မိုးထိုးနေတဲ့ ကုန်ဈေးနှုန်းကိုလိုက်ပြီး အစားအသောက်တွေ ဘယ်လိုပြောင်းလာသလဲ..

31/03/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယမှာ လမ်းဘေးစားသောက်ဆိုင်သမားတွေက ဈေးကြီးလွန်းတဲ့ စားအုန်းဆီကို ထက်ဝက်လောက် လျှော့သုံးပြီး ပေါင်းရပြုတ်ရတဲ့အစားအစာတွေကို ပြောင်းလဲရောင်းချလာကြတယ်။ 

အိုင်ဗရီကို့စ်နိုင်ငံမှာ ပေါင်မုန့်ဖုတ်သမားတွေဟာ ထုတ်နေကျ ပေါင်မုန့်လုံးအရွယ်အစားကို လျှော့ချဖို့ လုပ်လာကြတယ်။ အမေရိကား အမြန်ပြင်စားသောက်ဆိုင်တွေကလည်း ဝက်ဆားနယ်ခြောက် အသားလွှာလျှော့ဖို့နဲ့ ပီဇာထဲမှာ ပက်ပါရိုနီဖတ်လေးတွေ ပြက်သိကာမျှသာ ထည့်ပေးဖို့ တာစူလာကြတယ်။

ကမ္ဘာ့စီးပွားရေးဟာ ကိုဗစ်နဲ့ ဆက်စပ်တဲ့ ရှားပါးပြတ်လပ်မှုတွေကြောင့် အကျပ်ရိုက်ခဲ့ရပြီးပါပြီ။ ယခုအခါ ယူကရိန်းအပေါ်  ရုရှားရဲ့ ကျူးကျော်စစ်ဂယက်ကြောင့် ပေါင်မုန့်၊ အသား၊ ဟင်းချက်ဆီ စတဲ့အခြေခံကုန်စည်ဈေးတွေ ကမ္ဘာအနှံ့မှာ ထပ်တိုးမြင့်တက်လာပြန်တယ်။ ကမ္ဘာ့ကုန်စည်ဈေးကွက်တစ်ခုလုံး ကသောင်းကနင်းဖြစ်ကုန်ပြီး ကမ္ဘာ့စားနပ်ရိက္ခာကွင်းဆက်စနစ်ကြီးကို ထိခိုက်စေလျက်ရှိတယ်။

ထိလွယ်ရှလွယ်အဖြစ်ဆုံး လူ့အဖွဲ့အစည်းတွေမှာဆိုရင် ပိုဆိုးပါတယ်။ ယီမင်လို လက်နက်ကိုင်ပဋိပက္ခတွေ၊ ငွေတန်ဖိုးကျဆင်းမှုပြဿနာတွေ ကြားကနေ စားနပ်ရိက္ခာ ၉၀% အထိ တင်သွင်းနေရတဲ့နိုင်ငံမျိုးတွေဟာ အငတ်ဘေးကြုံဖို့ ပိုနီးကပ်လာပြီ။ အခြားဒေသတွေမှာလည်း ကုန်စည်ဈေး ကြီးလွန်းလို့ မဝယ်နိုင်မခြမ်းနိုင်အခြေအနေ ရောက်ကာ စီးပွားရေးပညာရှင်တွေအခေါ် "ဝယ်အားပျက်သုဉ်းမှုဖြစ်စဉ်" ဖြစ်လာမှာ စိုးနေကြရပါတယ်။

"ကြောင်အိမ်တွေ ဗလာဟင်းလင်း ဖြစ်နေပြီ။ စားသုံးသူတွေဟာ အစားအသောက် မဖြစ်မနေ လျှော့ကြရတော့မယ်" လို့ LMC International ကုန်စည်အတိုင်ပင်ခံလုပ်ငန်းရဲ့ အရှေ့တောင်အာရှဌာနအကြီးအကဲ ဂျူလီယံကွန်ဝေးမက်ဂီးက ပြောပါတယ်။

