မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၅)

15/01/2023 11:00 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနယ်ပယ်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မှာအခြေစိုက်ပြီး စီးပွားရေးလုပ်နေတဲ့ ဂျပန်မှာမွေး ဂျပန်မှာကြီး ဂျပန်သား လေး Borderless Myanmar ရဲ့  CEO မစ္စတာတိုမိုနဲ့ အင်တာဗျူးကို ဖော်ပြလာတာ အခုဆိုရင် အပိုင်း(၅) ထိ ရှိလာပြီဖြစ်ပါတယ်။

ဒီဂျပန်သားလေးဟာ ဘယ်လို ရည်ရွယ်ချက်တွေ၊ ဘယ်လို စေ့ဆော်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လူမှုအကျိုးပြုစီးပွားရေး (Social business) ကို လာလုပ်နေတာလဲ၊ မြန်မာ တောင်သူတွေဘဝကို ဘယ်လိုမျိုး မြှင့်တင်ပေးချင်တဲ့ ဆန္ဒရှိတာလဲ၊ ဘယ်လောက်အတိုင်းအတာထိ မျှော်လင့်ချက်တွေထားထားသလဲဆိုတာတွေနဲ့ပတ်သက်လို့ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

 အခု အပိုင်း(၅) မှာတော့..

သူဟာ ဒီစီးပွားရေးကို ဘယ်လိုပုံစံနဲ့လုပ်ပြီး ဘယ်လိုပုံစံနဲ့လည်ပတ်နေသလဲ?

ဒီလူမှုအကျိုးပြုစီးပွားရေးကို စတင်လုပ်ကိုင်နိုင်ဖို့ အရင်းအနှီး၊ နည်းပညာတွေက ဘယ်ကနေ ရရှိလာတာလဲ?

Borderless Myanmar နဲ့ လက်တွဲပြီး Social business လုပ်ဆောင်ချင်သူတွေ၊ ငွေကြေးအထောက်အပံ့လိုချင်သူတွေအနေနဲ့ဘာတွေလိုအပ်မလဲ?

ဆိုတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

မေး။ မြန်မာနိုင်ငံမှာ စိုက်ပျိုးစီးပွားလုပ်ငန်းတွေအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုပေါ့၊ ဒါက သိပ်ကို အရေးကြီးပါတယ်။ ဒီအရင်းအနှီးလိုအပ်ချက်ကို Borderless Myanmar အနေနဲ့ ဒါကို ဘယ်လို ဖြေရှင်း ရလဲ၊ အရင်းအနှီးထည့်ဝင်တဲ့အပိုင်းတွေ ဒါကိုလည်းပြောပြစေချင်ပါတယ်။ 

ဖြေ။ အဲ့ဒါက မြန်မာနိုင်ငံဖြစ်ဖြစ်၊ ဂျပန်နိုင်ငံဖြစ်ဖြစ်ပေါ့နော်၊ ကျွန်တော်ကတော့ သိပ်တော့ မကွာဘူးထင်တာပဲ။ ဘာလဲဆိုတော့ ဂျပန်နိုင်ငံမှာ စီးပွားရေးစလုပ်တဲ့သူရဲ့ ၉၀ ဘယ်လောက် ရာခိုင်နှုန်းလဲမသိဘူး၊ ငါးနှစ်အတွင်းမှာစီးပွားရေး ပြောမယ်ဆိုရင် ဂျပန်မှာလုပ်ရင်လည်း အဆင်မပြေတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးပဲ၊ မြန်မာနိုင်ငံမှာလုပ်ရင်လည်း အဆင်မပြေတဲ့ စီးပွားရေးဆိုတာ အများကြီးပေါ့။ အဲ့ဒါက အဓိကအရေးကြီးတယ်။

