ရ ကောက် ရထားကြီး ပျော်ပျော်စီး

05/05/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ဧပြီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။

တရုတ်နိုင်ငံ၊ ကွမ်တုန်း(Guangdong) ပြည်နယ်၊ ကွမ်ကျိုး(Guangzhou) ဘူတာရုံကြီးဆီသို့ အအေးခန်း ကုန်သေတ္တာများ တင်ဆောင်ထားသည့် ရထားကြီးတစ်စင်း ဆိုက်ရောက်လာသည်။ ထိုရထားကြီးသည် တရုတ်-လာအို-ထိုင်း သုံးနိုင်ငံခရီးကို ချီတက်အပြီး မိခင်နိုင်ငံသို့ ပြန်လည်‌ရောက်ရှိလာခြင်း ဖြစ်သည်။ ရထားပေါ်တွင်တော့ ထိုင်းနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် အနံ့အရသာကောင်းမွန်လှသော ဒူးရင်းသီး ၄၁၄ တန်ကို တာရှည်အထားခံစေရန် အအေးခန်းကွန်တိန်နာများတွင်ထည့်သွင်းကာ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။ 

ထိုရထားကြီး၏ အသွားအပြန်ခရီးစဉ်က အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ  ကွမ်တုန်း-ဟောင်ကောင်-မကာအို ကမ်းရိုးတန်းဒေသကြီး (GBA) ကြီးတို့အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာကြောင်း ဖော်ပြနေသည်။

ထိုဒေသနှစ်ခုအကြား ကွန်တိန်နာရထားများ ပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ အအေးခန်းပါသည့် ကုန်တင်ရထားများ ပြေးဆွဲခြင်းကိုမူ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ယင်း ပထမဆုံး အအေးခန်းကုန်တင်ရထားခရီးစဉ်တွင် ကွမ်တုန်းပြည်နယ်၊ ရှန်ကျန်း(Shenzhen) မြို့မှ တန်ချိန် ၁၁၂၀ ရှိသည့် မုယောစပါးများ၊ ဟင်းသီးဟင်းရွက်များနှင့် သွားရည်စာသကြားလုံးနှင့် အချိုမုန့်များကို တင်ဆောင်ကာ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကွမ်တုန်းမှ ထွက်လာသော ကုန်တင်ရထားများသည် လာအိုနိုင်ငံသို့ ၅ ရက်အတွင်းရောက်ရှိပြီး ထိုင်းနိုင်ငံသို့ ၇ ရက်အတွင်း ရောက်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင်၊ တရုတ်-လာအို-ထိုင်း ကုန်တင်ရထားဖြင့် ကွမ်တုန်းမြို့မှ စတင်ထွက်ခွာသော ခရီးစဉ်အကြိမ်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့သည်။ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အကြား ယင်းရထားဖြင့် ကုန်သွယ်ခဲ့သည့် ကုန်ပစ္စည်းအမျိုးအစား ၃၀ ကျော်ရှိခဲ့ပြီး ကုန်ချိန်ပမာဏမှာလည်း ၁၀၁၅၇ တန် ဖြစ်လာခဲ့သည်။ 

တကယ်တော့ဖြင့် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မီးရထားလမ်း စတင်အသက်ဝင်လာခြင်း က အရှေ့တောင်အာရှဒေသ၏ စီးပွားရေးပုံသဏ္ဍာန်ကို များစွာပြောင်းလဲစေတော့မည်ဖြစ်သည်။ အထူးသဖြင့် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်သော လာအိုနိုင်ငံကို တရုတ်နှင့် အာဆီယံနိုင်ငံများအကြားက ကုန်သွယ်ရေးကြားခံနိုင်ငံတစ်ခု ဖြစ်လာစေပြီး၊ ဝင်ငွေတိုးတက်ရရှိဖို့ များစွာ အထောက်အကူပြုတော့မည် ဖြစ်သည်။

လာအိုနိုင်ငံသည် တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ဝန်းရံထားသည့် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကုန်သွယ်ရေးအတွက် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်သည့် ပင်လယ်ဆိပ်ကမ်း လုံးဝမရှိသည့် လာအိုနိုင်ငံသည် ကုန်သွယ်ရေး နှစ်ပေါင်းများစွာ နစ်နာခဲ့ရသည်။ ယခုတော့ဖြင့် တရုတ် - လာအို မီးရထားလမ်းက လာအိုကို တရုတ်၊ ထိုင်းတို့နှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့ များစွာ အထောက်အကူပြုနေပြီ ဖြစ်သည်။ 

