မှိုဆိပ်သင့်ခြင်းနှင့် ရောဂါပြဿနာ

09/02/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မှိုဆိပ်(Mycotoxin) ဆိုသည်မှာ မှို (Fungal moulds) မျိုးစိတ်တစ်ခုခုမှ သဘာဝအတိုင်းထွက်ရှိပြီး လူနှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးကိုထိခိုက်စေသော ဓာတုဓာတ်ပေါင်း (အဆိပ်အတောက် - toxin) များ အားလုံးကို ဆိုလိုခြင်း ဖြစ်ပါသည်။ 

လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိပြီးသော မှိုဆိပ်အမျိုးအစားပေါင်း ၄၀၀ ဝန်းကျင် ရှိသည်။ ၎င်းမှိုဆိပ် များသည် စိုက်ပျိုးရေးထွက်ကုန်များတွင် တွေ့ရှိရသည်ဖြစ်ရာ ၎င်းတို့အား စားသုံးသည့် လူနှင့် တိရစ္ဆာန်များကို ဘေးအန္တရာယ် ဖြစ်ပေါ်စေပါသည်။ အတွေ့ရများသည့် မှိုဆိပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Aflatoxins (အဖလာတောက်ဆင်)
  • Trichothecenes (ထရိုင်ခိုသီဆင်း)
  • Fumonisins (ဖြူမိုနစ်ဆင်)
  • Deoxynivelenol (ဒီအောက်ဆီနီဗယ်လီနောလ်)
  • Zearalenone (ဇီရာလီနွန်)
  • Ochratoxin (အိုခရာတောက်ဆင်)
  • Ergot alkaloids (အားဂေါ့အယ်လ်ကာလွိုက်)

မှိုဆိပ်အမျိုးအစားပေါင်းများစွာ ကွဲပြားနေရာ ၎င်းတို့၏ ဓာတုဗေဒဖွဲ့စည်းပုံမှာလည်း များစွာ ကွဲပြားခြားနားကြပါသည်။ ထို့ကြောင့် မှိုဆိပ်များက လူနှင့်တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အပေါ် ဒုက္ခပေးပုံ (တနည်းအားဖြင့် မှိုဆိပ်သင့်ပုံ) မှာလည်း အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါသည်။ ထို့ကြောင့် မှိုဆိပ်သင့်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများမှာလည်း အလွန်ကွဲပြားနိုင်ပါသည်။ 

မှိုဆိပ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဓိက ကျန်းမာရေးပြဿနာများကို အောက်ပါအတိုင်း အုပ်စု ခွဲခြားနိုင်သည် - 

  • ကင်ဆာဖြစ်နိုင်ခြင်း (Carcinogenicity) 
  • မျိုးဗီဇချို့ယွင်းချက်များ ဖြစ်ပေါ်စေခြင်း (Genotoxicity) 
  • ကျောက်ကပ်ကို ထိခိုက်စေခြင်း (Nephrotoxicity)
  • အသည်းကို ထိခိုက်စေခြင်း (Hepatotoxicity)
  • မ ဟိုမုန်း (အီစထရိုဂျင်) လွန်ကဲခြင်း (Estrogenicity) 
  • မျိုးပွားလမ်းကြောင်းပြဿနာများ ဖြစ်ပေါ်ခြင်း (Reproductive disorders)
  • အစာချေလမ်းကြောင်းပြဿနာများ ဖြစ်ပေါ်ခြင်း (Digestive disorders)
  • ခုခံအားစနစ်ကို အလုပ်မလုပ်နိုင်အောင် နှိပ်ကွပ်ခြင်း (Immunosuppression)
  • အရေပြားဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း (Dermal effects)

#ပြင်းထန်လက္ခဏာနှင့် နာတာရှည်လက္ခဏာ

မှိုဆိပ်များကြောင့် ရင်ဆိုင်ရသည့် ပြဿနာများကို ရောဂါလက္ခဏာပြင်းထန်မှု၊ ရောဂါလက္ခဏာ ပြသသည့်ကြာချိန်တို့ပေါ်မူတည်၍ အုပ်စုနှစ်စု ခွဲခြားကာ လေ့လာနိုင်ပါသည်။

(၁) ပြင်းထန်လက္ခဏာများ (Clinical effects/Acute effects)

  • အစားအစာအတွင်း မှိုဆိပ်ပမာဏ မြင့်မားစွာပါဝင်ခြင်းကြောင့် လူ သို့မဟုတ် တိရစ္ဆာန်တွင် သိသာထင်ရှားပြီး ဆိုးရွားပြင်းထန်သည့် နာမကျန်းမှုများကို အချိန်တိုအတွင်း ရင်ဆိုင်ရနိုင်ပါသည်။ 
  • ပြင်းထန်လက္ခဏာများကို မှိုဆိပ်နှင့်ထိတွေ့ပြီး စက္ကန့်ပိုင်းအတွင်း၊ သို့မဟုတ် မိနစ်ပိုင်းအတွင်း၊ သို့မဟုတ် နာရီပိုင်းအတွင်း တွေ့ကြုံခံစားရနိုင်ပါသည်။ 
  • ဥပမာအားဖြင့် ကြက်ဆင်များတွင် ဖြစ်ပွားခဲ့သည့် Turkey “X” disease သည် အဖလာတောက်ဆင်ကြောင့် ရင်ဆိုင်ရသည့် Clinical effect ဖြစ်ပါသည်။ 

