ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၄၆၀၀ က ဆွမ်ပရာဘွမ် ကော်ဖီ

22/02/2022 07:00 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၆၀၀ ရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်မှာ မူလစိုက်ပျိုးလက်စကော်ဖီပင်တွေကို ဝင်ငွေရသီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ မြစ်ကြီးနား - ပူတာအိုလမ်း ကောင်းမွန်လာတဲ့အပြင် သစ်တောတွေ ကျန်ရှိနေသေးတဲ့ ဆွမ်ပရာဘွမ်ဒေသမှာ အရိပ်ပင်ကြိုက်တဲ့ ကော်ဖီသီးနှံရွေးချယ်စိုက်ပျိုးဖို့ သင့်တော်နေတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆွမ်ပရာဘွမ်မြို့နယ်က တောင်သူဦးလှတော်က အခုလိုပြောပါတယ်။

“ အရင်ကတည်းက စိုက်ပျိုးရေးဝါသနာပါလို့ တစ်နိုင်တစ်ပိုင်ကော်ဖီတွေ အနည်းအကျဉ်း စိုက်ပျိုးပါတယ်။ ရောင်းဝယ်၊ စီးပွားရေးအဖြစ်ကတော့မလုပ်နိုင်သေးဘူး။ ဒါပေမယ့် မိသားစုသောက်သုံးနိုင်ဖို့အတွက် ကော်ဖီ တွေကို စမ်းသပ်စိုက်ပျိုးတဲ့အနေနဲ့ နည်းနည်းပါးပါးတော့ ခံစားရတာပေါ့။ ကျွန်တော်ဆို အသက်က ရလာပြီဆိုတော့ လောလောဆယ်စိုက်ထားမယ်လေ။ မလုပ်နိုင်မကိုင်နိုင်ရင်ရောင်းစားမယ်လေ။ အသက်မွေးဝမ်း ကျောင်းအနေနဲ့ ရည်မှန်းထားပါတယ်။ ကော်ဖီက ဝယ်တဲ့လူရှိပါတယ်။ မဝယ်လည်း မြစ်ကြီးနားမှာ ရောင်းလို့ ရပါတယ်။ အခွံချွတ်ပြီးသားပါ" 

ဆွမ်ပရာဘွမ်ကော်ဖီ

၁၉၃၀ခုနှစ်မတိုင်ခင်ကတည်းက ခရစ်ယာန်သာသနာပြုများကစိုက်ပျိုးစေခဲ့တဲ့အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုရှိခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၀ဝ ပြည့်နှစ်ကာလမှာ အစိုးရ ကော်ဖီစီမံကိန်းအရ ကချင်ပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်မှာ ကော်ဖီစိုက်ဧက တစ်သောင်းစိုက်ပျိုးသွားဖို့ လျာထားသတ်မှတ်ခဲ့ပါတယ်။  အဲ့ဒီနောက် ၂၀၁၇ ခုနှစ်မှာ ကော်ဖီစိုက်ဧက ၂၁၀၆ ဧက စိုက်ပျိုးပြီးစီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဆွမ်ပရာဘွမ်မြို့နယ်အနီးတစ်ဝိုက်မှာ ချုံဆန်သောအပင်ပုမှ အပင်ကြီးထိ အပင်ပုံ အမျိုးမျိုးရှိတဲ့ ကော်ဖီပင်ကြီးများကိုအနည်းငယ်တွေ့ရမှာဖြစ်ပါတယ်။ 

ဒေသတွင်းကော်ဖီ သောက်သုံးမှုကတော့ အနည်းအကျဉ်းသာရှိပြီး မိသားစု အိမ်ခြံဝန်း အတွင်းမှ ထွက်ရှိလာတဲ့ ကော်ဖီတွေကို သစ်သားဆုံထဲမှာအခွံချွတ်ပြီး လှော်ယူသောက်သုံးတဲ့ အလေ့အထလည်း ရှိပါတယ်။ ကော်ဖီလှော်သောက်တဲ့ နည်းစနစ်ကိုလည်း ဆွမ်ပရာဘွမ်မြို့ နယ် မြို့မရပ်ကွက်က ဒေါ်ထုလိုင်က အခုလို ရှင်းပြပါတယ်။

