ရေချိုငါးမုတ်(ခ) ပါကူးငါး မွေးမြူနည်း

13/09/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

ပါကူး(Pacu)ဟု လူသိများသော ရေချိုငါးမုတ်သည် ရေချိုငါးမွေးမြူထုတ်လုပ်ရေးတွင် ရေပန်းစားသော ငါးအမျိုးအစားတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း မွေးမြူမှု များပြားပါသည်။

ရေချိုငါးမုတ်သည် ဒေသမျိုးရင်းငါး မဟုတ်ဘဲ ၎င်း၏မူရင်းဒေသမှာ တောင်အမေရိကတိုက်ရှိ ဘရာဇီးနှင့် ပီရူးနိုင်ငံတို့မှ ဖြစ်ပါသည်။ 

ရေချိုငါးမုတ်(ခေါ်) ပါကူးသည် တီလားပီးယားငါးကဲ့သို့ပင် မျိုးကွဲအများအပြားရှိသော ငါးအုပ်စုဖြစ်သည်။

  • မွေးမြူရေးတွင် အသုံးပြုသော ရေချိုငါးမုတ်မှာ သိပ္ပံအမည်အားဖြင့် Piaractus brachypomus ဟု ခေါ်ဆိုပြီး အင်္ဂလိပ်အမည် “Red-bellied pacu” ဟုခေါ်သည့် အမျိုးအစားဖြစ်သည်။
  • ရေချိုငါးမုတ်(Pacu)ငါးများသည် အသီးအရွက်စားငါးမျိုး(Herbivores)များဖြစ်ကြပြီး အပင်များ၏ အရွက်၊အသီးအပွင့်နှင့် သစ်စေ့များကို အဓိက စားသုံးသော်လည်း ကန်အောက်ခြေရှိ ခရုနှင့်အင်းဆက်များကိုလည်း စားသောက်လေ့ရှိပါသည်။
  • မွေးမြူရေးရေချိုငါးမုတ်များသည် အပူပိုင်းဒေသငါးမျိုးများကဲ့သို့ပင် အမြင့်ဆုံးအပူချိန်(၂၈-၃၀)ဒီဂရီ စင်တီဂရိတ်တွင် ကြီးထွားနှုန်းအကောင်းဆုံးဖြစ်ပြီး အပူချိန်(၁၇-၁၈) ဒီဂရီ စင်တီဂရိတ်အောက်တွင်မူ အစာစားနှုန်း လျော့ကျသွားပါသည်။ ၎င်းငါးအမျိုးအစားသည် အပူချိန်နှင့် အစာရရှိမှု မြင့်မားလေ ကြီးထွားမှု မြင့်မားလေ ဖြစ်ပါသည်။ 

မွေးမြူရေးတွင် ရေချိုငါးမုတ်ငါး၏ အားသာချက်များမှာ..

  • (က) ကြီးထွားမှု ကောင်းမွန်ခြင်း၊
  • (ခ) ငါးမွေးကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ဓာတ် လျော့နည်းမှုကို ခံနိုင်ရည်ရှိခြင်း 
  • (ဂ) အစာအတွက် အသားဓာတ်မြင့်မားသော စျေးနှုန်းကြီးမြင့်သည့် အစာများအား ကျွေးမွေးရန်မလိုအပ်ခြင်း စသည်တို့ ဖြစ်ပါသည်။

ရေချိုငါးမုတ်ငါးများကို အစားအစာလုံလောက်စွာ ကျွေးမွေးပါက မွေးကာလ ၁ နှစ်အတွင်း ၇၅ ကျပ်သားအရွယ်ထိ ကြီးထွားနိုင်ပါ သည်။ သဘာဝအခြေအနေတွင် ၎င်းငါးသည် ၂ ပိဿာအရွယ်မှ ၄ ပိဿာအရွယ်ထိ ကြီးထွားနိုင်ပါသည်။

ရေချိုငါးမုတ်ကို မြေသားကန်ဖြင့်သာမက လှောင်အိမ်ဖြင့်ပါ အောင်မြင်စွာ မွေးမြူနိုင်ပါသည်။