အိမ်ထောင်စုတွေမှာရော အစားအသောက်လုပ်ငန်းတွေမှာပါ ဟင်းသီးဟင်းရွက်ဆီကို ရှောင်လွှဲလို့မရပါဘူး။ အသင့်စားခေါက်ဆွဲခြောက်ကနေ ကိတ်စိုကိတ်မွတွေ လုပ်တဲ့အထိပါပဲ။ စားဆီတင်ပို့နိုင်ငံတွေဟာ လုပ်သားပြတ်လပ်မှု၊ ဆိုးရွားတဲ့ရာသီဥတုဒဏ်တွေကြောင့် အခက်ကြုံနေနှင့်ကြတာပါ။ အဲဒီအချိန် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လိုက်တာက ကမ္ဘာ့ကောက်ပဲသီးနှံကုန်သွယ်ရေးကို ထပ်ပြီးတော့ ပြတ်တောက်စေကာ လူသုံးအများဆုံး စားဆီနှစ်မျိုးဖြစ်တဲ့ စားအုန်းဆီနဲ့ ပဲပုပ်ဆီ ဈေးနှုန်းတွေကို စံချိန်တင်အမြင့်ဆုံးထိ တွန်းတင်ပေးခဲ့ပါတယ်။ အစိုးရတွေဟာ ဒီအခြေအနေကို ကြားဝင်ဖျန်ဖြေတဲ့အနေနဲ့ ပို့ကုန်ကန့်သတ်တာ၊ ဈေးနှုန်းထိန်းချုပ်တာနဲ့ ကုန်လှောင်သူတွေကို ဖြိုခွင်းတာတွေ လုပ်လာကြပါတယ်။ ဒါပေမဲ့ ကြီးမြင့်လာတဲ့နှုန်းထားတွေက အိမ်ရှင်မတွေရဲ့ ဈေးစာရင်းစာရွက်ပေါ်အထိ ရောက်လာနေပြီ။ အာရှမှာ ပွဲတော်ရာသီကလည်း နီးကပ်လာပြီဆိုတော့ စားသုံးသူတွေဟာ မဖြစ်မနေ အသုံးအစွဲ ချွေတာလာကြရပါတော့တယ်။

အိန္ဒိယအရှေ့ပိုင်း ဩရိသပြည်နယ်ထဲက အသက် ၄၈ နှစ်အရွယ် လမ်းဘေးစားသောက်ဆိုင်ရှင် ရာဂျူးဆာဟိုဟာ နေ့စဉ် စားအုန်းဆီဝယ်ယူသုံးစွဲမှုကို ထက်ဝက်လျှော့ချလိုက်ပြီး ၁၅ ကီလိုသာ သုံးပါတော့တယ်။ ဆီနဲ့ကြော်ရတဲ့ အစားအသောက်တွေ လျှော့ရောင်းပြီး ပေါင်းရတဲ့အစာတွေကို ပိုမိုရောင်းချလာပါတယ်။

"အခုတော့ တစ်နေ့ကို ဖက်ထုပ်ကြော် ၃၀၀-၄၀၀ လောက်ပဲ ကြော်ဖြစ်တော့တယ်။ အရင်ကတော့ အခု ၁၀၀၀ လောက်အထိ ကြော်ဖြစ်တယ်။ လာစားတဲ့သူတွေ ရွေးချယ်စရာ ပိုရအောင် မုန့်ပေါင်းနဲ့ ဂျုံယာဂုတို့ စလုပ်ကြည့်နေတယ်" လို့ ဆာဟိုက ပြောပါတယ်။

ဟင်းချက်ဆီပြတ်လပ်မှုဟာ ပြီးခဲ့တဲ့ နှစ်ကစပြီး ဆိုးရွားနေခဲ့တာပါ။ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု ဒုတိယအများဆုံး မလေးရှားနိုင်ငံမှာ လုပ်သားပြတ်လပ်ပြီး စားအုန်းဆီထုတ်လုပ်မှု တဟုန်ထိုး ကျဆင်းခဲ့ပါတယ်။ နောက်ပြီးတော့ မိုးခေါင်မှုကြောင့် ကနေဒါမှာ ကာနိုလာသီးနှံနဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားမှာ ပဲပုပ်သီးနှံ စတဲ့ ဆီထွက်သီးနှံတွေ အများအပြား အထွက်ကျခဲ့ပါတယ်။ ဖောက်သည်နိုင်ငံတွေဟာ ဆီလိုအပ်ချက်အတွက် ယူကရိန်းနဲ့ ရုရှားဆီကလာတဲ့ နေကြာဆီနဲ့ အစားထိုးမယ်လို့ အားခဲထားခဲ့ကြပေမဲ့ ကျူးကျော်စစ်က အဲဒီဖြစ်နိုင်ခြေကို အဆုံးသတ်စေခဲ့ပါတယ်။