၂၀၂၃ ခုနှစ် ပထမ ၃ လပတ်အတွင်း တရုတ် - လာအို မီးရထားလမ်းကို အသုံးပြု၍ ကုန်သွယ်ခဲ့သည့် ပမာဏမှာ ယမန်နှစ်ကထက် ၂၄၇.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု ဆိုသည်။ အကောက်ခွန်ဌာနများ၏ ကိန်းဂဏန်းများအရ အဆိုပါ ၄ လအတွင်း ရထားလမ်းဖြင့် ကုန်သွယ်ခဲ့သည့် ကုန်ချိန်ပမာဏမှာ တန်ချိန် ၁.၀၃၃ သန်းအထိ ရှိခဲ့သည်ဟု ဆိုသည်။

လာအိုအာဏာပိုင်များ၏ အဆိုအရ လာအိုနိုင်ငံကို ဖြတ်သန်းခဲ့သည့် ကုန်တင်ရထားခရီးစဉ် အရေအတွက် ၉၅၄ ခု ရှိခဲ့ပြီး နှစ်စဉ် ၁၁၂.၄၇ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ကုန်ပစ္စည်းအမျိုးအစား ၂၀၀၀ ကျော် ပါဝင်ခဲ့သည်ဟုလည်း ဆိုသည်။ တရုတ်မှ လာအိုသို့ စက်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ ပန်းများနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ အဓိက တင်ပို့ခဲ့ခြင်း ဖြစ်သည်။

လာအိုမှ တရုတ်နိုင်ငံသို့ သံရိုင်းများ၊ ပီလောပီနံနှင့် ဘာလီတို့ အဓိကတင်ပို့ခဲ့သည်။ တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ရေတွက်လျှင် အချိန်ကာလ ၁၆ လသာ ရှိသေးသော်လည်း ကုန်သွယ်ရေးမှာ များစွာ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အသေအချာပင် ဖြစ်သည်။ 

သည်အခြေအနေကို အခြားသူများကလည်း စောင့်ကြည့်မနေပါ။ 

ထိုင်းနိုင်ငံမှ သယ်ဆောင်လာသော ဒူးရင်းသီးတွေသည် ရထားတစ်ဆင့်တည်းဖြင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ရောက်ရှိလာခြင်းတော့ မဟုတ်ပြန်ပါ။ တရုတ် - လာအို - ထိုင်း သုံးနိုင်ငံ ရထားလမ်းဟု ဆိုသော်လည်း ထိုင်းမှ တရုတ်သို့ ရထားကြီးတစ်စင်း တိုက်ရိုက်မောင်းနှင်လာရန်အတွက် အခက်အခဲတစ်ခု ရှိနေပါသည်။

တရုတ်နှင့် လာအိုအကြား ဖောက်လုပ်ထားသည့် ရထားလမ်းသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ မီးရထားလမ်း၏အကျယ်မှာ နိုင်ငံတကာစံနှုန်းဖြစ်သော ၁၄၃၅ မီလီမီတာ (standard gauge 1435 mm) ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ရထားလမ်းများမှာ စံနှုန်းအဟောင်းဖြစ်သည့် ၁၀၀၀ မီလီမီတာကို အသုံးပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် အကျယ်မတူသော ရထားလမ်းပေါ်တွင် ရထားတစ်စင်းတည်း တောက်လျှောက်မောင်းနှင်ရန်မှာ မဖြစ်နိုင်တော့ပေ။ 

ထို့ကြောင့်ပင် ထိုင်းနိုင်ငံမှ လာအိုနိုင်ငံသို့ ရောက်ရှိလာသော ကုန်တင်ရထားများသည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော် တောင်ပိုင်းရှိ  ကုန်တင်ရထား ရပ်နားစခန်းတွင် ရပ်နားရသည်။ ထိုမှတဆင့် ကုန်တင်တွဲများကို ဗီယန်ကျင်းမြို့တော် မြောက်ပိုင်းရှိ တရုတ် - လာအို မီးရထားလမ်းအတွက် တည်ဆောက်ထားသည့် ကုန်တင်ရထား ရပ်နားစခန်းသို့ ပို့ဆောင်ရသည်။ ယင်းရပ်နားစခန်းတွင် နိုင်ငံတကာစံနှုန်းရထားအတွက် လိုင်းတစ်လိုင်းနှင့် ထိုင်းစံနှုန်းရထားအတွက် လိုင်းနှစ်လိုင်းကို ထည့်သွင်းတည်ဆောက်ထားသည်။ ယင်းနေရာတွင် ထိုင်းရထားပေါ်မှ ကွန်တိန်နာများကို တရုတ်ရထားပေါ်သို့  ပြောင်းရွှေ့တင်ဆောင်ရသည်။ ရထားတွဲ ၂၅ တွဲကို တပြိုင်နက်တည်း ရွှေ့ပြောင်းပစ်နိုင်အောင် ဆောက်လုပ်ထားသည်ဟု သိရသည်။ 

