ဈေးကွက်အပြိုင်အဆိုင်ဖွံ့ဖြိုးလာစေတဲ့ ပဲစင်းငုံ စုပေါင်းရောင်းချပွဲကြောင့် ပဲစင်းငုံစိုက်တောင်သူများ အကျိုးအမြတ်များ ပိုတိုး

15/02/2022 20:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

၂၀၂၂ ပဲစင်းငုံရာသီမှာ ဈေးကွက်ဖွံဖြိုးလာဖို့အတွက် မကွေးမြို့က မြင့်မြတ်တော်ဝင် ကုမ္ပဏီ၊ Good Brothers ကုမ္ပဏီနဲ့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့တွေပူးပေါင်းပြီး ပဲစင်းငုံ သီးနှံ စုပေါင်းရောင်းချပွဲတွေကို မကွေးမြို့နဲ့ ရေနံချောင်းမြို့တွေမှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီမြို့နယ်တွေထဲက ကျေးရွာပေါင်း ၄၀ ကျော် ပါဝင်ရောင်းချခဲ့ကြပါတယ်။ 

ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ဇန်နဝါရီလ ၃၀ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ဒီအခြေအနေကို သီးနှံစိုက်ပျိုးသူတောင်သူလည်းဖြစ်ပြီး တိုင်းတောင်သူဖွံ့ဖြိုးရေး အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ဦးစိုးလွင်အေးက Green Way ကို အခုလို ပြောပါတယ်။ 

“ ပဲစင်းငုံက တန်ချိန်အားဖြင့် တန် ၁၅၀၀ ကျော်သွားတယ်။ ၂၄ ရက်နေ့က ပြီးသွားတာ ကိုတောင်သူတွေ တောင်းဆိုလို့ နောက်ထပ် ၅ရက်ထပ်လုပ်ဖြစ်တယ်။ အနည်းဆုံး တစ်တင်းကို၃၃၅၀၀ကနေ ၄၅၂၀၀ အထိမြင့်သွားတယ်။ ရောင်းပွဲသာမလုပ်ဘူးဆိုရင် ၃၃၅၀၀ အထိ ရသွားနေရမှာပဲ။ ရောင်းပွဲလုပ်လိုက်တော့ တောင်သူက ရွေးချယ်ခွင့်တွေ ရသွားပြီးတော့ ဈေးကွက်က တောင်သူရွေးချယ်ပြီးရောင်း လို့ရတဲ့အထိ သူပြိုင်၊ကိုယ်   ပြိုင်တွေတက်လာတော့ ၄၅၂၀၀အထိ ဈေးတက်လာတယ်”

ပဲစင်းငုံ

မြန်မာနိုင်ငံမှာ ပဲမျိုးစုံ စိုက်ဧက ဆယ်သန်းကျော်ရှိတဲ့အနက် ပဲစင်းငုံစိုက်ဧက က  စုစုပေါင်းစိုက်ဧရိယာရဲ့ ၁၅ ရာခိုင်နှုန်းရှိပါတယ်။  ၂၀၁၈ - ၂၀၁၉ စာရင်းများအရ တစ်နိုင်ငံလုံးမှာ ပဲစင်းငုံ စိုက်ဧက တစ်သန်းကျော်ရှိပြီး အထွက်တန်ချိန် ငါးသိန်းကျော်ထွက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲစင်းငုံတွေကို အိန္ဒိယနိုင်ငံကိုအများဆုံးတင်ပို့နေပြီး စင်္ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ အာရပ်စော်ဘွားများနိုင်ငံ၊ ပါကစ္စတန်၊ နီပေါ၊ ယူနိုက်တက်ကင်းဒမ်းနဲ့ မလေးရှား နိုင်ငံတို့ကိုလည်း တင်ပို့နေပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး တန်ချိန် ၂ သိန်း လောက်နှစ်စဉ်တင်ပို့နေတဲ့ အိန္ဒိယနိုင်ငံက မြန်မာ့ပဲတင်သွင်းမှုကို ကန့်သတ်ကုန်စည်အမျိုးအစားအောက် ထည့်သွင်းခဲ့တဲ့အချိန်ကစပြီး ပဲစင်းငုံ ဈေးကွက် ပျက်ခဲ့တဲ့အတွက် ဈေးတွေကျဆင်းပြီး စိုက်ဧကတွေလျော့ကျခဲ့ပါတယ်။ ဒါကြောင့် ပဲစင်းငုံတစ်တင်းကို ကျပ်တစ်သောင်း နှစ်ထောင်လောက်အထိ ကျဆင်းခဲ့ပြီး ယခင်နှစ်ပဲစင်းငုံရာသီမှာတော့ ဈေးအများဆုံး ကျပ်၂၆၅၀၀ အထိသာ ရရှိခဲ့ပါတယ်။ 