နောက်ပြီးတော့ အခြေခံပေါ့။ အဲ့ဒါဘာလဲဆိုတော့ ကုမ္ပဏီရဲ့ Investment က ဘယ်လိုပုံစံနဲ့ Investment လုပ်မှာလဲ။ Investment လုပ်တဲ့အချိန်မှာ ဘယ်လိုပုံစံနဲ့ Return ရမှာလဲ။ အဲ့လိုမျိုးပေါ့။ စီမံခန့်ခွဲမှု အကုန်လုံးသုံးသပ်ဖို့လိုတယ်။ တိုးတက်ဖို့ လိုတယ်။ အဲ့ဒါက ဥပမာ ကျွန်တော်တို့နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ ငါးနှစ် Borderless Link စတာပေါ့။ ကျွန်တော်တို့က စကတည်းကဆို ငါးနှစ် Plan ရှိတာပေါ့။ ဥပမာ Investment ကို ဘယ်လောက်ထည့်မှာလဲ၊ Investment ကို ဘယ်လောက်ထည့်ပြီးတော့ ဝန်ဆောင်မှုကလည်း ဘယ်လောက်လောက်ရာခိုင်နှုန်းဝင်မလဲပေါ့။ အဲ့လိုမျိုး ပလန်ရှိပြီးသားပေါ့နော်။ အခုဆိုင်ဖွင့်တာလည်း တူတူပဲပေါ့၊ ဥပမာ ဒီဆိုင်ကိုဖွင့်တယ်ဆိုရင် အရင်းအနှီးက ဘယ်လောက်လောက်လိုမလဲ။ တစ်လချင်း တစ်လချင်း အမြတ်က ဘယ်လောက်လောက်ဝင်မလဲ၊ ဝင်တဲ့အပေါ်မှာ ဘယ်လောက်လောက်ဆိုရင် အရင်းကျေမလဲ။ အဲ့ပလန်ကတော့ အစကတည်းကရှိပြီးသား။ အဲ့ဒါတော့ မဖြစ်မနေရှိမှရမှာ။

အဲ့ဒါမရှိဘဲနဲ့ လောလောဆယ် လက်ထဲမှာသိန်းသုံးရာရှိတယ်၊ ပြောင်းဝယ်ချင်တယ်။ အဲ့ဒါနဲ့ ပြောင်းဝယ်ကြည့်လိုက်၊ အဲ့ဒါနဲ့တော့ အဆင်မပြေဘူး။ ကျွန်တော်တို့က ပြောင်းဝယ်မယ်ဆိုရင် Investment က ဘယ်လောက်လောက်လိုလဲ။ အရောင်းအဝယ်လုပ်မဲ့အချိန်မှာ အမြတ်ဘယ်လောက်လောက်ရှိမလဲ။ အဲ့ပေါ်မှာရတဲ့အမြတ်နဲ့ ဘယ်လောက်လောက်ဆိုရင် ဝန်ထမ်းလစာရော၊ အခန်းငှားခရော၊ အခြား ဆိုင်ကယ်ဆီဖိုး ဘာညာ အကုန်လုံးရှင်းနိုင်အောင်ပေါ့နော်၊ ဘယ်လိုပုံစံနဲ့ အမြတ်ရအောင်လုပ်မလဲပေါ့။ အဲ့ပလန်ကတော့ ဘာလုပ်လုပ်ရှိပြီးသား။ စက်ငှားရင်လည်း၊ ပြောင်းဝယ်ရင်လည်း၊ ဆိုင်ဖွင့်ရင်လည်း၊ Financing လုပ်ရင်လည်း၊ ဘိုကာရှီရောင်းရင်လည်း အဲ့ပလန်က နေရာတိုင်းမှာရှိတယ်။ အဲ့ဒါတော့ လုံးဝအခြေခံပေါ့။ ဒါမဲ့ အရေးကြီးတယ်။

ပြီးလို့ရှိရင်တော့ ကျွန်တော်တို့က ကျွန်တော်တို့လုပ်နေတဲ့ ဝန်ဆောင်မှုပေါ့။ ကျွန်တော်တို့ Business Performance ကို နေ့တိုင်း Check တာ။ နေ့တိုင်း Check တာဆိုတာ ကျွန်တော်တို့ကနေ့တိုင်း KPI ရှိတာပေါ့။ KPI ဆိုတာ ဘာလဲဆိုတော့ ကျွန်တော်တို့ ဝန်ဆောင်မှု၊ ကျွန်တော်တို့ စီးပွားရေးလုပ်တဲ့အချိန်မှာ အရေးကြီးတဲ့ကဏ္ဍက ဘယ်ကဏ္ဍတုန်း။ ဥပမာ Sales လား၊ Gross Profit (စုစုပေါင်းအမြတ်) လား။  တောင်သူဦးရေလားပေါ့။ အဲ့ဒါကို ကျွန်တော်တို့က နေ့တိုင်းကြည့်တယ်။ ဥပမာ ဘိုကာရှီဆိုရင် ဘိုကာရှီရောင်းတဲ့အပေါ်မှာ ဒီနေ့က ဘယ်နှအိတ်ရောင်းရတုန်း Gross Profit က ဘယ်လောက်ကျန်တုန်း။ ကာစတန်မာက ဘယ်နှယောက်တုန်း။ Minimum Customer က ဘယ်နှယောက်လဲ။ အဲ့ပုံစံနဲ့ ပလန်ကလည်း ကောင်းကောင်းရှိတယ်။

