင်းအလဲ မကြာမကြာ ပြုလုပ်လေ့ရှိတဲ့ အင်ဒိုနီးရှားရဲ့ ဆောင်ရွက်ချက်တွေဟာ စားသုံးဆီဈေးကွက်တွေကို ခြောက်လှန့်နေပြီး ကမ္ဘာ့စားသောက်ကုန်ဈေးကွက်အတွင်းမှာပါ စိုးရိမ်မှုတွေ မြင့်တက်စေပါတယ်။

အင်ဒိုနီးရှားဟာ စားအုန်းဆီတင်ပို့မှု အများဆုံး နိုင်ငံဖြစ်ပြီး မာဂျရင်းကနေ ခေါင်းလျှော်ရည်အထိ ထုတ်ကုန်အမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုနေရတဲ့ စားအုန်းဆီ ကမ္ဘာ့ရောင်းအား ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာပါ။

နောက်ဆုံးအပြောင်းအလဲက ဘာတွေလဲ။

အင်ဒိုနီးရှားဟာ စားအုန်းဆီကြမ်းနဲ့ ဆက်စပ်ထုတ်ကုန်များ တင်ပို့မှုကို မေလ ၂၃ ကစပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ပို့ကုန်ပါမစ်ရရှိဖို့အတွက် ကုမ္ပဏီတွေဟာ 'ပြည်တွင်းဈေးကွက်မှာ ရောင်းပေးရန် ပမာဏ' လို့ ဆိုတဲ့ DMO သတ်မှတ်ချက်ကို ပြည့်မီကြောင်း ပြသကြရပါလိမ့်မယ်။

အစိုးရအနေနဲ့ DMO သတ်မှတ်မှုနဲ့ ပတ်သက်လို့ အများပြည်သူထံ အသေးစိတ် ထုတ်ပြန်ရခြင်းမရှိသေးပေမဲ့ စီးပွားရေးဝန်ကြီး Airlangga Hartarto အပြောအရ ပြည်တွင်းမှာ ဟင်းချက်ဆီရောင်းကုန် တန်ချိန် ၁၀ သန်း အမြဲတစေ ကျန်ရှိနေဖို့ ရည်မှန်းထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အင်ဒိုနီးရှားက စားအုန်းဆီ တန်ချိန် ၅၁ သန်း ထုတ်လုပ်ခဲ့ပြီး တန်ချိန် ကိုးသန်းဝန်းကျင်ကို ပြည်တွင်းဈေးကွက်က စားသုံးခဲ့တာ ဖြစ်ပါတယ်။

DMO သတ်မှတ်ချက်နဲ့အညီ စားအုန်းဆီထုတ်လုပ်မှုရဲ့ အချိုးဘယ်လောက်ကို ပြည်တွင်းမှာ ရောင်းချပေးမလဲဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီးက ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်ပြီး နောက်ပိုင်းမှာ ၂၀ ရာခိုင်နှုန်းထိ ပြန်လျှော့ချဖို့ ရည်မှန်းထားကြောင်း ပြောပါတယ်။

အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှု ထိန်းချုပ်ဖို့ ဘာကြောင့် ကြိုးစားနေခဲ့တာလဲ။