(၂) နာတာရှည်လက္ခဏာများ (Sub-clinical effects/Chronic effects)

  • မှိုဆိပ်ပမာဏ အနည်းငယ်သာပါဝင်သည့် အစားအစာများကို ရေရှည်စားသုံးလာခြင်းကြောင့် လူ သို့မဟုတ် တိရစ္ဆာန်တွင် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်ပေါ်လာခြင်းကို ရင်ဆိုင်ရနိုင်ပါသည်။ 
  • ဥပမာ တိရစ္ဆာန်များတွင် မှိုဆိပ်ပမာဏအလွန်နည်းပါးစွာပါဝင်သည့် အစာကို ကျွေးမွေးမိခြင်းဖြင့် ယင်းတိရစ္ဆာန်များတွင် ထုတ်လုပ်မှုကျဆင်းလာခြင်းသည် Sub-clinical effects ဖြစ်ပါသည်။
  • နာတာရှည်လက္ခဏာအဖြစ် တွေ့မြင်ရသည့် ပြဿနာများအနက် အဖလာတောက်ဆင် မှိုဆိပ်ကို ရေရှည်ထိတွေ့မိခြင်းကြောင့် ကင်ဆာရောဂါ (အထူးသဖြင့် အသည်းကင်ဆာ) ဖြစ်ပွားခြင်းမှာ အများဆုံးဖြစ်သည်။

#Reversible နှင့် Irreversible 

မှိုဆိပ်ကြောင့် လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားသည့် ကျန်းမာရေးဆိုးကျိုးများတွင် အချို့မှာ ပြန်လည် ကောင်းမွန်အောင် ကုသ၍ ရနိုင်သည်။ ၄င်းတို့ကို Reversible effects ဟု ခေါ်သည်။ ဥပမာ မှိုဆိပ်ကြောင့် အရေပြားတွင် ယားနာဖြစ်ပေါ်ရုံမျှ ထိခိုက်မှုသည် Reversible effects ဖြစ်ပါသည်။  

အချို့သော ကျန်းမာရေးသက်ရောက်မှုများမှာမူ ပြန်လည်ကုသ၍ပျောက်ကင်းနိုင်ခြင်း မရှိပါ။ ၄င်းတို့ကို Irreversible effects ဟု ခေါ်ပါသည်။ ဥပမာ အားဂေါ့အယ်လ်ကာလွိုက် မှိုဆိပ်သည် သွေးကြောလေးများကို ကျဉ်းစေသည့် အဆိပ်တစ်မျိုးဖြစ်ပါသည်။ ထိုမှိုဆိပ်သင့်ပါက ခြေထောက်၊ လက် စသည်တို့၏ အစွန်အဖျားရှိ သွေးကြောကလေးများ ကျဉ်းသွားကာ ထိုအစွန်အဖျားနေရာများသို့ သွေး ကောင်းစွာ မရောက်ရှိတော့ဘဲ ခြေဖျား၊ လက်ဖျား ကလေးများ၊ နားရွက်ဖျား၊ အမြီးဖျားလေးများ ပုတ်လိုက်လာကာ ဖြတ်တောက်ပစ်လိုက်ရခြင်းမျိုးသည် Irreversible effects များ ဖြစ်ပါသည်။ 

#မှိုဆိပ်သင့်မှုလက္ခဏာများအပေါ် လွှမ်းမိုးသည့်အချက်များ

မှိုဆိပ်သင့်မှုလက္ခဏာများ ပြင်းထန်မည် သို့မဟုတ် နာတာရှည်ဖြစ်မည်၊ ပြန်လည်သက်သာပျောက်ကင်းမည် သို့မဟုတ် သက်သာပျောက်ကင်းနိုင်ခြင်း ရှိနိုင် မရှိနိုင်၊ စသည်တို့အပေါ် အောက်ပါအချက်အလက်များက လွှမ်းမိုးထားသည်ကို တွေ့ရှိရသည် -

*စားသုံးမိသည့် မှိုဆိပ်

  • အမျိုးအစား 
  • စားသုံးမိသည့် ပမာဏ 
  • မှိုဆိပ်နှင့် ထိတွေ့မိသည့် အချိန်ကာလ 

*မှိုဆိပ်ကို စားသုံးမိသူ

  • မျိုးစိတ် (လူ၊ ကြက်၊ ဝက်၊ နွား စသည်) 
  • လိင်
  • မျိုး
  • အသက်အရွယ်
  • ကျန်းမာရေးအခြေအနေ
  • ခုခံအားစနစ် အခြေအနေ

*မွေးမြူရေးတိရစ္ဆာန်ဖြစ်ပါက မွေးမြူရေးခြံ၏ စီမံခန့်ခွဲမှု

  • သန့်ရှင်းရေးဆောင်ရွက်ပုံ
  • အပူချိန်
  • ထုတ်လုပ်မှုပုံစံ

*မှိုဆိပ်တစ်ခုထက် ပို၍ပါဝင်နေပါက အဆိပ်အတောက် ဖြစ်ပေါ်မှုအတွက် ယင်းမှိုဆိပ် တစ်ခုနှင့် တစ်ခုအကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု 

မှိုဆိပ်များသည် လူနှင့်တိရစ္ဆာန်များ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ရာ ကောက်ပဲသီးနှံများ၊ အ စားအစာများတွင် မှိုပေါက်ပွားမှု မရှိစေရေးနှင့် မှိုဆိပ်တားဆီးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်