ထိုင်းနိုင်ငံအနေဖြင့် လာအိုကိုဖြတ်ကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးကို ယခုထက်ပိုမို၍ အဆင်ပြေပြေ ဆောင်ရွက်ချင်သည်။ ထို့ကြောင့်ပင် လာအိုတွင် တစ်ထောက်မနားဘဲ ရထားကို ဘန်ကောက်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ တိုက်ရိုက်မောင်းနှင်နိုင်ရေးကို အာရုံစိုက်နေသည်။

ယင်းအတွက် ယခင်ကတည်းက ရှိနေသော ထိုင်းစံနှုန်း ရထားလမ်းအစား နိုင်ငံတကာစံနှုန်းရှိသော ရထားလမ်း အသစ်တစ်ခုကို ဘန်ကောက်မှ ဗီယန်ကျင်းအထိ ဖောက်လုပ်ရမည် ဖြစ်သည်။ ယင်းရထားလမ်းကို ၂၀၂၈ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု ဆိုသည်။ ယင်းရထားလမ်းပြီးသွားလျှင်တော့ဖြင့် တရုတ် - လာအို - ထိုင်း သုံးနိုင်ငံ မီးရထားလမ်းပေါ်တွင် ကုန်တင်ရထား၊ လူစီးရထားများ အရပ်အနားမရှိ ပြေးဆွဲနိုင်တော့မည် ဖြစ်သည်။ ထိုသို့ဆိုပါက ယင်း ၃ နိုင်ငံအကြား ကုန်သွယ်ရေး မှာလည်း ယခင်ကထက် များစွာ ပိုမိုတိုးတက်လာမည် ဖြစ်သည်။

ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သည့် တရုတ် - လာအို မီးရထားလမ်းကို အသုံးချကာ သူ့နိုင်ငံအတွက် အချီကြီး ကြံနေပြီဟု ဆိုနိုင်ပါသည်။ ထိုင်းနိုင်ငံမှ ထွက်ရှိသမျှ ထုတ်ကုန်များနှင့်၊ ထိုင်းဆိပ်ကမ်းများသို့ ရောက်ရှိလာသည့် ကုန်ပစ္စည်းအားလုံးကို လာအို၊ တရုတ် ပြည်မကြီး၊၊ ကိုရီးယားနှင့် ဂျပန်တို့တိုင်အောင် အချိန်တိုအတွင်း ပို့ဆောင်ရောင်းချနိုင်တော့မည် ဖြစ်သည်။ ထို့အတူ ထိုဒေသများမှ ထုတ်ကုန်များ (အထူးသဖြင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းမှ ထုတ်ကုန်များ) ကို ဘန်ကောက်သို့ သယ်ဆောင်လာကာ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိနိုင်မည် ဖြစ်သည်။ 

တရုတ်နှင့် လာအိုနိုင်ငံများအကြား မီးရထားဖြင့် ကုန်သွယ်ကြသည့်အခြေအနေကို ထိုင်းနိုင်ငံတစ်နိုင်ငံတည်းက အကွက်မြင်ကာ အသုံးချသည်တော့ မဟုတ်ပါ။ တရုတ် - လာအို - ထိုင်း မီးရထားလမ်းကို လမ်းလယ်မှဖြတ်ကာ လူကြုံလိုက်ချင်သည့် နိုင်ငံတစ်နိုင်ငံရှိနေပါသေးသည်။ ယင်းမှာ ဗီယက်နမ်နိုင်ငံဖြစ်ပါသည်။ 

ဗီယက်နမ်သည် တရုတ် - လာအို ရထားလမ်းကို ဗီယက်နမ်နိုင်ငံမှ လှမ်း၍ ချိတ်ဆက်ရန် ပြင်ဆင် နေပြီဖြစ်သည်။ ဗီယက်နမ်နိုင်ငံမှ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် DEOCA Group သည် လာအို စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော PTL နှင့် သဘောတူစာချုပ်တစ်ခုကို မတ်လအတွင်း ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်အရ ဗီယက်နမ်နိုင်ငံ၏ ဆိပ်ကမ်းတစ်ခုဖြစ်သော Vinh An နှင့် လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်း (Vientiane) တို့အကြား အကွာအဝေး ၅၅၄.၇ ကီလိုမီတာရှိသော ရထားလမ်းတစ်ခုကို ဖောက်လုပ်သွားကြမည် ဖြစ်သည်။ ရထားလမ်းဖောက်လုပ်ပြီးပါ က အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ နှုန်းဖြင့် ရထားများ ပြေးဆွဲနိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏက ယူရိုငွေ ၅၈၂ သန်းခန့် ရှိလိမ့်မည်ဟု အကြမ်းဖျဉ်း ခန့်မှန်းထားသည်။ 

