အပြောင်းလဲကြီး ပြောင်းလဲလာနေတဲ့ မုတ်သုံရာသီ (၄)

30/11/2022 10:23 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကလေးတွေ တိုင်းတာတဲ့ မိုးရေချိန်

ဟိုးတောင်ဘက်စွန်း ကီရာလာပြည်နယ်ထဲမှာ ကျောင်းသားလူငယ်လေးတွေက တမူထူးခြားတဲ့ အလုပ်တစ်ခုကို လုပ်နေကြပါတယ်။ သူတို့ဟာ မုတ်သုံရာသီတွင်း မိုးကြီးပေါက်ဆိန်တွေကြောင့် ဖြစ်လာနိုင်တဲ့ ရေကြီးရေလျှံအန္တရာယ်တွေကို တိုင်းတာစောင့်ကြည့်ပေးနေကြတာပါ။

Malayinchippara ခေါ် တောင်ပေါ်ရွာလေးက 'စိန့်ဂျိုးဇက်' မူလွန်ကျောင်းမှာ မနက်ခင်း ၈ နာရီခွဲ တန်းစီချိန်ရောက်တိုင်း ကျောင်းသားကျောင်းသူ ၁၀၀ လောက်ဟာ ၂၀၂၀ တုန်းက စတင်တပ်ဆင်ခဲ့တဲ့ ထုလုံးရှည်ပုံ မိုးရေချိန်တိုင်းကိရိယာကို သွားဖတ်ကြပါတယ်။  သူတို့က မိုးဘယ်လောက် ရွာသွန်းတယ်ဆိုတဲ့ အချက်အလက်ကို စေတနာ့ဝန်ထမ်း‌တွေ ‌ထောင်ထားတဲ့ WhatsApp ဂရုတစ်ခုထဲကို ပေးပို့ကြပါတယ်။

ဒီအချက်အလက်‌တွေကို တခြားနယ်ကနေ အလားတူ ကောက်ယူရရှိတဲ့ ဒေတာတွေနဲ့ ပေါင်းစပ်ပြီး မီနာချယ်မြစ်ရဲ့ မြစ်ရေအခြေအနေကို ခန့်မှန်းကြပါတယ်။ မြစ်ဟာ စာသင်ကျောင်းနဲ့ ၁၀ မိုင်လောက်ဝေးပြီး မြစ်ရေတက်တဲ့အခါဆိုရင် အောက်ဘက်အရပ်တွေမှာ ဆိုးဆိုးဝါးဝါး ရေကြီးလေ့ရှိပါတယ်။

"ဒါဟာ မွန်မြတ်တဲ့အလုပ်တစ်ခုပါ။ ကျနော်တို့ရဲ့ မိုးရေချိန်တိုင်းကိရိယာတွေက ရေကြီးဒေသက လူတွေကို အချိန်မီ ကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်နိုင်အောင် သတိပေးနိုင်ပါတယ်" လို့ ၇ တန်းကျောင်းသား အန်ယာမိုသောမတ်စ်က ပြောပါတယ်။

ဒီလူထုသိပ္ပံ စီမံကိန်းကို ဒေသခံအဖွဲ့တစ်ခုဖြစ်တဲ့ မီနာချယ်မြစ် ရေဘေးကာကွယ်‌ရေးကောင်စီက စီစဉ်ဆောင်ရွက်တာပါ။ မိုးရေချိန်တိုင်းတာစောင့်ကြည့်ရေးအလုပ်ကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အလွတ်သဘော စတင်ခဲ့တာလို့ အဖွဲ့ရဲ့ အတွင်းရေးမှူး အီဘီ အီမန်နူရယ်က ပြောပါတယ်။ ယခုတော့ မိုးရေချိန်တိုင်းကိရိယာပေါင်း ၂၂၀ အထိ တပ်ဆင်ထားနိုင်ပါပြီ။ အများအားဖြင့် စာသင် ကျောင်းတွေမှာ တပ်ဆင်တာဖြစ်ပြီး တောင်သူလယ်သမားနဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးသမားတွေဆီ ပေးထားတာလည်း ရှိပါတယ်။ စိန့်ဂျိုးဇက်ကျောင်းမှာ ဒီပရောဂျက်ကို ကျောင်းသားတွေ အလွန်စိတ်ဝင်စားကြပြီး ကျောင်းသားလေးယောက်ရဲ့ အိမ်မှာတောင် မိုးရေချိန် တိုင်းကိရိယာတွေ တပ်ဆင်ထားပါသေးတယ်။