အစိုးရတာဝန်ရှိသူတွေဟာ နိုဝင်ဘာလက စလို့ ဟင်းချက်ဆီဈေး ထိန်းချုပ်ဖို့ရာအတွက် အမတော်ကြေးပေးတာ၊ ပို့ကုန်ပါမစ်ချပေးတာ၊ စားအုန်းဆီခွန်ကောက်တာအပြင် ပို့ကုန်ပိတ်ပင်တာအထိ အစီအမံပေါင်း သောင်းခြောက်ထောင်ကို ဆက်တိုက်ဖော်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအစီအမံတွေဟာ အိမ်ထောင်စုတွေရဲ့ အခြေခံကုန်စည် စားအုန်းဆီဈေးကို အစိုးရမျှော်မှန်းထားသလို တစ်လီတာ ၁၄၀၀၀ ရူပီးယာ (၀ ဒသမ ၉၅၅၄ ဒေါ်လာ) ထိ ကျဆင်းလာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒီအခြေအနေမှာ လယ်သမားတွေကလည်း ဆန္ဒပြ၊ မူဝါဒရေးဆွဲရေးသမားတွေကလည်း ပို့ကုန်မူဝါဒကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုလာတဲ့အခါ အစိုးရဟာ ဆီဈေးတွေ အကျဘက်ဦးတည်လာပြီလို့ ဆိုပြီး ပို့ကုန်ပိတ်ပင်မှုကို ရုပ်သိမ်းပေးလိုက်ပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်တွေအရ စားအုန်းဆီဈေးဟာ တစ်လီတာကို ၁၆၉၀၀ ရူပီးမှာ ပျမ်းမျှ ရပ်တည်နေကြောင်း သိရပါတယ်။ ဒါဟာ ဧပြီလ ပျမ်းမျှဈေး ၁၈၀၀၀ ရူပီးယားကနေ ကျဆင်းလာတာ ဖြစ်ပေမဲ့ ယမန်နှစ် ဇူလိုင်လဈေး ၁၃၃၀၀ ထက်တော့ ပိုများနေပါသေးတယ်။

ပို့ကုန်တွေ ပြန်လည်စတင်နေပြီလား။

အင်ဒိုနီးရှားရဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး မူဝါဒတွေအပေါ် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ အပါအဝင် အဓိကစားအုန်းဆီဝယ်လက်အချို့က ဒေါသထွက်နေကြပေမဲ့ ဖောက်သည်တွေဟာ အဝယ်လျှော့ချမယ့်ပုံတော့ မပေါ်ဘူးလို့ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

အိန္ဒိယကုန်သည်တွေ အပြောအရ အင်ဒိုနီးရှားဘက်က အဝယ်အော်ဒါသစ်တွေကို စတင်လက်ခံလာပြီဖြစ်ပေမဲ့ DMO သတ်မှတ်ပြဋ္ဌာန်းချက်တွေကို သဲသဲကွဲကွဲ မသိရသေးခင်မှာ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေကြတယ်လို့ သိရပါတယ်။

ဥပမာ စားအုန်းဆီပို့ကုန်လုပ်ငန်း Musim Mas ဆိုရင် "ပြည်တွင်းဈေးကွက်အတွင်း စားသုံးဆီ ဘုံးဘောလအော ပံ့ပိုးရောင်းချနိုင်ဖို့ အာရုံစိုက်နေတယ်" လို့ တနင်္လာနေ့က ထုတ်ပြန်ပြီး ခေါင်းမာမာနဲ့ မြင့်တက်နေတဲ့ လက်လီဈေးတွေအပေါ် စိုးရိမ်ကြောင်း မှတ်ချက်ပြုထားပါတယ်။

စားအုန်းဆီကုမ္ပဏီတွေဟာ အစိုးရဆီက ထပ်ထွက်လာမဲ့ ညွှန်ကြားချက်တွေကို စောင့်ဆိုင်းနေကြပြီး အာဏာပိုင်တွေအနေနဲ့လည်း လုပ်ငန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစည်းဝေးပြီး အပြောင်းအလဲတွေကို ရှင်းလင်းပြောပြနေကြပါတယ်။

