ဝက်မွေးသူတွေ သတိပြုသင့်တဲ့ ဝက်နားရွက်ပြာရောဂါ

23/11/2022 10:40 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်နားရွက်ပြာရောဂါကို PRRS (Porcine Reproductive and Respiratory Symdrome)ဟု ခေါ်ပါသည်။ ကူးစက်မြန်ပြီးရောဂါပြင်းထန်သဖြင့် ဝက်မွေးမြူသူများဂရုပြုသင့်သော ရောဂါတစ်မျိုးဖြစ်ပါသည်။

ရောဂါဖြစ်ပွားသည့်အကြောင်းအရင်း

  • ဝက်နားရွက်ပြာရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်မှာ RNA ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး ဥရောပမျိုးကွဲနှင့် မြောက်အမေရိကမျိုးကွဲဟူ၍ ၂ မျိုး ရှိကြသည်။
  • အာရှနိုင်ငံအများစုတွင် မြောက်အမေရိကမျိုးကွဲ၌ပါဝင်သည့် တရုတ်မျိုးစိတ်ကြောင့် ဖြစ်ပွားကြောင်း တွေ့ရှိရပါသည်။
  • ဝက်နားရွက်ပြာရောဂါသည် အသက်ရှူလမ်းကြောင်းများ၌ ဖြစ်ပွားတတ်ပြီး ဝက်၏ နှာရည်၊တံတွေး၊ ဆီး၊ ကျင်ကြီးနှင့် သုတ်ပိုးတို့မှတဆင့် ကူးစက်ပျံ့နှံ့စေနိုင်ပါသည်။

ရောဂါကူးစက်နှုန်း

  • ဝက်အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်မှုနှုန်း ၅၀% မှ ၁၀၀% အထိ ရှိသည်။
  • နို့စို့ဝက်ငယ်နှင့် ဝက်ငယ်ကလေးများတွင် သေပျောက်နှုန်း ပိုမိုများပြားပါသည်။
  • မျိုးဝက်မကြီးများတွင် ကူးစက်ဖြစ်ပွားပါက သားလျှောခြင်း၊ အသေမွေးခြင်းများ ဖြစ်ပွားစေသဖြင့် ဆုံးရှုံးမှုများပြားစေပြီး ဂရုစိုက်သင့်သော ရောဂါတစ်ခုဖြစ်သည်။

ရောဂါလက္ခဏာများ

  • ရောဂါဖြစ်ပွားသောဝက်သည် အစာစားပျက်သည်။
  • ဖျားနာသည်။
  • ကိုယ်အပူချိန် ၄၀ မှ ၄၂ ဒီဂရီစင်တီဂရိတ်အထိ ရှိလာမည်။
  • နှာရည်ယိုခြင်း၊ နှာချေခြင်းများ ဖြစ်လာမည်။
  • အသက်ရှူကျပ်ပြီး မျက်မြှေးရောင်ခြင်း၊ မျက်စိနာခြင်းများ ဖြစ်လာမည်။
  • အရေပြားများ နီလာပါမည်။
  • နားရွက်၊ ဝမ်းဗိုက်နှင့် အမတန်ဆာများတွင် အနီရင့်ရောင်၊ အပြာရောင်အကွက်များ ဖြစ်လာပါမည်။
  • ဝမ်းလျှောတတ်ပါသည်။
  • ခန္ဓာကိုယ်ဒယီးဒယိုင်ဖြစ်၍ နောက်ပိုင်းမသန် ချိနဲ့လာပါမည်။
  • ဝက်မကြီးများတွင် သားလျှောခြင်း၊ သားပျက်ခြင်း၊ အသေမွေးခြင်း၊အင်အားချိနဲ့သော ဝက်ကလေးများမွေးခြင်း၊ အသေအခြောက်ကလေးများ မွေးတတ်ပါသည်။

ကုသခြင်း

  • ဝက်နားရွက်ပြာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်၍ ကုသရန်ဆေးမရှိပါ။
  • အခြားနောက်ဆက်တွဲရောဂါများ မဖြစ်ပွားအောင်သာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အာဟာရပြည့်ဝသည့် အစာနှင့် ရေကို ကျွေးမွေးတိုက်ကျွေးခြင်းဖြင့် ဆုံးရှုံးမှု လျော့ပါးစေနိုင်ပါသည်။
  • ရောဂါဖြစ်ပွားသည့်ဝက်နှင့် ၎င်းဝက်၏အညစ်အကြေးများ၊ အစာကြွင်းအစာကျန်များတွင် ရောဂါ ပိုးပါရှိနိုင်သဖြင့် ၄င်းပစ္စည်းများ၊အညစ်အကြေးများကို စနစ်တကျသုတ်သင်ရှင်းလင်းနိုင်ရန် လိုအပ်ပါသည်။ 

ကာကွယ်ခြင်း

  • ရောဂါဖြစ်ပွားသောဝက်ကို နေရာရွှေ့ပြောင်းခြင်းမပြုဘဲ အတူနေနေသော ကျန်းမာသည့်ဝက်များကိုသာရွှေ့ပြောင်းမွေးမြူရပါမည်။
  • ရောဂါဖြစ်ပွားသော ခြံနေရာနှင့် ပတ်လည်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မွေးမြူရေးခြံသုံး ပိုးသတ် ဆေးဖျန်းခြင်းများပြုလုပ်ရပါမည်။ 
  • ရောဂါဖြစ်၍ သေဆုံးသောဝက်ကို ပိုးသတ်ဆေးဖျန်း၍ ၆ ပေအနက်ကျင်းတူး၍ မြှုပ်ရပါမည်။ ဖြစ်နိုင်ပါက မီးရှို့ဖျက်ဆီးခြင်းသည် အကောင်းဆုံးဖြစ်သည်။
  • တစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူများသည် ခြံလှောင်မွေးမြူခြင်းထက် လွှတ်ကျောင်း၍မွေးတတ်ပြီး လွှတ်ကျောင်းမွေးမြူသူများတွင် အများဆုံးဖြစ်ပွားကြောင်း တွေ့ရပါသည်။ 
  • ဝက်စာကိုစနစ်တကျစပ်၍ ကျွေးသူများတွင် ဖြစ်ပွားမှုနည်းသည်။
  • စားသောက်ဆိုင်များမှာ အစာကျန်များကိုစု၍ကျွေးသူများတွင် ဖြစ်ပွားမှု ပိုမိုများပြားပါသည်။ 
  • ဖြစ်နိုင်ပါက အစာကျန်များကို ပွက်ပွက်ဆူအောင်ပြုတ်၍ အအေးခံပြီးမှကျွေးလျှင် ရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်မည်ဖြစ်ပါသည်။

ကာကွယ်ဆေး

  • ဝက်နားရွက်ပြာရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကာကွယ်ဆေးထိုး၍ ရပါသည်။
  • သို့သော် ကာကွယ်ဆေးသည် ဖော်စပ်ထားသည့် ဗိုင်းရပ်စ်မျိုးကွဲတစ်ခုတည်းကိုသာ ကာကွယ်ပေးနိုင်ပြီး အခြားပိုးမျိုးကွဲဝင်ရောက်လာပါက ကာကွယ်မှု မပေးနိုင်ပါ။
  • ပိုးအရှင်သုံးကာကွယ်ဆေးထိုးထားသည့် ဝက်များသည် ဗိုင်းရပ်စ်ပိုးအရှင်များ ပြန်လည်စွန့်ထုတ်တတ်ကြသည်။
  • သို့ဖြစ်၍ ကာကွယ်ဆေးအသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်