ယခုနှစ်မှာ ရေရှည်တည်တံ့ပြီး ကောင်းမွန်ခိုင်မာသော သီးနှံဈေးကွက်စီမံကိန်းပြီးဆုံးသွားပေမယ့် ပဲစင်းငုံသီးနှံ စုပေါင်း ရောင်းချပွဲကို ပထမဆုံးကျင်းပနိုင်ခဲ့ရာမှာ ပဲစင်းငုံတစ်တင်းကို ကျပ် ၄၅၂၀၀အထိ အမြင့်ဆုံး ဈေးကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် တောင်သူများထံမှ ပွဲခနဲ့ အလုပ်သမားခမယူတဲ့အပြင် အိတ်ခွံအလေးချိန် သတ်မှတ်ရာ မှာလည်း ဒေသခံ သီးနှံဝယ်ယူရေးကုန်စည်ဒိုင်တွေလို ၂၅ ကျပ်သား  မသတ်မှတ်ပဲ ၁၂ကျပ်ခွဲသားသာ သတ်မှတ်တာတွေ၊ ဈေးကွက်ပေါက်ဈေး အတိုင်း နေ့စဉ်ဈေးနှုန်းပြောင်းလဲဝယ်ယူတာတွေက ဒေသခံ ကုန်စည်ဒိုင်တွေထက် အားသာချက်တွေရှိလာပြီး ဈေးကွက်ဖွံ့ဖြိုးလာဖို့ အထောက်အကူ ဖြစ်စေခဲ့တာဖြစ်ပါ တယ်။ 

ဈေးကွက်တွေပျက်ခဲ့ပေမယ့် ပဲစင်းငုံက စိုက်ပျိုးရလွယ်ကူတဲ့အပြင် လောင်စာအတွက်ထင်းရတဲ့အပင်လည်း ဖြစ်လို့ တောင်သူမပစ်ရက်တဲ့ သီးနှံဖြစ်တဲ့အတွက် ဈေးကွက်ကောင်းမွန်လာပြီး ရောင်းဝယ်ရေး စနစ်တွေလည်း ကောင်းမွန်လာလို့ ပဲစင်းငုံအတွက်တော့ တောင်သူပျော်တဲ့နှစ်ဖြစ်တယ်လို့ ရေနံချောင်းမြို့နယ်က မြေပဲ၊ နှမ်း၊ ပဲစင်းငုံစိုက်ပျိုးသူ တောင်သူ မလဲ့စန်းက ပြောပါတယ်။ 

“ ပဲစင်းငုံက တစ်တင်းခွဲစိုက်တယ်။ တစ်တင်းနဲ့ ရှစ်ပြည်ပေါ့။ အထွက်တွေ ဒီနှစ် အရမ်းကောင်းပါတယ်။ တစ်တင်းခွဲကျကို တင်း ၇၀လောက်ရတယ်။ ဈေးလည်းကောင်းတော့ အကုန်လုံးပျော်နေကြပါတယ်။ ပဲစင်းငုံ အပြင် နှမ်းလည်းစိုက်တယ်။ မြေပဲလည်းစိုက် တယ်။ အကျိုးအဖြစ်ဆုံးသီးနှံထဲမှာ သူက အဖြစ်ဆုံးပဲ။ ဘာဖြစ်လို့ လည်းကျ သူက စရိတ်လည်းသက်သာတယ်။ ပြီးတော့ကျ အကုန်အကျနှုန်းလည်းနည်းတယ်။ နည်းပေမယ့် ရတော့လည်းအမြတ်ကြီးပဲ။ သူက အပင်နဲ့ အမြစ်ကိုလည်းထင်းစိုက်ရတယ်။ အမြစ်ကကျတော့ ထမင်းချက် ထင်းပေါ့။ အပင်ကကျတော့ထန်းလျက်ထင်းပေါ့။ နောက်တစ်ခါသူ့ရဲ့ အသီးရဲ့ အခွံတို့၊ အရွက်တို့ကျတော့ နွားကျွေးရပါတယ်။ အဆံကျလူစားရပါတယ်။ ဘာမှပစ်စရာမလိုပါဘူး။ သူကအကောင်းဆုံးသီးနှံပါပဲ။ စိုက်ပျိုးတဲ့အထဲမှာတော့အကျိုးအရှိဆုံးပေါ့။ မြေပဲတို့နှမ်းတို့ကတော့ အရင်းကြီးတာပေါ့”

အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်သူတွေ ပိုပြီးအကျိုးအမြတ်ရလာစေဖို့ သီးနှံတန်ဖိုး ကွင်းဆက်ပြောင်းလဲရေးစီမံကိန်းတွေကို ၂၀၁၅ ဝန်းကျင်မှာ မြန်မာနိုင်ငံမှာ အကောင်ထည်ဖော်လာခဲ့ပါတယ်။  အဲ့ဒီမှာ ICCO နဲ့ ပေါင်းစု လုပ်အားအကူအညီပေးရေးအဖွဲ့ NAG တို့ ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရွက် ခဲ့ကြတဲ့ တန်ဖိုးကွင်းဆက်ပြောင်းလဲရေးစီမံကိန်းကနေ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအချို့က စိုက်ပျိုး ထွက်ရှိသော နှမ်း၊ မြေပဲ၊ ပဲတီစိမ်း တို့ကိုကောင်းမွန်ခိုင်မာတဲ့ ဈေးကွက်တွေရရှိဖို့ အကောင်ထည်ဖော် ဆောင်ရွက် ပေးခဲ့ကြပါတယ်။ ဒီစီမံကိန်းတွေကနေ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့တွေက သီးနှံအရည်အသွေး ကောင်းမွန် အောင် GAP စနစ်နဲ့ အကောင်ထည်ဖော်စိုက်ပျိုးနိုင်အောင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ 

ဒါ့အပြင် သီးနှံ ရိတ်သိမ်းချိန်မှာလည်း ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးရှိ Exporter များနဲ့ချိတ်ဆက်ပြီး ဒေသဈေးကွက် ပေါက်ဈေးထက်ပိုရအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုစီစဉ်ဆောင်ရွက်ရာမှာလည်း သီးနှံအရည်အသွေး အလိုက် ဈေးနှုန်းသတ်မှတ်ရာမှာ တောင်သူများကလည်း အကျိုးအမြတ်ရှိသော ဈေးနှုန်းများရရှိအောင် ပါဝင်ဆွေးနွေးလာကြပါတယ်။

 ဒါကြောင့် စီမံကိန်းက အကောင်ထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအတိုင်း စီမံကိန်းကာလပြီးဆုံးသွားတဲ့ အခါမှာ တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့များ၊ မြင့်မြတ်တော်ဝင်ကုမ္ပဏီနဲ့ စီမံကိန်းက ကျွမ်းကျင်သူများ စုပေါင်းပြီး ၂၀၂၂ ပဲစင်းငုံရာသီမှာ ပထမဆုံး စုပေါင်းရောင်းချပွဲကို ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေကို ပေါင်းစုလုပ်အားအ ကူအညီပေးရေးအဖွဲ့မှ စီမံကိန်းအရာရှိအဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်သူ မြင့်မြတ် တော်ဝင်ကုမ္ပဏီမှ ညှိုနှိုင်းရေးအရာရှိ ဦးစည်သူထွန်းက ရှင်းပြပါတယ်။