 

ဈေးကွက်ကလည်း ရုရှားကျူးကျော်စစ်ကို တမဟုတ်ချင်း တုံ့ပြန်ခဲ့တာပါ။ အဓိက စားဆီလေးမျိုးဖြစ်တဲ့ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီနဲ့ နေကြာဆီဈေးတွေ ထောင်တက်သွားခဲ့ပါတယ်။ ဒီလိုမြင့်တက်မှုဟာ သကြားလုံးကနေ ချောကလက်အထိ စားသောက်ကုန်အမျိုးမျိုးကို ဈေးပိုကြီးမြင့်စေတဲ့ပုံစံနဲ့ ဈေးဝယ်သူတွေအပေါ် ဝန်ပိစေပါတယ်။ အာဖရိက ဆာဟာရတောင်ပိုင်းဒေသနဲ့ တောင်အာရှဒေသတို့ဟာ ဆင်းရဲမွဲတေမှု ပိုကြုံလာရကြောင်း LMC က မက်ဂီးက ပြောပါတယ်။ ဝယ်အားပျက်သုဉ်းမှုလည်း ရုတ်ချည်း မြင့်တက်လာနိုင်ပြီး လုပ်ငန်းတွေဟာ ဆီ‌လျှော့သုံးတာဖြစ်ဖြစ်၊ ထုတ်ကုန်အရွယ်အစား လျှော့တာဖြစ်ဖြစ် လုပ်လာကြတော့မယ်လို့ သူက ဆက်ပြောပါတယ်။

သာဓကတစ်ခုကတော့ ယူကရိန်းစစ်ပွဲအကျိုးဆက်အနေနဲ့ စရိတ်စကတွေ မြင့်တက်လာမှုကြောင့် အိုင်ဗရီကို့စ်နိုင်ငံမှာ အစိုးရက ဈေးပုံသေ သတ်မှတ်ပေးထားတဲ့ ပေါင်မုန့်လုံးတွေကို အလုံးဆိုဒ် လျှော့ချထုတ်လုပ်ဖို့ စိတ်ကူးနေကြတာပါ။ လက်ရှိခွင့်ပြုထားတဲ့ အလေးချိန် ၂၀၀ ဂရမ်အစား ၁၅၀ ဂရမ် ပြောင်းထုတ်ဖို့ အဆိုပြုထားတယ်လို့ အိုင်ဗရီကို့စ်ပေါင်မုန့်ဖုတ်လုပ်ငန်းရှင်များအသင်းက သောကြာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယခုလို အပြောင်းအလဲတွေကြောင့် အထူးသဖြင့် အိန္ဒိယလိုနိုင်ငံမှာ လူထုအုံကြွမှုတွေ ဖြစ်လာနိုင်တယ်လို့ Fitch Solutions ဈေးကွက်အတိုင်ပင်လုပ်ငန်းရဲ့ သုတေသီတစ်ဦးဖြစ်သူ ဘရိုက်စ်ဒန်လော့က ပြောပါတယ်။ "အိန္ဒိယမှာ အခြေခံစားသောက်ကုန်စည် ပြတ်လပ်မှုနဲ့ ဆက်နွှယ်ပြီး လူထုအုံကြွမှု ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိပါတယ်။ ဟင်းသီးဟင်းရွက်ဆီဟာ အိန္ဒိယဟင်းလျာအမျိုးမျိုးမှာ အဓိကထည့်ဝင်ပစ္စည်းဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

