ပီရူးပစ္စန္တရစ်အရပ်က 'မိုးခေါင်မိုးတား' အင်တာနာတိုင်ကြီးများ

13/10/2022 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တကယ်တော့ ဒီအင်တာနာတိုင်တွေကို ဌာနေသားတွေ ဘေးကင်းစေဖို့ စိုက်ထူးထားတာပါ။ ဒါပေမဲ့ မိုးခေါင်စေတဲ့ တိုင်ကြီးတွေဆိုပြီး ချိုးဖျက်ပစ်ကြလေရဲ့။ 

၂၀၁၆ ခုနှစ်တုန်းဆီက ပီရူးနိုင်ငံရဲ့ ပစ္စန္တရစ်အရပ် Hualcán ကျေးရွာမှာ ရပ်ရှစ်ခွင်ပတ်လည် မိုးခေါင်ရေရှား ကြုံတွေ့နေရတယ်။ ဌာနေသားအများစုက ဒီမိုး ဘာကြောင့်ခေါင်တယ်ဆိုတာကို စိတ်ထဲကနေ သိနေကြသတဲ့။ ရေကန်တော်အမှတ် ၅၁၃ မှာ စိုက်ထူထားတဲ့ အင်တာနာတိုင်ကြီးတွေကြောင့်ပါတဲ့။ 

အဲဒီစိမ်းပြာရောင် ရေကန်ကြီးက သူတို့အထက် မြေမျက်နှာပြင် ၁၄၀၀ မီတာအမြင့်မှာ တည်နေတဲ့ ကန်ကြီးပေါ့။ ပြီးခဲ့တဲ့နှစ်တွေတုန်းက သိပ္ပံပညာရှင်တွေဟာ ကန်ကြီးရှိရာ အထက်အရပ်ကို ခဲတောင့်ခဲယဉ်းတက်ပြီး အင်တာနာတိုင်ကြီးတွေဆီ သွားသွားကြည့်ကြတာ ရွာသားတွေ တွေ့ခဲ့ကြပြီးပြီ။ ရွာသားတချို့က မိုးတားဖို့အတွက် ဒီတိုင်ကြီးတွေကို လာစိုက်ထားတာလို့ ဆိုတယ်။ ဒါမှ အနားက ကြေးနီသတ္တုမိုင်း လုပ်ကိုင်ကောင်းမယ်လို့ သူတို့ ပြောကြတယ်။

အဲဒီနှစ် နိုဝင်ဘာလထဲရောက်တော့ Quechua ရွာသူရွာသားနဲ့ လယ်သမား သုံးလေးငါးဆယ်လောက်က အဲဒီတိုင်ကြီးတွေကို သွားရောက် ဖြိုဖျက်နုတ်ဖယ်ပစ်လိုက်ကြတယ်။ အဲဒီတိုင်ကြီးတွေ နုတ်ပစ်ပြီး နာရီပိုင်းအတွင်း မိုးစရွာလာတော့တာပဲလို့ ဌာနေသားတစ်ယောက်ဖြစ်တဲ့ Juan Reyes က ပြောတယ်။ "ဒီအင်တာနာတိုင်ကြီးတွေက မိုးမရွာအောင် တားထားတဲ့ပုံပဲ" လို့ သူက ဆိုသေးတယ်။

တကယ်တော့ အဲဒီလို မဟုတ်ရပါဘူး။ ရေကန်အမှတ် ၅၁၃ ဆိုတာ ပီရူးရေခဲတောင်တွေရဲ့ အောက်ဘက်မှာ ရှိပြီး ရာသီဥတုဖောက်ပြန်လို့ ရေခဲတွေ အရည်ပျော်ကျရာကနေ အသစ်ဖြစ်တည်လာတဲ့ ရေကန်သစ်ပေါင်း ရာချီထဲက တစ်ခုပါ။ ဒီကန်ဟာ အောက်အရပ် ကျေးရွာတွေမှာ ရုတ်တရက်ရေကြီးတာ၊ မြေကြီးပြိုတာတွေ ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ယခုပြောတဲ့ အင်တာနာတိုင်ကြီးတွေက အာရုံခံကိရိယာ၊ ဗွီဒီယိုကင်မရာနဲ့ ရေဒီယိုလှိုင်းတွေ ပေါင်းစပ်ထားတဲ့ ရေကြီးရေလျှံသတိပေးစနစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ရေဘေးကြုံရတော့မယ်ဆိုတာနဲ့ ကန်အောက်ဘက်ရွာတွေမှာ ဥသြဆွဲသံတွေ မြည်အောင် ဒီစနစ်က လုပ်ပေးတာပါ။

