"ငါးနီတူငါး"

27/07/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ငါးနီတူငါးမှာ ရေပေါ်ရေလွှာနေ (Pelagic Fish) များဖြစ်ကြသည်။ ရေငန်ပိုင်းတွင် ငါးနီတူငါးလေးများကို တွေ့ရှိရပါသည်။ အင်္ဂလိပ်လို Commerson’s anchovyဟု ခေါ်ဆိုကြပါသည်။ ငါးနီတူမျိုးစိတ်ကို ရခိုင်ပြည်နယ်ဘက်တွင် အများဆုံးရမိကြပြီး ပြည်တွင်း၌သာမက ပြည်ပသို့လည်း တင်ပို့ရောင်းချကြပါသည်။

     ငါးနီတူငါးများကို ဆောင်းရာသီတွင် ပိုမိုဖမ်းဆီးရမိတတ်ကြပါသည်။ ထို့ကြောင့်လည်း တချို့ဒေသများတွင် မိုးတွင်းကာလစားသုံးဖို့ ငါးနီတူခြောက်လေးများကို ထိုဒေသခံများမှ ဆောင်းရာသီ၊ နွေရာသီတည်းက စုဆောင်းထားလေ့ရှိကြသည်။ မိုးကျခါနီးလေ ငါးနီတူများ ဈေးပိုကောင်းလေဖြစ်သည်။

     ငါးနီတူလေးများမှာ ရေပေါ်ငါးဖြစ်သောကြောင့် အပင်မျှောလှေး၊ အကောင်မျှောလှေး (planktons) များကို သူတို့ အစာအဖြစ် စားသုံးကြပြီး အသက်ရှင်နေထိုင်လေ့ရှိကြသည်။ ငါးနီတူငါးကို မြန်မာနိုင်ငံတွင် အများအားဖြင့် ငါးခြောက်ပြုလုပ်ကြပါသည်။ အနောက်နိုင်ငံတချို့တွင်မူ ငါးနီတူငါးကို ဆားနယ်ပြီး ငါးပိကောင်လုပ်စားကြပြီး ငါးနီတူငါးပိကောင်ကိုလည်း ဆီမြုပ်အောင်လုပ်ပြီး စည်သွပ်ဘူး၊ ပလတ်စတစ်ဘူး၊ ဖန်ပုလင်းတို့ဖြင့်ထည့်ပြီး ရောင်းသော အီတာလျှံငါးနီတူမှာ ဈေးအလွန်ကြီးကြောင်း သိရပါသည်။

    မြန်မာနိုင်ငံတွင်လည်း ငါးနီတူငါးကို ရခိုင်ဒေသဘက်တွင် အများဆုံးရမိတတ်ကြပြီး 'ရခိုင်ငါးနီတူသုပ်' မှာ နာမည်ကြီးလှပါသည်။

ငါးနီတူခြောက်ရခိုင်သုပ်ပြုလုပ်နည်းမှာ-

၁။ ငါးနီတူခြောက်လေးတွေကို ရေမဆေးဘဲ မီးမျှင်းမျှင်းနှင့်လှော်ရပါသည်။

၂။ ပြီးလျှင် မျှင်ငါးပိ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း တို့ကို ရောထောင်းရပါသည်။

၃။ ထောင်းထားတဲ့အနှစ်တွေကို လှော်ထားတဲ့ ငါးနီတူခြောက်ထဲသို့ ထည့်ရပါသည်။

၄။ ပြီးလျှင် မန်ကျည်းရည်ပျစ်ပျစ်လေးဖျော်ပြီး မန်းကျည်းရည်ဆမ်းကာ ရောသမမွှေပြီး နံနံပင်လေးဖြူးထည့်ခြင်းဖြင့် ရခိုင်ငါးနီတူခြောက်သုပ်ကို ရရှိပေသည်။

     ငါးနီတူသုပ်နှင့် ဘူးသီးဟင်းခါးမှာ လိုက်ဖက်ညီသောစားဖွယ်တစ်ခုဖြစ်ပြီး မိုးတွင်ံးကာလ၊ မိုးများသောဒေသများမှာ ငါးခြောက်ငါးခြမ်း သိုလှောင်ထားသူများအတွက် အဆင်ပြေလှပါသည်။

     ဒေသခံများမှာ ငါးနီတူငါးလေးတွေကို ဘာလချောင်ကြော်၊ ငါးနီတူအစပ်ကြော်၊ အချိုကြော်၊ ငါးနီတူခရမ်းချဥ်သီးချက်၊ ငါးနီတူမရမ်းသီး/ သရက်သီးချက်၊ ငါးနီတူမန်ကျည်းအနှစ်အစပ်ကြော်အပြင် ငါးနီတူကို ငါးမုန့်ပြုလုပ်၍လည်း စားသုံးကြပါသည်။

ငါးနီတူငါးကို-

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Clupeiformes

Family (မျိုးရင်း) - Engraulidae

Genus (မျိုးစု) - Stolephorus

Species (မျိုးစိတ်) -Stolephorus Commersonnii

ဟူ၍ဖြစ်ကြပါသည်။

     ငါးနီတူငါးမှာ ငါးအငယ်စားလေးများဖြစ်ကြသော်လည်း အရသာထူးခြားကောင်းမွန်ပြီး လူကြိုက်များကြသောကြောင့် ဈေးကွက်တွင် ဈေးကောင်းရသော ငါးတစ်မျိုးဖြစ်ကြပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်