ကျပ် ၁ သိန်းကျော်နဲ့ ၃ သိန်းနီးပါးထိ ခုန်တက်တဲ့ မတ်ပဲ၊ ပဲစင်းငုံဈေးများ

08/08/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ် ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်အဖွင့်မှာတော့ မတ်ပဲဈေးဟာ အမျိုးအစားအလိုက် တစ်တန်ကို ၁ သိန်း၊ ၁ သိန်းခွဲနီးပါး ဈေးတက်လာပြီး ပဲစင်းငုံနီက တော့ အတက်ပိုကြမ်းခဲ့ကာ တစ်တန်ကို ကျပ် ၂၈၀၀၀၀ နီးပါးထိ ဈေးခုန်တက် သွားပါတယ်။

စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့ ဈေးကွက်ဈေးနှုန်းတွေအရ သိရတာပါ။

ပြီးခဲ့တဲ့အပတ်သောကြာနေ့ ဩဂုတ် ၅ ရက်က တစ်တန်ကို ကျပ် ၁၆၆၇၅၀၀ ပဲ ဈေးရှိခဲ့တဲ့ မတ်ပဲ(FAQ/RC-2022) ဈေးဟာ အခုအပတ်ဈေးအဖွင့် ဒီနေ့မှာတော့ ကျပ် ၉၂၅၀၀ ဈေးတက်သွားပြီး တစ်တန်ကို ၁၇၆၀၀၀၀ (တစ်တင်း ၅၆၆၀၀ ကျပ်) ဖြစ်သွားတာပါ။

အလားတူ ဩဂုတ် ၅ ရက်က တစ်တန်ကို ကျပ် ၁၉၃၂၅၀၀ သာ ဈေးရှိခဲ့တဲ့ မတ်ပဲ(SQ/RC-2021) ဈေးဟာလည်း ဒီနေ့မှာတော့ ကျပ် ၁၄၂၅၀၀ ကျပ် ဈေးတက်သွားပြီး တစ်တန်ကို ၂၀၇၅၀၀၀ (တစ်တင်း ၆၆၇၀၀ ကျပ်) ဖြစ်သွားပါတယ်။

ပဲစင်းငုံနီဈေးကတော့ အတော်လေးကို အတက်ကြမ်းပါတယ်။ ပြီးခဲ့တဲ့အပတ်သောကြာနေ့ ဩဂုတ် ၅ ရက်က တစ်တန်ကို ၁၆၁၂၅၀၀ ကျပ်သာ ရှိရာကနေ ဒီနေ့မှာတော့ ၂၇၇၅၀၀ ကျပ် ဈေးတက်သွားပြီး တစ်တန်ကို ၁၈၉၀၀၀၀ ကျပ် (တစ်တင်း ၆၀၇၇၀ ကျပ်) ထိ ဖြစ်သွားတာပါ။

ဒီလိုဈေးတွေတက်ရတာဟာ ဗဟိုဘဏ်က ဒေါ်လာဈေးတိုးမြှင့်သတ်မှတ်လိုက်မှုကြောင့်လို့ AMIA က သုံးသပ်ထားပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဩဂုတ် ၅ ရက် ညနေပိုင်းကစပြီး ဗဟိုဘဏ်ရည်ညွှန်း ဒေါ်လာငွေလဲနှုန်းကို ကျပ် ၁၈၅၀ ကနေ ကျပ် ၂၁၀၀ ကို ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ 

ဒါပေမဲ့ အခုလို ဈေးတွေမြင့်တက်နေပေမယ့် မတ်ပဲက အရောင်းအဝယ် မရှိသလောက်ဖြစ်နေသလို ပဲစင်းငုံနီတွေကလည်း လက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်လို့ AMIA ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပဲစင်းငုံနီအရောင်းအဝယ်နဲ့ပတ်သက်လို့ ကုန်သည်ကြီးတွေကတော့ နားထားပြီး ကုန်သည်အလတ်တွေကတော့  အမြင့်ဈေးနဲ့ ရောင်းနေတယ်လို့သိရကြောင်းလည်း AMIA က ဆိုထားပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်