ဒီပရောဂျက်မှာ ပါဝင်နေတဲ့ ပီယွန်မြို့ အပူပိုင်းမိုးလေဝသဌာနက ဒေါက်တာကိုးလ်ကတော့ မိုးရေချိန်တိုင်းကိရိယာ အများကြီးတပ်ဆင်ထားတာကြောင့် နယ်မြေကျဉ်းကျဉ်းလေးထဲကနေ ဒေတာအများအပြား ကောက်ယူရရှိတယ်လို့ ပြောပါတယ်။

"ဒါက အင်မတန်မှ အရေးကြီးပါတယ်။ မိုးကြီးပေါက်ဆိန် ရွာသွန်းတာဟာ နေရာကွက်ကွက်လေးမှာ ဖြစ်တတ်တာကြောင့်ပါ" လို့ သူ ပြောပြပါတယ်။ "မီနာချယ်မြစ်အနီး မိုးရေချိန်ကိရိယာတွေက ဒေတာအားလုံးကို ကြည့်ပြီးရင် နောက် သုံးလေးနာရီအတွင်း ရေကြီးမယ် မကြီးဘူးဆိုတာ ပြောနိုင်ပါတယ်" လို့ သူ ပြောတယ်။

ဒီပ‌ရောဂျက်ဟာ အောင်မြင်မှု အတော်အတန် ရရှိထားပြီး ဖြစ်တယ်လို့ မစ္စတာအီမန်နူရယ် က ပြောပါတယ်။ ၂၀၁၉ တုန်းက မုတ်သုံမိုးသက်မုန်တိုင်းတစ်လုံး ကျရောက်နေချိန်မှာ ကောက်ယူရရှိတဲ့ ဒေတာတွေအရ မကြာခင် မြစ်ရေ ရုတ်တရက် ကြီးနိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်ခဲ့ပါတယ်။ ရေဘေးကာကွယ်ရေးကောင်စီ အဖွဲ့ဝင်တွေက မြစ်အောက်ပိုင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု ၂၀၀ လောက် ရေဘေးသင့်တော့မယ်ဆိုတာ ကြိုတင်သိရှိခဲ့ပါတယ်။

သူတို့က အိမ်ထောင်စု ၂၀၀ လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ လိုနေကြောင်း ကယ်ဆယ်ရေးအဖွဲ့တစ်ခုကို ပြောပြစည်းရုံးနိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ကူညီခဲ့လို့ ဒေသခံတွေ ရေဘေးကို အချိန်မီ ရှောင်ရှားနိုင်ခဲ့ပါတယ်။

"ကျွန်တော်တို့ မိသားစု ၂၀၀ ရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲတာဟာ ကျွန်တော်တို့အတွက် မေ့မရစရာ အခိုက်အတန့်ပါပဲ" လို့ မစ္စတာအီမန်နူရယ်က ပြောပါတယ်။

"အိုဘယ့် တိမ်တမန်"

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က ဒေလီမြို့နဲ့ အိန္ဒိယမိုးလေဝသဌာနကို စွန့်ခွာခဲ့ပြီး ပီယွန်မြို့မှာ အခြေချနေသူ အသက် ၇၉ အရွယ် ဒေါက်တာကယ်လ်ကာကတော့ လက်ရှိ တက္ကသိုလ်တစ်ခုမှာ ပညာမျှဝေပေးနေပါတယ်။ သူဟာ ၂၀၀၈ မှာ အငြိမ်းစားယူခဲ့ပြီး စာရေးတဲ့အခါရေး၊ တက္ကသိုလ်မှာ မုတ်သုံရာသီအကြောင်း ပို့ချတဲ့အခါ ပို့ချနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေပါတယ်။