စားသုံးဆီ ဖြန့်ချိရေးကို ဘာတွေက အဟန့်အတား ဖြစ်စေနေတာလဲ။

ကုန်သွယ်ရေးဝန်ကြီး Muhammad Lutfi က လက်ရှိအခြေအနေကို အသုံးချပြီး ကိုယ်ကျိုးရှာနေတဲ့ "စားအုန်းဆီမာဖီးယားဂိုဏ်းတွေ" ရှိတယ်လို့ မတ်လ ၁၈ ရက်နေ့က ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ကြိုးနီစနစ်ကိုလည်း အပြစ်တင်တာတွ ရှိပါတယ်။ စားအုန်းဆီသန့်လုပ်ငန်းတွေဟာ အစိုးရအမတော်ကြေး တောင်းခံရေး လုပ်ငန်းစဉ် ရှုပ်ထွေးလွန်းတာကြောင့် စားအုန်းဆီရောင်းကုန်တွေ ထုတ်ဝေပေးရေး ချင့်ချိန်ဆောင်ရွက်နေကြပါတယ်။ အင်္ဂါနေ့မှာတော့ အစိုးရအရာရှိတစ်ယောက်က အမတော်ကြေးနေရာမှာ အခြားမူဝါဒတစ်ခု အစားထိုးပြီး ဈေးနှုန်းထိန်းချုပ်ရေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အစိုးရဟာ နိုင်ငံတော်စားနပ်ရိက္ခာဝယ်ယူသိုမှီးရေးအဖွဲ့ (Bulog) ကို စားသုံးဆီတွေ ထပ်တိုးဖြန့်ချိဖို့လည်း တာဝန်ပေးအပ်ထားပါတယ်။ ဒါပေမဲ့ Bulog အဖွဲ့က ဖြန့်ချိရေးလုပ်ငန်း စတင်နိုင်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ လိုအပ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ထားပါတယ်။

ဖြန့်ချိရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန တာဝန်ရှိတစ်ယောက်က ကန့်သတ်ချက် များစွာ ရှိတဲ့အထဲမှာ ထောက်ပံ့ပို့ဆောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးတို့ဟာ အဓိကအဟန့်အတားတွေ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

နောက်ဆုံးအဆင်မှာ ဘယ်လိုဖြစ်လာမလဲ။

ကျောက်မီးသွေးတင်ပို့မှု  ပိတ်ပင်ခဲ့တဲ့ ဇန်နဝါရီလက ဖြစ်စဉ်နည်းတူပဲ အင်ဒိုနီးရှားအစိုးရဟာ စားအုန်းဆီတင်ပို့မှုကို တစ်လမပြည့်မီ ကာလအတွင်းမှာပဲ ပြန်လည်ဖြေလျှော့ပေးခဲ့ပါတယ်။

ပိတ်ပင်မှုကြောင့် နိုင်ငံတော်ဝင်ငွေ ဒေါ်လာသန်းရာနဲ့ချီ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့တိုင်အောင် သမ္မတဟာ နောက်ထပ်မူဝါဒအပြောင်းအလဲတွေ လိုအပ်ရင် လိုအပ်သလို ပြုလုပ်သွားဖို့ အသင့်ရှိနေပုံ ပေါ်ပါတယ်။ သူ့အပေါ် ပြည်သူလူထုထောက်ခံမှုနှုန်းဟာ ခြောက်နှစ်အတွင်း အနိမ့်ဆုံး ကျရောက်နေကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ သိရပါတယ်။

သမ္မတက ဝန်ကြီး Luhut Pandjaitan ကို လူဦးရေသိပ်သည်းတဲ့ ဂျာဗားနဲ့ ဘာလီကျွန်းတွေမှာ စားသုံးဆီဖြန့်ချိရေးကို ကြပ်မတ်ကွပ်ကဲဖို့ တာဝန်ပေးအပ်ထားပါတယ်။

"ရည်ရွယ်ချက်ကတော့ စားသုံးဆီဈေးကို အစိုးရမျှော်မှန်းထားတဲ့ နှုန်းအထိ ကျဆင်းလာစေဖို့၊ ညီညာစွာနဲ့ ပြည့်စုံလုံလောက်စွာ ဖြန့်ချိနိုင်ဖို့ ဖြစ်ပါတယ်" လို့ ဝန်ကြီးကိုယ်စား ပြောရေးဆိုခွင့်ရ Jodi Mahardi က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Explainer: Indonesia's stop-start controls on palm oil exports - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်