စစ်ပွဲဟာ ဓာတ်မြေသြဇာဈေးစံချိန်တင်မြင့်တက်မှုကိုလည်း ပိုဆိုးလာစေတာကြောင့် ဒီကနေ စားသောက်ကုန်ဈေး ပိုမိုကြီးမြင့်လာစေဖို့သာ ရှိပါတယ်။ ဘရာဇီးလယ်သမား ဇီတိုဒိုနာဒယ်လိုကတော့ လာမယ့်ရာသီ ပဲပုပ်သီးနှံမှာ ဓာတ်မြေသြဇာသုံးစွဲမှုကို ၃၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် ဘရာဇီးမြောက်ပိုင်း မာတိုဂရော့ဆိုဒေသရှိ ဟက်တာ ၄၀၀ အကျယ် သူ့စိုက်ခြံကနေ အထွက်နှုန်း ကျဆင်းလာဖို့ အလားအလာ များနေပါတယ်။ ဒိုနာဒယ်လိုဟာ မနှစ်တုန်းက အဆမတန်မြင့်တက်ခဲ့တဲ့ ဓာတ်မြေသြဇာဈေး ပြန်ကျအလာကို စောင့်နေခဲ့တာကြောင့် စက်တင်ဘာလစိုက် သီးနှံအတွက် မြေဆီ ဝယ်မထည့်ခဲ့ရပါဘူး။ ယခုတော့ ကျူးကျော်စစ်ပွဲကြောင့် ပိုမိုတုန်လှုပ်စရာအခြေအနေသစ်ကို ရင်ဆိုင်နေရပါပြီ။ ပဲပုပ်ဈေးတွေလည်း လိုက်ပါမြင့်တက်လာပေမဲ့ စိုက်စရိတ်မြင့်တက်မှုကို ထေခုနိုင်ဖို့အထိတော့ မလုံလောက်ပါဘူး။

ဒါပေမဲ့ ဒိုနာဒယ်လိုရဲ့ အစီအစဉ်ဟာ ဘရာဇီးနိုင်ငံရဲ့ အကြီးမားဆုံးလယ်ယာလုပ်ငန်းစု Aprosoja ရဲ့ တိုက်တွန်းချက်နဲ့ ကိုက်ညီနေပါတယ်။ "မြေကြီးထဲမှာ ဓာတ်မြေသြဇာတွေ စုထားပြီးသားပါ။ အခုလို ဒုက္ခရောက်နေတဲ့အချိန်မျိုးမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဈေးအဆမတန်ပေးပြီး ဘာကိုမှ မဝယ်ယူဖို့ တောင်သူလယ်သမားတွေကို ပြောထားပါတယ်" လို့ Aprosoja ရဲ့ အကြီးအကဲ အန်တိုနီယိုဂယ်လ်ဗန်က ပြောပါတယ်။

ဒီလိုအဖြစ်တွေ ကြုံနေရတာ သီးနှံစိုက်ပျိုးရေးမှာတင် မဟုတ်ပါဘူး။ ရှီကာကိုနဲ့ အနီးနားဆင်ခြေဖုံးရပ်ကွက်တွေမှာ ဂျိုးဖွန်တာနာ ပိုင်ဆိုင်တဲ့ Fry the Coop လို့ ခေါ်တဲ့ ကြက်ကင်ဆိုင် ငါးနေရာ ရှိပါတယ်။ ကြက်သားဈေးတွေဟာ ကပ်ရောဂါကြောင့် ကြက်သားစက်ရုံတွေ ပိတ်ခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက မြင့်တက်နေခဲ့တာပါ။ ယခုတော့ ဘရာဇီးမှာ မိုးခေါင်မှုနဲ့ ယူကရိန်းစစ်ပွဲတို့ကြောင့် ကြက်စာဈေး တက်လာတာနဲ့အမျှ ကြက်သားဈေးတွေပါ လိုက်ပါမြင့်တက်နေပါတယ်။

