စိုက်/မွေး နယ်ပယ်က သူဌေးကြီးများနှင့် ချမ်းသာခြင်းနည်းလမ်းစနစ်များ

27/06/2023 15:04 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ပျိုးမွေးမြူရေးနယ်ပယ်ဆိုတာ ကမ္ဘာ့ရှေးအကျဆုံးနဲ့ မရှိမဖြစ်ဆုံး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီနယ်ပယ်မှာလုပ်ကိုင်ရင်း ကြွယ်ဝချမ်းသာဆုံးဖြစ်နေတဲ့သူတွေလည်းရှိပါတယ်။ ဆိုတော့ သင်ဟာလည်း ဒီနယ်ပယ်မှာ ကျင်လည်နေသူဆိုရင် ၂၀၂၃ ခုနှစ်မှာ ဒီနယ်ပယ်က ကမ္ဘာ့ကြွယ်ဝ ချမ်းသာဆုံးဖြစ်နေသူတွေအကြောင်းနဲ့ သူတို့ဘယ်လိုဘယ်ပုံ ချမ်းသာလာကြသလဲဆိုတာကို ဖော်ပြပေးသွားမယ့် ဒီဆောင်းပါးကို ဆက်ဖတ်ဖို့ လိုပါလိမ့်မယ်။

စိုက်/မွေးနယ်ပယ်က အချမ်းသာဆုံးဖြစ်နေသူ ၁၂ ဦးဟာ ဘယ်သူလဲဆိုတာ အခု အပိုင်း(၁) မှာ ဖော်ပြပေးသွားမှာဖြစ်ပြီး ဒီလိုဖြစ်လာဖို့ သူတို့အသုံးပြုခဲ့တဲ့စနစ်တွေအကြောင်း၊ အောင်မြင်မှုရဲ့လျှို့ဝှက်ချက် တွေအကြောင်းကိုတော့ အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

(၁) လျူယောင်ရှင်

နိုင်ငံ - တရုတ်

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၇.၂ ဘီလျံ (သန်း ၇၂၀၀)

၁၉၄၆ ခုနှစ်ဖွား လျူယောင်ရှင်ဟာ တရုတ်နိုင်ငံရဲ့အကြီးမားဆုံးတိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်နေတဲ့ East Hope Group ရဲ့ပိုင်ရှင်ဖြစ်သလို ဥက္ကဋ္ဌနေရာရယူထားသူတစ်ဦးပါ။ East Hope Group ဟာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်တင်မက အိမ်ခြံမြေနဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေမှာပါ ရင်းနှီးမြှုပ်နှံ မှုတွေလုပ်ထားတာပါ။

ဒါပေမဲ့ အထင်ရှားဆုံးကတော့ ကြက်စာနဲ့တိရစ္ဆာန်စာထုတ်လုပ်ရေးနယ်ပယ်မှာဖြစ်ပြီး တရုတ်ရဲ့ ပဲပိစပ်ဆီ အကြီးဆုံးထုတ်လုပ်သူလည်းဖြစ်ပါတယ်။

(၂) လျူယောင်ဟောင်

နိုင်ငံ - တရုတ်

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၄.၆ ဘီလျံ (သန်း ၄၆၀၀)

သူက ဒုတိယမြောက်အချမ်းသာဆုံးသူမဟုတ်ပေမဲ့ တဆက်တည်းပြောရတာက အထက်မှာဖော်ပြခဲ့တဲ့ လျူယောင်ရှင်ရဲ့ညီဖြစ်နေလို့ပါ။ သူကတော့ တရုတ်နိုင်ငံရဲ့အကြီးဆုံးပုဂ္ဂလိကကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ New Hope Group ကို တည်ထောင်သူပါ။ 

New Hope Group ရဲ့ အဓိကအလုပ်တွေကတော့ စိုက်ပျိုးရေးနဲ့ တိရစ္ဆာန်မျိုးစပ် သားဖောက်ရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ အကြီးဆုံးတိရစ္ဆာန်စာထုတ်လုပ်ဖြန့်ချိတဲ့ကုမ္ပဏီတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

