စားအုန်းဆီ - ရုရှားကျူးကျော်စစ်ဂယက်ကြောင့် ဈေး တဟုန်ထိုး ခုန်တက်လာတဲ့ ကုန်စည်
ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲလာတဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့စားအုန်းဆီဈေးတွေဟာလည်း တဟုန်ထိုး မြင့်တက်လာပါတယ်။ စားသုံးဆီဝယ်လက်တွေဟာ ပင်လယ်နက်ဒေသဆိပ်ကမ်းတွေမှာ ပိတ်မိနေတဲ့ နေကြာဆီအစား အခြားအစားထိုးစရာကို အပူတပြင်း ရှာဖွေလာကြလို့ ဖြစ်ပါတယ်။
ကမ္ဘာ့စားအုန်းဆီတင်ပို့မှုအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ စားအုန်းဆီကြိုပွိုင့်ဈေးတွေဟာ ရုရှားကျူးကျော်စစ် မစခင် ရှေ့တစ်ရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့နောက်ပိုင်း ၁၈ ရာခိုင်နှုန်းကျော် ထောင်တက်လာတယ်လို့ Refinitiv အဖွဲ့က ပြုစုတဲ့ စာရင်းတွေအရ သိရပါတယ်။
ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲကြောင့် ဆိပ်ကမ်းတွေ ပိတ်၊ သင်္ဘောလိုင်းတွေ ကြန့်ကြာလာကာ နေကြာဆီ တင်ပို့ ရောင်းချမှု အကန့်အသတ်ဖြစ်ပေါ်မလားဆိုပြီး စိုးရိမ်မကင်းဖြစ်မှုတွေ မြင့်တက်လာနေပါတယ်။ ကျူးကျော်စစ် စတဲ့ ပထမရက်အနည်းငယ်အတွင်း ယူကရိန်းနေကြာဆီ ကြိုပွိုင့်ဈေးဟာ ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ S&P Global Platts အဖွဲ့က ပြုစုတဲ့စာရင်းတွေအရ သိရပါတယ်။
စားအုန်းဆီဟာ ကမ္ဘာ့စားသောက်ကုန်နဲ့ အလှကုန်များစွာမှာ ပါဝင်လေ့ရှိတဲ့ ကုန်ကြမ်းတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ တင်သွင်းမှုအများဆုံး အိန္ဒိယနိုင်ငံမှာတော့ စားအုန်းဆီကို ချက်ပြုတ်ရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။
LMC International စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း ဥက္ကဋ္ဌ ဂျိမ်းစ်ဖရိုင်းကတော့ တရုတ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံက စားသုံးသူတွေဟာလည်း အကျိုးသက်ရောက်မှုကို ခံစားကြရလိမ့်မယ်လို့ CNN Business သတင်းဌာနနဲ့တွေ့ဆုံစဉ် ပြောဆိုပါတယ်။
"အဲဒီဒေသက လူတွေအားလုံးဟာ ဆီကို ဝယ်လို့ရဦးတော့၊ ပုံမှန်ထက် ဈေးအများကြီး ပိုပေးကြရတော့မယ်" လို့ သူက ပြောပါတယ်။
"သူတို့တွေ ဆီသုံးစွဲမှုကို မဖြစ်မနေ လျှော့ချလာကြရတော့မယ်။ ဝယ်စားဖို့ တတ်နိုင်ကြတော့မှာ မဟုတ်ဘူး။ အထူးသဖြင့် ဂျုံလိုမျိုး အခြားကုန်ဈေးနှုန်းတွေပါ ပိုပိုပြီး ကြီးမြင့်လာခဲ့ရင်ပေါ့" လို့ ဖရိုင်းက ပြောပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဟာ ဟင်းသီးဟင်းရွက်ဆီဈေးကွက် ရောင်းအားပြတ်လပ်နေတဲ့အချိန်မျိုး နဲ့မှ တိုက်ဆိုင်နေတယ်လို့ ဖရိုင်းက ဆက်ပြောပါတယ်။ ကမ္ဘာ့စားအုန်းဆီကုန်သွယ်မှုရဲ့ ၅၅ ရာခိုင်နှုန်းအထိ တင်ပို့ နေတဲ့ အင်ဒိုနီးရှားဟာ ပြည်တွင်းဆီဈေးကို ထိန်းချုပ်ဖို့ ပြည်ပပို့ကုန် လျှော့ချသွားမယ့်အကြောင်း ဇန်နဝါရီလ ကတည်းက ထုတ်ပြန်ထားတာပါ။
မလေးရှားဟာ စားအုန်းဆီထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်ပေမယ့် ကပ်ရောဂါကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ လုပ်သားပြတ်လပ်မှုပြဿနာကြောင့် ထုတ်လုပ်မှုပိုင်း အကန့်အသတ်ရှိနေပါတယ်။ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးဟာ ယခုနှစ်ဆန်းပိုင်းကနေစပြီး ၇၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ S&P Global အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စားအုန်းဆီဝယ်လက်တွေအနေနဲ့ စစ်ပွဲကြောင့် ကုန်သွယ်ရေး အလျင်ပြတ်သွားရင် ကုန်လိုအပ်ချက်ကို အစားထိုး ဖာထေးဖို့အတွက် ယူကရိန်းနေကြာဆီအပေါ် အားကိုးလို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ ယူကရိန်းဟာ ကမ္ဘာ့နေကြာ ဆီ သုံးပုံတစ်ပုံကို ထုတ်လုပ်နေပြီး ကမ္ဘာ့ပို့ကုန်စုစုပေါင်းအနက် ထက်ဝက်ကို တင်ပို့ရောင်းချပေးနေတာပါ။