၂၀၂၁ ကော်ဖီရာသီတွင် လှော်ရန်အသင့်အခွံချွတ်ထားသော ဆွမ်ပရာဘွမ်ကော်ဖီ…

" လှော်တဲ့အခါကျတော့ မီးပြင်းရင်လည်းမကောင်းဘူး။ မပြင်းရင်လည်းမကောင်းဘူး။ ဖြည်းဖြည်းနဲ့ မီးထိုးပြီးတော့ နည်းနည်းကြွပ်လာပြီဆိုရင် ဝါးကြည့်လိုက်ရင် အားလုံးကနည်းနည်းဝါးကြည့်လိုက်ရင် အရောင်က ပြောင်းလာပြီ ဆိုရင် ထောပတ်နည်းနည်းထည့်လိုက် ပြန်လှော်၊ အထဲက ဝါးကြည့်လိုက်ရင် နည်းနည်းအနံ့အရောင် ထွက်လာပြီ ဆိုရင်ချပြီ။ ပြန်ဝါးကြည့်၊ ပြန်လှော်။ အအေးခံထားပြီး ထောင်းရတယ် "

ဆွမ်ပရာဘွမ်ဒေသမှာ ဒေသတွင်းလိုအပ်တဲ့ ဝမ်းစာကိုတောင်ယာမှာ အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ မျောက်ဥ၊ ပိန်းဥ၊ ကန်စွန်းဥ စတဲ့ ဟင်းသီးဟင်းရွက်များကို တောင်ယာအတွင်းမှာပဲ ရောစိုက်ကြပါတယ်။

တောင်ယာသီးနှံတွေရရှိလာပါက သုံးပုံတစ်ပုံကိုစားပြီး ကျန်သုံးပုံနှစ်ပုံကိုတော့ ဆားနဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေဝယ်ယူဖို့ ပြန်လည်ရောင်းချကြပါတယ်။ တောင်ယာထွက်သီးနှံက မိသားစုအခြေခံ လိုအပ်ချက် လောက်သာ ဖြည့်ဆည်းနိုင်တဲ့အတွက် ကော်ဖီကို ဝင်ငွေရသီးနှံအဖြစ် အခင်းသစ်တွေတည်ထောင်ပြီးရွေးချယ် စိုက်ပျိုးလာကြတာပဲ ဖြစ်ပါတယ်။

၂၀၂၁ ဆွမ်ပရာဘွမ်ကော်ဖီရာသီမှာ ကော်ဖီကို မိရိုးဖလာအတိုင်းသစ်သားဆုံနဲ့ ထောင်း အခွံချွတ်နေစဉ်…

ဆွမ်ပရာဘွမ်မြို့နယ်က ကမ္ဘာ့ဈေးကွက်ရှိတဲ့ ကုန်းမြင့်ကော်ဖီ ဖြစ်ထွန်းနိုင်တဲ့ ရေ၊ မြေ၊ ရာသီဥတုနဲ့ စိုက်ပျိုး ထုတ်လုပ်သူတောင်သူရှိပေမယ့်လည်း ပင်လယ်ရေမျက်နှာပြင် အမြင့်ချင်းတူညီတဲ့ ရှမ်းပြည်နယ်ရွာငံဒေသလို ဒေသနဲ့ ကိုက်ညီတဲ့ မျိုးရွေးချယ်စိုက်ပျိုးတာကစလို့ စနစ်တကျခူးဆွတ်ပြီး အရည်သွေးကောင်း ကော်ဖီ ထုတ်လုပ်နိုင်တဲ့ နည်းပညာနဲ့ဈေးကွက်အပိုင်းကတော့ နောက်ကျကျန်နေခဲ့ပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်ကတော့ နည်းပညာနဲ့ ဈေးကွက်တွေ အခုထက်ပိုပြီးဖြစ်ထွန်းလာရင် ကော်ဖီစိုက်ဧကတွေအသင့်ရှိနိုင်အောင် ပြင်ဦးလွင်မြို့နယ်က ကော်ဖီမျိုးတွေကို မှာယူပျိုးထောင်ကာ တောင်သူများကိုဖြန့်ဝေပေးနေတယ်လို့ဆိုပါတယ်။