“ တောင်သူတွေက အစုအဖွဲ့တွေနဲ့ ပိုပြီးတော့ သူတို့တွေလုပ်ကိုင်ဆောင်ရွက်သင့်တယ်ဆိုတဲ့အမြင်တွေရသွားတယ်။ တစ်ဖက်ကပြန်ကြည့်ရင်လည်းအဲ့လိုအစုအဖွဲ့တွေ ပီပီပြင်ပြင်ဖြစ်လာမှလည်း သူတို့မှာ ဆွေးနွေးမေးမြန်း နိုင်ခွင့်တွေ ပိုရလာတယ်။ ကုန်သည်တွေနဲ့ ရောင်းဝယ်မှုစနစ်တွေပေါ်မှာ ဆွေးနွေးညှိနှိုင်းနိုင်တယ်။ အရည်အသွေးတွေဆုံးဖြတ်တဲ့ ကိစ္စတွေပေါ်မှာ ဆွေးနွေးညှိနှိုင်းခွင့်ရတယ်။ ဈေးနှုန်းဖြတ်တဲ့ ကိစ္စတွေမှာ စသဖြင့် ဒီလိုဟာတွေ ပိုရလာတယ်။ နောက်တစ်ခုကတော့ ဒီလိုအစုအဖွဲ့တွေ ခိုင်မာလာတာနဲ့အမျှ သူတို့အတွက် သွင်းအားစုလိုအပ်ချက်တွေ၊ နောက်တစ်ခုက ချေးငွေ လိုအပ်ချက်တွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ရဖို့ကိစ္စတွေကို ဒီအစုအဖွဲ့တွေကနေတဆင့် သွားနိုင်တယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ဒီအစုအဖွဲ့တွေရှိ လို့မို့လည်း ဒါတွေကို ကုန်သည်တွေက လိုက်လျောပြီးတော့ ဆွေးနွေးညှိုနှိုင်းနိုင်တဲ့ အနေထားမျိုးတွေလို့ ပြောလို့ရတယ်။ ဒီကုန်သည်တွေကလည်း တောင်သူအစုအဖွဲ့ရှိလို့ ပူးပေါင်းဆောင်ရွက်ဖြစ်တယ်။ တောင်သူတွေ ကလည်း ဒီလိုမျိုးအလျော့အတင်းနဲ့ဆွေးနွေးညှိနှိုင်းနိုင်တဲ့လူတွေ၊ တောင်သူရဲ့ သဘောသဘာဝ ကိုနား လည်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေရှိလို့လည်း ဒီတောင်သူအစုအဖွဲ့တွေ ကပိုပြီးတော့ သူတို့ရေရှည်အနာဂတ် ဘယ်လိုသွားရမလဲဆိုတာ ပိုမြင်လာတယ်။ အဲ့တော့ ဒီနှစ်ခုကတော့ ဘယ်သူက ရှေ့ကလုပ်ရမလဲ ဆိုတာထက် တစ်ပြိုင်နက်တည်းအမြင်ချင်းတူဖို့လိုတယ်။ တောင်သူအစု အဖွဲ့မှာရှိနေတဲ့ခေါင်းဆောင်တွေကလည်း ဒီအမြင်မျိုးရှိလို့မို့ လို့ ဒီအစီအစဉ်နဲ့ ချီတက်ခဲ့တာဖြစ်တယ်။ နောက်တစ်ခုကတော့ တစ်ဖက်က လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ဒီတောင်သူအစုအဖွဲ့တွေ ရေရှည် တည်တံ့နိုင်ဖို့ အားပေးရမယ်၊ ဆွဲခေါ်ရမယ်ဆိုတဲ့ အမြင်မျိုး ရှိလို့လည်းရှေ့ရောက်ခဲ့တယ်လို့ ပြောရမှာပေါ့ ”

 

ရေရှည်တည်တံ့ပြီးကောင်းမွန်ခိုင်မာတဲ့ဈေးကွက်စီမံကိန်းက တောင်သူတွေ သီးနှံဈေးနှုန်းပိုရလာဖို့အပြင် ဈေးကွက်တည်ငြိမ်ဖို့ကို ဦးစားပေးအကောင်ထည်ဖော်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ တောင်သူတွေကို သီးနှံ နောက်ဆုံးဈေးကွက်နဲ့ အတတ်နိုင်ဆုံးချိတ်ဆက်ပေးပြီး ဈေးအကုန်ရအောင် အကောင်ထည်ဖော် ဆောင်ရွက် ပေးတာပဲဖြစ်ပါတယ်။ ဒီစနစ်မှာ တောင်သူ့သီးနှံကို အရည်သွေးကောင်းအောင်ဆွဲတင်ပြီး ရန်ကုန်နဲ့ မန္တလေး ဒေသကြီးက ပြည်ပတင်ပို့သူတွေနဲ့ ချိတ်ဆက်ပြီး ဈေးအများဆုံးပေးတဲ့ Exporter ကုမ္ပဏီမှာ ရောင်းချတာပဲ ဖြစ်ပါတယ်။ ဒီလိုရောင်းချရာမှာ ဈေးနှုန်းသတ်မှတ်ဖို့အတွက် သက်ဆိုင်ရာ စုပေါင်းရောင်းချပွဲကျင်းပရာ မြို့နယ် ကနေ Vedio Call နဲ့ချိတ်ဆက်ကာ တောင်သူ များကပါ ဈေးနှုန်းသတ်မှတ်ရာမှာ ဝင်ရောက်ဆွေးနွေးပြီး ညှိုနှိုင်းသတ်မှတ်ကြတာပဲဖြစ်ပါတယ်။ 