ဝယ်လက်တွေဟာ ပဲပုပ်ဆီဘက် မြားဦးလှည့်လာနိုင်ပေမဲ့ ပဲပုပ်ဆီထုတ်လုပ်မှုက လိုအပ်ချက် ပြည့်မီလောက်တဲ့ အထိ ဗြုန်းစားကြီး မြင့်တက်လာဖို့ မရှိပါဘူးလို့ ဖရိုင်းက ပြောပါတယ်။
"ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်မှာ ကုန်ပြတ်လပ်မှု ဖြစ်နေခဲ့ပြီး ပယ်လယ်နက်ဒေသအတွင်း ဘာမှမဖြစ် သေးခင်ကတည်းက မရေမရာအခြေအနေမှာ ရှိနေခဲ့ပါတယ်" လို့ S&P Global အဖွဲ့ရဲ့ လယ်ယာစီးပွားပညာရှင် ပေါလ်ဟူးစ်က CNN Business ကို ပြောပါတယ်။
ယူကရိန်းမှာ စစ်ပွဲဖြစ်နေတာရယ်၊ ရုရှားအပေါ် ချမှတ်လိုက်တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေရယ် စုပေါင်း သက်ရောက်မှုအရ ကမ္ဘာ့ဈေးကွက်ဟာ အဲဒီဒေသရဲ့ ရောင်းကုန်ကို ရှည်မြောတဲ့ကာလတစ်ခုထိ လက်လွတ်ဆုံးရှုံး ရတော့မယ်လို့ မှတ်ယူနိုင်ကြောင်း ဟူးစ်က ပြောပါတယ်။
ပဋိပက္ခ ပြေလျော့လာခဲ့မယ်ဆိုရင်တောင် နေကြာဆီဝယ်လက်တွေဟာ အဲဒီဒေသက ကုန်ကို ဝယ်ယူမယ်ဆိုရင် အာမခံပရီမီယံကြေးတွေ မြောက်မြားစွာ ပေးချေလာရနိုင်တယ်လို့ ဖရိုင်းက ပြောပါတယ်။
"ရုရှားက အခြေခံအဆောက်အအုံတွေကို ဖျက်စီးပစ်နေတယ်။ ဒီတော့ ဝယ်လက်တွေက ကိုယ်မှာလိုက်တဲ့ပစ္စည်း ရောက်လာမှာလား မသေချာဘဲ ဝယ်ယူမှုကြီးကြီးမားမားတွေ အရဲစွန့်ပြုလုပ်ဖို့ လက်တွန့်နေကြပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကုန်စည်ရောင်းချမှုကွင်းဆက် ပြတ်တောက်တဲ့ပြဿနာတွေကြောင့် ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းတွေဟာ ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ပါတယ်။ ရုရှားက ယူကရိန်းအပေါ် သဲကြီးမဲကြီး တိုက်ခိုက်နေတာအပြင် အဲဒီကနေ ဂျုံနဲ့ လောင်စာဆီ တို့လို ကုန်စည်တွေ ရောင်းချမှုအပေါ် သက်ရောက်လာနိုင်ခြေကြောင့် စားသောက်ကုန်ဈေးတွေ ထပ်ပြီးတော့ မြင့်တက်လာနိုင်ပြီး စားနပ်ရိက္ခာမဖူလုံမှုပြဿနာကို ပိုမိုဆိုးရွားလာစေဖွယ်ရှိပါတယ်။
ဂျုံကြိုပွိုင့်ဈေးတွေဟာ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းတင် ၄ ရာခိုင်နှုန်း မြင့်တက်ပြီး ၁၄ နှစ်အတွင်း အမြင့်ဆုံးနှုန်း အထိ ရောက်ရှိသွားခဲ့ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: The latest food price shock: Palm oil prices are soaring - CNN
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဆက်စပ်မေးခွန်းများ
ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း
ဒေါ်စိုးမိုးသန်း • ဖြေကြားချက် 3 ခု
မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ...အပင်ဂွတွေမှာကြတာဗျမှိုက..နောက်နှစ်အတွက်ကြိုတင်ပြင်ဆင်ဖို့ရန်အတွက်ဆောင်ရန်ရှောင်ရန်လေးတွေအကြံပြုကြပါအုံးဗျ.....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
အပင်မတက်လိုဝါလဲဝါနေတယ်ဘာလုပ်ရမလဲ ာ
pupu • ဖြေကြားချက် 3 ခု
ပြောင်း ၁၅ရက်သားရှိပြီ ခုထိအပင်က သိပ်မထသေးဘူး အဲ့တာဘာဖစ်လို့လဲဗျာ
Si Thu • ဖြေကြားချက် 1 ခု
တောင်ငူထန်တပင်ဘက်မိုးရှိသေးလာဗျပဲကျဲချင်တာမိုးကြောက်လိုပါမိုးရှိမရှိသိတဲ့ဆရာများဖြေကြားပေးပါအုံ
ko phyo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023