ဖွန်တာနာက ကာနိုလာလို ဆီထွက်သီးနှံကနေ ထွက်တဲ့ ဟင်းသီးဟင်းရွက်ဆီတွေကိုတော့ အစကတည်းက ရှောင်ကြဉ်သုံးစွဲလာခဲ့တာပါ။ သူက အမဲဆီတစ်မျိုးတည်းကိုသာ သုံးပြီး သူ့ဆိုင်အတွက် ကြက်သားနဲ့ အာလူးတွေကို ကြော်လှော်လာခဲ့တာပါ။ ဒါပေမဲ့ သားသတ်ရုံပြဿနာတွေနဲ့ ပြည့်ဖြိုးမြဲဒီဇယ်စွမ်းအင်ထုတ်ဖို့ အမဲဆီ အဝယ်လိုက်လာတာတွေကြောင့် အဲဒီဆီဈေးကလည်းပဲ မြင့်တက်နေပါတယ်။

"၂၀၂၁ ဇန်နဝါရီ နောက်ပိုင်းလောက်ကတည်းက အစစအရာရာဈေးနှုန်းဟာ နှစ်ဆနီးပါးလောက် တက်နေတယ် ထင်ပါတယ်။ အမဲဆီ ပေါင် ၅၀ တစ်ပုံး ဈေးနှုန်းဟာ ၂၉ ဒေါ်လာလောက် နှစ်အကြာကြီး ရပ်တည်လာခဲ့ပြီးမှ အခုတော့ ၅၆ ဒေါ်လာ ဖြစ်နေပြီ" လို့ သူက ပြောပါတယ်။

ဖွန်တာနာက အသားညှပ်ပေါင်မုန့်ဈေးနှုန်းကို သုံးလေးကြိမ်လောက် ဈေးတင်လာခဲ့ပြီးပါပြီ။ ၁၀ ဒေါ်လာအထိ ထပ်တိုးဖို့လည်း ပြင်ဆင်ထားပါသေးတယ်။ သူ့ ဆိုင်က အသားညှပ်ပေါင်မုန့်ဟာ အရသာ ရှိပေမဲ့ ဈေးကြီးလှတယ်လို့ စားသုံးသူတွေကတော့ ပြောပါတယ်။ "ခရီးသွားဟန်လွှဲ လာစားတဲ့သူမျိုးကိုသာ ဈေးတစ်ခုခု တင်ရောင်းလို့ကောင်းတာပါ။ ဒါပေမဲ့ စိုးရိမ်မိတာတစ်ခုက အသားညှပ်ပေါင်မုန့်တစ်ခုကို ၁၅ ဒေါ်လာလောက်ထိ တင်ရောင်းရမဲ့အခြေအနေကို ရောက်လာမှာကိုပါ" လို့ သူက ပြောပါတယ်။

သူက သူ့ဆီ ကုန်ကြမ်းပေးသွင်းသူတွေနဲ့ စာချုပ်တွေ ပြန်လည်ညှိနှိုင်းနေသလို သူဆိုင်အားလုံးအတွက် တစ်နေရာကနေ ကြက်သားပြင်ဆင်ပေးဖို့လည်း စီစဉ်နေပါတယ်။ လက်ရှိတော့ လုပ်သားခနဲ့ သဘာဝဓာတ်ငွေ့ဈေးတွေကလည်း သိသိသာသာ တက်နေတာကြောင့် အရှုံးမပေါ်ရုံတစ်မယ် ဖြစ်နေပါတယ်။

အခြားလူကြိုက်များအစားအသောက်တွေလည်းပဲ ချမ်းသာရာရမှာမဟုတ်ပါဘူး။ ပီဇာဆိုင်တွေက ပီဇာထဲ ထည့်ရတဲ့ ပက်ပါရိုနီဖတ်တွေကို တစ်ဝက်လောက် လျှော့ချလာနိုင်တယ်လို့ Rabobank အဖွဲ့ရဲ့ စောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ခရစ္စတင် မက်ခရက်ကန်က ပြောပါတယ်။ ဒီလောက်နဲ့တင် ပြီးမသွားသေးပါဘူး။

"ဝက်ဆားနယ်ခြောက်တွေလည်း သတိထားကြည့်လိုက်ပါ။ ဆိုင်တွေက အသားညှပ်ပေါင်မုန့်အတွင်း ဝက်ဆားနယ်ခြောက် တစ်လွှာလောက် လျှော့ထည့်လာကြပါတော့မယ်" လို့ မက်ခရက်ကန်က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Soaring Prices Are Changing the Way People Eat - Bloomberg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်