ဒီနေရာမှာ သီးနှံဝယ်ယူတဲ့ Exporter ကုမ္ပဏီများနဲ့ တောင်သူများကိုချိတ်ဆက်ပေးဖို့ မကွေးမြို့နယ်က သီးနှံဝယ်ယူရေးကုန်စည်ဒိုင်ဖြစ်တဲ့ မြင့်မြတ်တော်ဝင် ကုမ္ပဏီက အဝယ်တော်ကုမ္ပဏီအဖြစ်ပူးပေါင်းပါဝင်ကာ ဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုယ်တိုင်သီးနှံ ဝယ်ယူရောင်းချနေတဲ့ ကုန်စည်ဒိုင်အဖြစ်ကနေ ဒေသခံ ပွဲစား(Collecter) အဖြစ်ဆင်းကာ စီမံကိန်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 ဒီလိုဆောင်ရွက်ရတဲ့ အကြောင်းကို မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ ဦးမြင့်အောင်က အခုလိုရှင်းပြပါတယ်။ 

“ အဲ့နေရာ မှာ ပုံမှန်ရောင်းဝယ်တာတွေနဲ့ ကွာခြားတဲ့ ကျွန်တော့အမြင်နဲ့ပြောရမယ်ဆိုရင် ပုံမှန် ရောင်းဝယ်ခြင်း စနစ်တွေမှာ အရည်အသွေးဆိုရင်လည်း ရောင်းခြင်းဝယ်ခြင်းမှာ ဈေးနှုန်း အတက်အကျတွေ ရှိခဲ့တယ်ဆိုရင် ပစ္စည်းအရည်အသွေးတွေသည် အမျိုးမျိုးပြောင်းလဲ သွားတာရှိသလို ရောင်းဝယ်တဲ့စနစ်တွေမှာ ဈေးတက်ဈေးကျ များသွားတဲ့အခါမျိုးမှာ သူတို့သည်ပြောဆိုထားတဲ့ ဈေးနှုန်းတွေ၊ အရေအတွက်တွေအတိုင်းမလုပ်တော့ဘူးပေါ့။ မ ပေးတော့ စိတ်ဆင်းရဲရတာပေါ့နော်။ စိတ်ဆင်းရဲရတာရှိတယ်။ မတည်ငြိမ်ဘူးပေါ့။ ကျွန်တော်တို့အခုလုပ်တဲ့ စုပေါင်းစနစ်မှာကျတော့ အကျိုးအမြတ်ကတော့ တကယ်တမ်းမများပေမယ့် သေချာတယ်။ တကယ်တမ်း ကျတော့လေ။ ကိုယ့်စုရပ်တစ်နေရာတည်းမှာ လာရောင်းဝယ်ဖောက်ကားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေ နဲ့ သက်သာတယ်လေ၊ တကယ်တမ်းကျတော့ သက်သာတယ်၊ တောင်သူတွေလည်းအဆင်ပြေတယ်ပေါ့ နော်။ အဲ့လိုအားသာချက်တွေရှိပြီးတော့ နောက်အရည်အသွေးကောင်းတဲ့ သီးနှံတွေသာ တောင်သူတွေက စိုက်ပျိုး ထုတ်လုပ်တတ်လာမယ်။ နောက်ပြီးတော့ အခုလိုမျိုးစုပေါင်း ဝယ်ယူခြင်းတွေ၊ စုပေါင်းရောင်းချခြင်းတွေ၊ တောင် သူတွေက အခုထက်ပိုပြီးတော့ များစွာပါဝင်လာမယ်ဆိုရင် အခုထက်မကတဲ့ အခွင့်အလမ်းတွေအကျိုးရလဒ်တွေ ကျွန်တော်တို့ ရနိုင်တယ်လို့မြင်ပါတယ် ”

၂၀၂၂ ပဲစင်းငုံရာသီမှာ မကွေးတိုင်းဒေသကြီးက ပဲစင်းငုံစိုက်ပျိုးသူ တောင်သူတွေအဖို့ စုပေါင်းရောင်းချပွဲ တွေကနေ ဈေးကွက်တွေဖွံ့ဖြိုးလာတာက လာမယ့် ပဲစင်းငုံသိမ်းချိန် ရောင်းဝယ်ရေးမှာ ဘဝင်ကျလာဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။

ဂျာနူး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်