နောက်ပြီးတော့ နေ့တိုင်း နေ့တိုင်းလည်း ကျွန်တော်တို့က ဂဏန်းပေါ့။ ဘယ်လိုပုံစံနဲ့ရောင်းတယ်။ ဘယ်လို ပုံစံနဲ့ Profit ဝင်တယ်။ အကုန်လုံး နေ့တိုင်းနေ့တိုင်း အတိအကျပေါ့။ ကျွန်တော်တို့က လိုက်ကြည့်တာပေါ့။ အဲ့ဒါကို မလုပ်လိုက်လို့ရှိရင် ကျွန်တော်တို့လုပ်နေတဲ့ စီးပွားရေးက  တစ်ရက်ပြီးတစ်ရက် အောင်မြင်နေတာလား၊ မအောင်မြင်ဘူးလားဆိုတာ မသိနိုင်ဘူး။

ဥပမာ ခုနပြောသလို လက်ထဲမှာ သိန်းသုံးရာရှိတယ်။ ပြောင်းဝယ်လိုက်မယ်ဆိုရင် သုံးလလောက်အကြာမှာ အောင်မြင်လားမအောင်မြင်ဘူးလားဆိုတာတော့ သိတယ်။ ဒါမဲ့ အဲ့အချိန်မှာဆိုရင်နောက်ကျပြီပေါ့။ ပိုက်ဆံကုန်တာဖြစ်ဖြစ်၊ ဆက်မလုပ်နိုင်တာဖြစ်ဖြစ် ဖြစ်နိုင်ချေရှိတာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့က အစကတည်းက Plan ရှိပြီးသား။ နေ့တိုင်း သေချာလုပ်တာပေါ့။ အဲ့ဒါတော့ အရေးကြီးဆုံးလို့ ထင်ပါတယ်။ 

မေး။ Borderless Myanmar က ဒီ Social Business ပုံစံမျိုးစတဲ့အခါမှာ ကနဦးရင်းနှီးမြှုပ်နှံရတဲ့ ငွေကြေးတွေ ဒါတွေကိုဘယ်လိုပုံစံနဲ့ သုံးစွဲတယ်ဆိုတာလည်း မြန်မာနိုင်ငံနဲ့မတူတာမျိုးရှိရင်လည်း ပြောပြစေချင်ပါတယ်။ 

ဖြေ။ အခုက ကျွန်တော်တို့က မြန်မာမှာ Borderless Myanmar ရှိသလို ဂျပန်မှာလည်း Borderless ဂျပန်ဆိုတဲ့ကုမ္ပဏီရှိတယ်။ Borderless Myanmar နဲ့ Borderless ဂျပန်ကုမ္ပဏီက ညီအစ်ကို မောင်နှမလိုပေါ့။ အဲ့အချိန်မှာကျတော့ ကျွန်တော်တို့ Borderless Myanmar အနေနဲ့ Borderless ဂျပန် ကုမ္ပဏီကနေ ပိုက်ဆံကိုချေးတာ။ ချေးပြီးတော့ Borderless Myanmar မှာရလာတဲ့ပိုက်ဆံနဲ့ ကျွန်တော်က ကုမ္ပဏီအသစ် ဖွင့်လာတယ်ပေါ့။ ဥပမာ Borderless Link ကို ပြီးခဲ့တဲ့ ငါးနှစ်က ဖွင့်ခဲ့တယ်ဆိုရင် ဒီချေးလာတဲ့ပိုက်ဆံနဲ့ ဖွင့်လိုက်တာပေါ့။ Borderless Fertilizer Company ကို ဖွင့်မယ်ဆိုရင်လည်း အဲ့ချေးလာတဲ့ပိုက်ဆံနဲ့ ပြန်ဖွင့်တာပေါ့။