မွေးမြူနည်းများမှာ-

  • ရေချိုငါးမုတ်(ခေါ်) ပါကူး(Pacu)ငါးအမျိုးအစားအား မြေသားကန်ဖြင့် မွေးမြူနည်းနှင့် လှောင်အိမ်ဖြင့်မွေးမြူနည်းများဖြင့် မွေးမြူလေ့ရှိကြပါသည်။
  • အဆိုပါငါးများသည် အခြားငါးများ၏ ရေယက်များအား ထိုးဆိတ်တတ်သော အလေ့အထရှိသည့်အတွက် ၎င်းငါးများအား အခြားငါးများနှင့် ရောရောနှောမွေးမြူခြင်း မပြုသင့်ပါ။
  • မြေသားကန်ဖြင့်မွေးမြူရာတွင် အနည်းငယ်တိုးချဲ့မွေးမြူနည်းစနစ်(Extensive method)ဖြင့် မွေးမြူပါက စျေးကွက်ဝင်အရွယ်ဖြစ်သော ၆၂ ကျပ်သားခန့်အရွယ်သို့ ရောက်ရှိရန် ၂ နှစ်ကြာအထိ မွေးမြူရပါသည်။
  • အစာကျွေးသည့်နည်းစနစ်ဖြင့် မွေးမြူပါက မွေးကာလ ၁ နှစ်အတွင်း စျေးကွက်ဝင်အရွယ်အစားသို့ရောက်ရှိအောင် မွေးမြူနိုင်ပါသည်။ငါးထည့်သွင်းနှုန်းအနေဖြင့် ၁ ဧကလျှင် ငါးကောင်ရေ ၁၀၀၀ မှ ၁၂၀၀ နှုန်း ထည့်သွင်းမွေးမြူခြင်းဖြင့် ၁ နှစ်တာကာလအတွင်း စျေးကွက်ဝင်အရွယ်သို့ ငါးများကြီးထွားနိုင်ပါသည်။
  • လှောင်အိမ်စနစ်ဖြင့် မွေးမြူပါက ငါးထည့်သွင်းနှုန်းအား တိုးမြှင့်ထည့်သွင်းနိုင်သော်လည်း ရေချိုငါးမုတ်ငါးများသည် ကျပ်တည်းစွာမွေးမြူလျှင် ကြီးထွားနှုန်း လျော့နည်းကျဆင်းသွားလေ့ရှိေသာ သဘာဝရှိသည့်အတွက် ငါး၏ထည့်သွင်းမွေးမြူနှုန်းအား အထူးချိန်ဆ ထည့်သွင်းရန် လိုအပ်ပါသည်။ 

အောက်ဆီဂျင်လျော့နည်းမှုအား ခံနိုင်ရည်ရှိခြင်း

  • မွေးမြူရေးကန်အတွင်းရှိ ရေတွင်ပျော်ဝင်နေသော အောက်ဆီဂျင်ပမာဏသည် ပုံမှန်အားဖြင့် ရေ၁ လီတာ (ရေသန့်ပုလင်းတစ်လုံး၏ ရေပမာဏ)တွင် ၃ မီလီဂရမ်အထက် ပျော်ဝင်လျက်ရှိပါသည်။
  • ရေချိုငါးမုတ်ငါးများသည် ရေ ၁ လီတာတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ပမာဏ ၀.၅ မီလီဂရမ်သာ ပျော်ဝင်နေသော ပျော်ဝင်အောက်ဆီဂျင်လျော့နည်းသည့် အခြေအနေတွင်ပင် အသက်ရှင်နိုင်ကြောင်း တွေ့ရှိရပါသည်။ 

အသားဓာတ်လိုအပ်ချက်

  • အကောင်းဆုံးကြီးထွားမှုကို ရရှိရန်အတွက် ရေချိုငါးမုတ်ငါးများကို အသားဓာတ် ၃၅ ရာခိုင်နှုန်း ပါဝင်သော အစာတောင့်များအသုံးပြုကျွေးမွေးခြင်းအားဖြင့် ရရှိနိုင်ပါသည်။

Ref: ငါးလုပ်ငန်းစခန်းတွင် သင်တန်းတက်ခဲ့စဉ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်