(၃) မင်းသား ဆူလ်တန်ဘင်မိုမာမက်

နိုင်ငံ - ဆော်ဒီအာရေဗျ

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၅.၈ ဘီလျံ

၁၉၅၈ ခုနှစ်ဖွား မင်းသား ဆူလ်တန်ဘင်မိုမာမက်ကတော့ အရှေ့အလယ်ပိုင်းဒေသရဲ့ အကြီးဆုံးနွားနို့ ထုတ်လုပ်ရေးလုပ်ငန်း Almarai ကုမ္ပဏီရဲ့ တည်ထောင်သူဖြစ်ပါတယ်။

ကုမ္ပဏီဟာ သူ့ဆီကထုတ်တဲ့ အဆင့်အတန်းမြင့် နို့ထွက်ပစ္စည်းထုတ်ကုန်တွေကြောင့် နာမည်ကြီးပြီး အရှေ့အလယ်ပိုင်းဒေသတွင်းတစ်ခုလုံးကို ဖြန့်ဖြူးတာဖြစ်ပါတယ်။

(၄) စတူးဝပ်နှင့် လင်ဒါရက်စ်နစ်

နိုင်ငံ - အမေရိကန်

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၄.၆ ဘီလျံ

စတူးဝပ်ရက်စ်နစ်နဲ့ လင်ဒါရက်စ်နစ် ဇနီးမောင်နှံတို့ကတော့ သလဲသီး၊ အယ်လ်မွန်စေ့၊ ပစ္စတာချီယိုစေ့နဲ့ ရှောက်၊ လိမ္မော်သီးတွေထုတ်လုပ်ဖြန့်ဖြူးတဲ့ The Wonderful ကုမ္ပဏီရဲ့ ပိုင်ရှင်တွေဖြစ်ကြပါတယ်။ 

စတူးဝပ်ရက်စ်နစ်ကို နယူးဂျာစီပြည်နယ်မှာ ၁၉၃၅ ခုနှစ်က မွေးဖွားခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ကိုင်ခင်တုန်းက အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှာလုပ်ကိုင်ခဲ့တာပါ။ လင်ဒါရက်စ်နစ်ကိုတော့ ၁၉၄၁ ခုနှစ်မှာ ကယ်လီဖိုးနီးယားမှာမွေးဖွားခဲ့ပြီး စာရေးဆရာနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။

(၅) ဟာရီစတိုင်း

နိုင်ငံ - အမေရိကန်

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၄ ဘီလျံ

သာမန်တောင်သူလေးဘဝကနေ ထိပ်ဆုံးကိုတက်လှမ်းနိုင်ခဲ့သူတွေအကြောင်းပြောမယ်ဆိုရင် ဟာရီစတိုင်းဟာ အကြီးဆုံးဥပမာပေးရမယ့်သူပါ။ သူဟာ ပြောင်းနဲ့ပဲပုပ်မျိုးဗီဇသစ်တွေကို မှတ်ပုံတင် စမ်းသပ်ရင်း Monsanto နဲ့ Syngenta တို့လို စိုက်ပျိုးရေးလောကရဲ့ ထိတ်ထိတ်ကြဲ သိပ္ပံနဲ့နည်းပညာ၊ ဓာတုဆေးဝါးနဲ့ ဇီဝနည်းပညာဆိုင်ရာကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ထိ စွမ်းဆောင်နိုင်ခဲ့သူပါ။ 

တောင်သူတစ်ဦးရဲ့သားဖြစ်ပြီး ငယ်စဉ်ကတည်းက မျိုးစေ့တွေကို သူအရမ်းစိတ်ဝင်စားခဲ့တာပါ။ အပျော့စားအော်တစ်ဇင်နဲ့စာဖတ်ခက်ရောဂါမျိုးရှိသူဖြစ်ပေမဲ့ စတိုင်းဟာ သူ့ရဲ့အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို ရအောင် အကောင်အထည်ဖော်နိုင်ခဲ့သူ ဖြစ်ပါတယ်။ 

(၆) အန်ဒရေဘာဗစ်

နိုင်ငံ - ချက်ပြည်ထောင်စု

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၄ ဘီလျံ

၁၉၅၄ ခုနှစ်တုန်းက ဆလိုဗက်ကီးယားမှာမွေးဖွားခဲ့တဲ့ ဘာဗစ်ဟာ ချက်ပြည်ထောင်စုရဲ့ အကြီးဆုံး စိုက်ပျိုးမွေးမြူရေးကုမ္ပဏီ Agrofert ရဲ့ ပိုင်ရှင်ပဲဖြစ်ပါတယ်။