ပြီးတော့ Borderless Farm ကိုလည်း သူတို့ ပိုက်ဆံလိုအပ်လို့ရှိရင်လည်း Borderless Farm ကို Borderless Myanmar က ပိုက်ဆံချေးပေးတာ။ အဲ့ အရင်းအနှီးကနေ ကိုယ့်ဟာကိုယ်စီးပွားရေးထောင်၊ စီးပွားရေးထောင်ပြီးတော့ အဲ့ကရလာတဲ့ အကျိုးအမြတ်နဲ့ ကိုယ့်ဟာကိုယ်ပြန်လည်ပေါ့။

ဒါမဲ့ တစ်ခုရှိတာက ဘာလဲဆိုတော့ Borderless Myanmar နဲ့ပတ်သက်ပြီးတော့ တစ်ခြားစီးပွားရေးနဲ့မတူတဲ့အချက်ပေါ့နော်။ အဲ့ဒါအဓိကဘာလဲဆိုတော့ ဥပမာ Borderless Myanmar ကနေပြီးတော့ Borderless Link ကုမ္ပဏီကို အရင်းအနှီးထုတ်ပေးတယ်။ အရင်းအနှီး ထုတ်ပေးတယ်ဆိုရင် ဒီ Borderless Link ကုမ္ပဏီက ရလာတဲ့ အမြတ်ကို Borderless Myanmar ကို ပြန်သွင်းခိုင်းမှာ။ ဒီထဲကတော့ အခြားစီးပွားရေးကုမ္ပဏီနဲ့တော့အတူတူပဲပေါ့။

ဒါပေမဲ့ ဒီ Borderless Link ကုမ္ပဏီကနေပြီးတော့ Borderless Myanmar ကုမ္ပဏီကို ပြန်သွင်းတဲ့ပိုက်ဆံ၊ အဲ့ဒါကို ကျွန်တော်တို့က ဘယ်သူမှ မကိုင်ဘူး။ ဘယ်သူမှ ထိလို့မရဘူး။ ပြောမယ်ဆိုရင် Borderless Link ဒီနှစ်သိန်းတစ်ထောင့်ငါးရာ Borderless Myanmar ကိုသွင်းလိုက်ပြီ။ အဲ့ Borderless Myanmar ကို ကျွန်တော်ဥက္ကဌဖြစ်နေတာအတွက် အဲ့ ၁၅၀၀ ကို ကျွန်တော် ကိုယ့်ဟာကိုယ်ယူမယ် အဲ့ဒါမရဘူး။ အဲ့ ၁၅၀၀ ကို ဘယ်လိုပြန်သုံးတာလဲဆိုတော့က ဥပမာ ဒီ Social entrepreneur ကိုယ့်ဟာကိုယ် Social Business  လုပ်ချင်တဲ့ ဒီလိုလူငယ်တစ်ယောက် ကျွန်တော်တို့ Borderless Myanmar ကို လာတယ်။ အဲ့ဒါဆိုရင် ကျွန်တော်က သူ့ရဲ့ ပလန်ကို စစ်ပေးလိုက်မယ်။

သူ့ပလန်က ကောင်းလားမကောင်းလားပေါ့။ အဲ့ပလန်က အဆင်ပြေတယ်။ သူ့ရည်ရွယ်ချက်လည်း တကယ်ကောင်းတယ်။ သူလည်း တကယ်လုပ်နိုင်တယ်ဆိုရင် ခုနပြောသလို Borderless Link ကလည်း Borderless Link ရော Borderless Fertilizer ရော Borderless Farm က စုထားတဲ့ပိုက်ဆံ အဲ့ပိုက်ဆံနဲ့ ဒီ entrepreneur အသစ်ကို ပိုက်ဆံထုတ်ပေးတာ။ အဲ့လိုမျိုး။ အဲ့ဒါကြောင့် Borderless Myanmar နဲ့ပတ်သက်တဲ့ ပြောမယ်ဆိုရင် ရှယ်ယာကိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ကျွန်တော်ကိုယ်တိုင်မှ Borderless Myanmar က စုထားတဲ့ ပိုက်ဆံကို တစ်ပြားမှမယူဘူး။ အဲ့လိုပေါ့နော်။ 

(ဆက်လက်ဖော်ပြသွားပါမည်)

Photos Crd - Borderless Link

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်