“ စိုက်ပျိုးရေးက စိုက်သင့်သလောက်စိုက်တယ်။ အချိန်တန်လို့ လမ်းပန်း ဆက်သွယ်ရေး ကောင်းလာရင် မီးတွေဘာတွေရလာရင် စိုက်ပြီးသားအခင်းရှိရင် နောက်ပိုင်း ရိတ်သိမ်းချိန်လွန်နည်းပညာရပ်တွေ ထပ်ဆောင်း ပေးလာနိုင်တယ်လို့ မြင်ထားလို့ပါ။ အပင်ရေ ငါးထောင်လောက်ရှိပါတယ်။ လက်ရှိမြေပြင်အနေထားမှာတော့ ၇၀၀၀ ဝန်းကျင် စိုက်ထားပါတယ်”

ယခင်က ဆွမ်ပရာဘွမ်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့အတွက် ဝမ်းစာအတွက်သာ အဓိကထား ရတဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကနေ မူလသစ်တောကို မထိခိုက်ပဲ ဝင်ငွေရသီးနှံအဖြစ် ကော်ဖီကိုစိုက်ပျိုးဖို့ ရည်ရွယ်လာကြတာပဲဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်ကော်ဖီအဖြစ် ကမ္ဘာ့ကော်ဖီဈေးကွက်မှာ ထုတ်ကုန်အမယ်သစ် ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းနာယက ဦးဝင်းအောင်ကျော်က ပြောပါတယ်။

" ကော်ဖီက နှစ်ရှည်လည်း အကြာကြီးထားလို့ရတယ်လေ။ မြန်မာ့ကော်ဖီကလည်း ကမ္ဘာမှာ တော်တော် ပေါက်သွားတော့ ဆွမ်ပရာဘွမ်ကော်ဖီက နာမည်တစ်ခုအနေနဲ့ ထွက်လာနိုင်စရာ ရှိတာပေါ့။ မျိုးကောင်း မျိုးသန့်အရေးကြီးတယ်။ သူလိုချင်တဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့်နဲ့ ကိုက်ညီတဲ့။ မြေချဉ်ငံကိန်းက ၄.၅ နဲ့ ၅.၅ ကြားမှာရှိရမယ်။ အရိပ်ရှိတယ်ဆိုရင်တော့ ဒီကော်ဖီက သိပ်ပြီးတော့ စိုးရိမ်ကြောင့်ကြစရာမလိုဘူးပေါ့။ ဈေးကွက်လည်း ရနိုင်တယ်" 

ကမ္ဘာမှာ ကော်ဖီမျိုးစိတ်ပေါင်း ၇၀ ရှိတဲ့အနက် စိုက်ပျိုးစီးပွားအရ တွက်ခြေကိုက်တဲ့ အာရေးဗီးကား၊ ရိုဘတ် စတာ၊ လိုက်ဘရီကာ၊ အိတ်ဆယ်စာ ကော်ဖီမျိုးစိတ် ၄မျိုးကို သာ အဓိကစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အာရေးဗီးကား S 795 စတင်စိုက်ပျိုးခဲ့ပြီး ၁၉၆၈ ခုနှစ် နောက်ပိုင်းမှာတော့ အာရေးဗီးကားကုန်းမြင့် ကော်ဖီအုပ်စုဝင် ကတ်ကျူရာနဲ့ မြေနိမ့်ကော်ဖီမျိုးဖြစ်တဲ့ ရိုဘတ်စတာကော်ဖီမျိုးတွေကို စိုက်ပျိုးခဲ့တာဖြစ်ပါ တယ်။

အဲ့ဒီနောက်ပိုင်းမှာ ဆွမ်ပရာဘွမ်ဒေသအပါအဝင် ကုန်းမြင့်ကော်ဖီ အာရေးဗီးကားမျိုးတွေကိုသာ အများဆုံး စိုက်ပျိုးလာခဲ့တဲ့အတွက် ပြင်ဦးလွင်ဒေသမျိုး S – 795, Caturrai, Catimor, Blue Mountain, Catuai, Costarica T – 5175 စတဲ့ အာရေးဗီးကားကော်ဖီမျိုးကွဲအမျိုးပေါင်း ၂၀ လောက်ကိုစိုက်ပျိုးလျက် ရှိပါတယ်။

၂၀၁၈ - ၂၀၁၉ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးမှာ ကော်ဖီစိုက်ဧက ငါးသောင်းနီးပါးရှိပြီး ကချင်ပြည်နယ် မှာတော့ ၁၃၅၇ ဧက ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ စိုက်ဧက တစ်ထောင်ကျော်ကနေ ကော်ဖီတန်ချိန် တစ်သိန်းခြောက်သောင်းကျော်ထွက်ရှိနေတယ်လို့ဖော်ပြထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်