တကယ်တော့ တရုတ် နှင့် ဗီယက်နမ်အကြားတွင် နယ်စပ်ဖြတ်ကျော်ပေးဆွဲနိုင်သည့် ရထားလမ်း ရှိပြီး ဖြစ်သလို လက်တွေ့ကုန်သွယ်ရေးအတွက်လည်း အသုံးပြုနေပြီးသား ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်၍ တရုတ်နှင့်ဗီယက်နမ်အကြား ကုန်တင်ရထားများ ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်မှ ကုန်စည်များကို ရထားဖြင့် သယ်ဆောင်ပြီး တရုတ်နိုင်ငံကို ဖြတ်သန်းကာ ဥရောပနိုင်ငံများအထိ ပို့ဆောင်ရောင်းချမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ သို့တိုင်အောင် ဗီယက်နမ်အနေဖြင့် တရုတ် - လာအို - ထိုင်း ရထားလမ်းကို တတ်နိုင်သမျှ အသုံးချကာ ကုန်သွယ်ရေးကို မြှင့်တင်နိုင်အောင် ကြံ‌ဆောင်နေဆဲ၊ လက်တွေ့ လုပ်ဆောင်နေဆဲ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ 

မည်သို့ပင်ဖြစ်စေ။ ထိုင်းနိုင်ငံမှ ဒူးရင်းသီးများကတော့ ရကောက် ရထားကြီး ပျော်ပျော်စီးကာ တရုတ်နိုင်ငံသို့ရောက်ရှိလာခဲ့ပါပြီ။ အပူပိုင်းဒေသသီးနှံဖြစ်သော ဒူးရင်းသီးသည် သမပိုင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံဈေးကွက်မှာ ဈေးကောင်းရပြီး မျက်နှာပန်းလှနေမည်မှာတော့ အသေအချာပင် ဖြစ်သည်။ 

မြန်မာတို့၏ သီးနှံထုတ်ကုန်များသည်လည်း မည်သည့်အခါကျတော့မှ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ကြပါမည်နည်း။ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ၁၈.၇ ရာခိုင်နှုန်းရှိသော တရုတ်နိုင်ငံ၊ ၁၇.၇ ရာခိုင်နှုန်းရှိသော အိန္ဒိယနိုင်ငံ၊ ၈.၅၈ ရာခိုင်နှုန်းရှိသော အာဆီယံ၊ ၂.၂ ရာခိုင်နှုန်းရှိသော ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံတို့၏ အလယ်ဗဟိုတွင် တည်ရှိနေပါသည်။ တနည်းအားဖြင့် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၄၇.၁၈ ရာခိုင်နှုန်းအလယ်တွင် တည်ရှိနေခြင်း ဖြစ်ပါသည်။ နောက်ထပ် မြင်သာအောင် ပြောရပါလျှင် ကမ္ဘာပေါ်တွင် လူ ၁၀၀ ရှိပါက ၄၇ ယောက်မှာ မြန်မာ့တို့၏ အိမ်နီးချင်း ဖြစ်ပါသည်။ ယင်းဈေးကွက်ကြီးကို အသုံးချနိုင်ကြဖို့ လိုပါသည်။ 

ထို့ကြောင့် မြန်မာပြည်က စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။ 

စာရေးသူ၏မှတ်ချက်

ယခုဆောင်းပါးသည် တရုတ်ရထားလမ်းများအကြောင်း ကြော်ငြာပေးဖို့ လုံးဝ(လုံးဝ) မဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် သူတို့အတွက် ပေးလာသည့်အခြေအနေကို မည်သို့စဉ်းစားသည်၊ မည်သို့အသုံးချသည်ကို မြန်မာ့စိုက်ပျိုးမွေးမြူရေးသမားများ စဉ်းစားတွေးတောကြည့်နိုင်စေဖို့ အချက်အလက်များကို ရှာဖွေစုစည်းတင်ပြထားခြင်းသာ ဖြစ်ပါသည်။ 

သက်ခိုင် စုစည်းတင်ပြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်