ယခုဖြစ်ရပ်ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပီရူးသားတွေ အလိုက်အထိုက်နေနိုင်ရေး အကူအညီပေးရာမှာ ကြုံရတဲ့ အခက်အခဲတစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ ဒေသခံလယ်သမားတွေကတော့ သိပ္ပံပညာရှင်တွေ ဒီတိုင်ကြီးတွေ နောက်တစ်ခါ လာမစိုက်ထူအောင် တားမြစ်ဖို့ အားခဲထားကြပါတယ်။ ဒီစနစ် ရှိမယ်ဆိုရင်တော့ အောက်ဘက်အရပ်မှာ နေထိုင်သူတွေအတွက် ရေဘေးလွတ်ရာ ရွှေ့ပြောင်းချိန် ၁၅ မိနစ်လောက်ရအောင် ကြိုတင်သတိပေးနိုင်မှာ ဖြစ်ပါတယ်။ ယခုတော့ စည်ပင်သာယာက အနီးအနား စီမံကိန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေကို အားကိုးပြီး မြေပြိုနိုင်ခြေရှိမရှိ မေးမြန်းနေရပါတယ်။ ဒီလိုအလားအလာရှိရင် အချက်ပေးခေါင်းလောင်းတွေ တီးဖို့၊ ခရာတွေ တုတ်ဖို့ စီစဉ်နေရပါတယ်။

ဖြိုဖျက်ခံလိုက်ရတဲ့ ရေဘေးသတိပေးစနစ်ကို လေးနှစ်လောက် အချိန်ယူတီထွင်ခဲ့သူ ဇူးရစ်တက္ကသိုလ်က ပညာရှင် Christian Huggel ကတော့ သူတို့အဖွဲ့ဟာ တစ်ကျောင်းတစ်ဂါထာဖြစ်တတ်တဲ့ ရပ်ဓလေ့ရွာဓလေ့ကို လျှော့တွက်ခဲ့မိတာလို့ ဝန်ခံပါတယ်။

ဌာနေသားတွေကတော့ ဖြစ်ချင်မှ ဖြစ်လာမဲ့ ရေဘေးကို အသာနောက်ထားပြီး မိုးခေါင်ရေရှားပြဿနာကသာ အခုရှင်းရမယ့်ကိစ္စလို့ မှတ်ယူထားကြတာပါ။

ရေဘေးသင့်နိုင်တဲ့ လမ်းကြောင်းပေါ် ‌ရောက်နေတဲ့ Huaraz မြို့မှာလည်း အလားတူပါပဲ။ ရေဘေးသင့်နိုင်ခြေလမ်းကြောင်းပြမြေပုံ ရေးဆွဲတာကို မြို့ခံတွေက ကန့်ကွက်ကြသတဲ့။ မြို့ရဲ့ အိမ်ခြံမြေဈေးတွေ ကျကုန်မှာ စိုးလို့ပါတဲ့။

ယနေ့တော့ ဖျက်ဆီးခံ ရေဘေးသတိပေးစနစ်မှာ သုံးတဲ့ ဘက်ထရီအိုးကြီးတွေဟာ ကျေးရွာ ဘုရားကျောင်းထဲမှာ ဖုန်တောင် တက်နေပါပြီ။ သေစာရှင်စာတောင် မရေးမဖတ်တတ်တဲ့ အသက် ၇၀ အရွယ် ဒေသခံတောင်သူ Justina Rodríguez ကတော့ ရာသီဥတုပြောင်းလဲတယ်ဆိုတာကို ကြားတောင် မကြားဖူးဘူး၊ ရေဘေးဖြစ်လာမှာကိုလည်း မစိုးရိမ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ခုနောက်ပိုင်း နေ့ခင်းဘက်ဆို ပိုပူလာတာ၊ ညဘက်ဆို ပိုအေးလာတာ၊ မိုးက သိပ်အစိုးရမရတော့တာကိုတော့ သတိထားမိပါတယ်တဲ့။ အခုတော့ အင်တာနာတိုင်ကြီးတွေကို နုတ်ပစ်လိုက်ကြပြီ။ နောက်တစ်ကြိမ် မိုးများ ထပ်ခေါင်ရင် ဘာကို ရမယ်ရှာရဦးမယ်ဆိုတာ သူတို့ မသိကြသေးဘူး။

ဝေယံဟိန်း (B.Ag)

Ref: Why Peruvian villagers tore down a flood-warning system - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်