ဆယ်ထပ်မြင့် အဆောက်အအုံပေါ်က သူ့တိုက်ခန်း ဧည့်ခန်းထဲမှာ မုတ်သုံရာသီနဲ့ ပတ်သက်တဲ့ စာအုပ်စင်‌တွေ ထားရှိထားပါတယ်။ မုတ်သုံအကြောင်းဆိုလို့ သုတေသနကျမ်းတွေ၊ သမိုင်းစာအုပ်တွေတင် မဟုတ်ပါဘူး။ အဲဒီထဲမှာ ၁၅ ရာစု ကဗျာဆရာ 'ကာလီဒါသ' ရေးသားတဲ့ မိုးဖွဲ့ ကဗျာတစ်အုပ်လည်း ပါပါတယ်။ ကဗျာက ဒဏ္ဍာရီလာ နတ်တစ်ပါးဟာ မိုးသားတိမ်တိုက်ကတစ်ဆင့် ချစ်သူဆီ အမှာပါးခိုင်းတဲ့အကြောင်းပါ။

သိပ္ပံပညာရပ်ထဲမှာ နှစ်ကာလများစွာ နှစ်မြှုပ်လေ့လာခဲ့သူ ဒေါက်တာကယ်လ်ကာက ယခုတော့ မုတ်သုံရာသီကို နှလုံးသားနဲ့ ခံစားချဉ်းကပ်တတ်လာတယ်။

သူ့အတွက်တော့ မိုးဦးကျပြီဆိုရင် မိုးလေဝသဌာနတွေ ဘယ်လိုဘယ်ဝါထုတ်ပြန်တယ်ဆိုတာက အရေးမပါတော့။ မိုးရိပ်မိုးနံ့နဲ့ မိုးတွင်းခံစားချက်တို့ကသာ အရေးပါပါတယ်။ လေတိုက်ခတ်မှု ရုတ်ခြည်း ပြောင်းလဲလာပုံ။ အိုးစည်ဗုံးမောင်း တီးသံသဖွယ် မိုးထစ်ချုန်းသံနဲ့ မိုးဦးကျ မြေသင်းရနံ့တွေ။ ပုတ်သင်ညို အရောင်ပြောင်းသလို အညိုကနေ အစိမ်း ပြောင်းလဲလာတဲ့ လယ်ယာမြေကွင်းတွေ။ ဒါတွေက သူ့အတွက် အရေးပိုပါလာပါတယ်။

"မုတ်သုံဝင်လာတာနဲ့ အရာရာဟာ ပြောင်းလဲလာတယ်။ မိုးဦးကျတဲ့နေ့ဟာ သာမညောင်ည နေ့တစ်နေ့လို မဟုတ်ဘူး" လို့ သူ ပြောတယ်။

သူ့ မီးဖိုချောင်အထွက် လသာဆောင်ဘက်ကနေဆိုရင် အနောက်အရပ်နဲ့ တောင်အရပ် ရှုခင်းကောင်းကောင်းကို မြင်ရတယ်။ ဒါဟာ ဒေါက်တာကယ်လ်ကာရဲ့ ကိုယ်ပိုင်မုတ်သုံနန်းတော်ပါပဲ။

"ကျွန်တော် ဒီနားလေးကို နာရီခြားတစ်ခါ ထွက်လာပြီး မိုးရေစိုခံ‌လေ့ရှိတယ်။ အဲဒီလိုမှ နေသာထိုင်သာ ရှိသွားတာ" လို့ တစ်ခုသော ဩဂုတ်လညနေခင်းမှာ သူ ပြောပါတယ်။ အဲဒီအချိန် မိုးသားတိမ်တိုက်တွေ တလိပ်လိပ်နဲ့ သူ့ခေါင်းပေါ်ကို ဖြတ်ကျော်သွားပြီး ပီယွန်မြို့ပေါ် သွန်းဖြိုးလို့ရွာချလိုက်တော့တယ်။

ပြီး။

ဝေယံဟိန်း (B.Ag)

Ref: The Monsoon Is Becoming More Extreme - The New York Times

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်