တရုတ်အပြင် ပြည်တွင်းဝယ်လိုအားပါ ကောင်းနေ၍ စိန်တစ်လုံးသရက်များ ဈေးကောင်းရနေ

28/04/2023 15:00 PM တွင် နန္ဒီ နန္ဒီ မှ ရေးသား

တရုတ်နိုင်ငံဘက်က ဝယ်နေသည့်အပြင် ပြည်တွင်းမှာပါ ဝယ်လိုအားကောင်းနေသည့်အတွက် မြန်မာ့စိန်တစ်လုံးသရက်များ ဈေးကောင်းရရှိနေကြောင်း မြန်မာသရက်စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှအထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

မူဆယ်ဈေးကွက်၌ အလုံးရေ ၄၀ မှ ၅၀ အတွင်း ပါရှိသည့် ၁၆ ကီလိုတစ်ခြင်းလျှင် အနိမ့်ဆုံး ၁၀၀ ယွမ်မှ ၁၂၀ ယွမ် ပတ်ချာလည်နှင့် အမြင့်ဆုံး ၁၃၀ ယွမ်မှ ၁၄၀ ယွမ်ပတ်ချာလည်(မြန်မာကျပ်ငွေ ငါးသောင်းမှခြောက်သောင်းဝန်းကျင်) ရရှိနေပြီး  ပြည်တွင်းဈေးကွက်၌လည်း ၁၆ ကီလို  တစ်ခြင်းလျှင် ကျပ်သုံးသောင်းမှ ငါးသောင်းဝန်းကျင်အထိ ဈေးနှုန်းရရှိနေခြင်းဖြစ်သည်ဟု သိရသည်။

" သရက်ဈေးကွက်အခြေအနေကတော့ အခုလောလောဆယ်က ကောင်းနေပါတယ်။ လက်လီဈေးကွက်ကော၊ လက်ကားဈေးကွက်ကော ကောင်းတယ်။ ဈေးကတော့ တရုတ်နဲ့ပြည်တွင်းသိပ်မတိမ်းမယိမ်းပဲ။ လေးငါးခြောက်သောင်းပတ်ချာလည်ပဲ သွားနေကြတယ်။ တရုတ်ပြည်ကလည်း အဲ့ဒီလောက်ပဲ သွားနေတာပဲ။ အများနဲ့အနည်းပဲ ကွာတယ်။ တချို့ကလည်း ရန်ကုန်ဈေးကွက်တို့ နယ်ဈေးကွက်တို့ ပြန်ပို့တာတွေ ရှိပါတယ်" ဟု ဦးကျော်စိုးနိုင်က ပြောသည်။

လတ်တလောတွင် မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့်သရက်သီးများအား ပြည်တွင်းအပြင်တရုတ်နိုင်ငံသို့ မူဆယ်ဈေးကွက်မှတစ်ဆင့်တင်ပို့နေခြင်းဖြစ်ပြီး ဧပြီလလယ် သင်္ကြန်ကာလမစတင်မီမှစတင်၍ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ 

 " တရုတ်ကို စပို့တာက သင်္ကြန်မတိုင်ခင်ကပ်ရက်ကလေးကစပြီး ပို့ကြတယ်။ အခုလောလော ဆယ်လည်း ဆက်ပို့နေကြတယ်။ အမှန်ကတော့ အခုနောက်ပိုင်းမှ တရုတ်ကိုတင်ပို့မှုတွေ များလာတာပါ။ တက်လာတာပေါ့ဗျာ။ တရုတ်ရဲ့ ဝယ်လိုအားကလည်း ကောင်းပါတယ်" ဟု ဦးကေျာ်စိုးနိုင်က ဆိုသည်။

ပြည်တွင်းမှထွက်ရှိသည့် စိန်တစ်လုံး၊ ပတ္တမြားငမောက်စသည့် ဈေးကွက်ဝင် အရည်အသွေးကောင်းသရက်များအား ပြည်တွင်းသုံးအပြင် ပြည်ပနိုင်ငံများသို့ပါ အဓိကတင်ပို့လေ့ရှိပြီး သရက်သီးအကြမ်းသီးများကိုမူ သရက်ကင်းနှင့်ပြည်တွင်းသရက်ချဉ်လုပ်ငန်းများအတွက် အများဆုံးအသုံးပြုလေ့ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သရက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး အခြားတိုင်းနှင့်ပြည်နယ်အနှံ့အပြား၌လည်း စိုက်ပျိုးကြခြင်းဖြစ်ကာ ဧပြီလဆန်း၌ စတင်အသီးထွက်လေ့ရှိကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်