ကုမ္ပဏီဟာ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး၊ တိရစ္ဆာန်သားပေါက်မျိုးစပ်မွေးမြူထုတ်လုပ်ရေးနဲ့ တိရစ္ဆာန် စာထုတ်လုပ်ရေး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်တာပါ။

ဘာဗစ်ဟာ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပြီး ၂၀၁၇ ကနေ ၂၀၂၁ ထိ ချက်နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

(၇) ရှင်ယင်လင်း

နိုင်ငံ - တရုတ်

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံ

၁၉၆၆ ဖွား ရှင်ယင်လင်းကတော့ တရုတ်နိုင်ငံရဲ့အကြီးဆုံးဝက်မွေးမြူရေးလုပ်ငန်းစု Muyuan foods ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ သူ့ရဲ့ကုမ္ပဏီဟာ အရည်အသွေးမြင့်ဝက်သားထုတ်လုပ်ဖြန့်ဖြူးရေးနဲ့ နာမည်ကြီးပါ တယ်။ 

(၈) လွှတ်တော်အမတ် ဘလဲရိုမက်ဂီ

နိုင်ငံ - ဘရာဇီး

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံ

ဘလဲရိုမက်ဂီကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖခင် အန်ဒရေမက်ဂီတည်ထောင်ခဲ့တဲ့ Andre Maggi Group ကုမ္ပဏီကို ဆက်ခံရသူပါ။ ဒီကုမ္ပဏီကတော့ ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံး ပုဂ္ဂလိက ပဲပုပ်ထုတ်လုပ်ရေးလုပ်ငန်းကိုလုပ်ကိုင်တာဖြစ်ပြီး ဘရာဇီးစိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာတော့ အထင်ရှားဆုံးဖြစ်ပါတယ်။

တရုတ်ရဲ့ပဲပုပ်ဝယ်လိုအားတွေ တရိပ်ရိပ်တိုးမလာခင်ကတည်းက မက်ဂီကုမ္ပဏီဟာ ပဲပုပ်ထုတ်လုပ် ရေးကို အကြီးအကျယ်တိုးချဲ့လုပ်ကိုင်ခဲ့လို့ ရောင်းလိုအားများသွားပြီး ဈေးတွေကျသွားဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ တရုတ်ရဲ့ဝယ်လိုအားဟာ သူ့ရဲ့ထုတ်လုပ်နိုင်စွမ်းထက်ကို ပိုမိုကျော်လွန်နေ ပါပြီ။ 

၁၉၉၀ ခုနှစ်တွေကစလို့ ဘရာဇီးကို အမေရိကန်နောက် ကမ္ဘာ့ဒုတိယပဲပုပ်ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာရေးလုပ်ဆောင်ခဲ့ရာမှာ မက်ဂီကုမ္ပဏီဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(၉) ဗာဒင်မော့ရှ်ကိုဗစ်ချ်

နိုင်ငံ - ရုရှား

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ

ဗာဒင်မော့ရှ်ကိုဗစ်ချ်ကတော့ ဝက်သားနဲ့သကြားထုတ်လုပ်ရေးကုမ္ပဏီ RUSAGRO GROUP ရဲ့ စီအီးအိုပါ။ သူ့ကုမ္ပဏီဟာ ရုရှားမှာ ကြီးကြီးမားမားအောင်မြင်နေပြီး ရုရှားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေထဲမှာ ထိပ်တန်းတစ်ခုပါ။ သူ့ကုမ္ပဏီထုတ် အရည်အသွေးမြင့်စားသောက်ကုန်တွေကို ဒေသတွင်းသာမက နိုင်ငံတကာဈေးကွက်တွေထိ တင်ပို့နေရတာဖြစ်ပါတယ်။

အချမ်းသာဆုံးတောင်သူလုပ်ငန်းရှင်တွေထဲကတစ်ဦးဖြစ်နေပေမဲ့ မော့ရှ်ကိုဗစ်ချ်ဟာ သူ့ရဲ့ လုပ်ငန်းတွေနဲ့ထုတ်လုပ်နိုင်စွမ်းတွေ ပိုမိုမြင့်မားနေဖို့ အမြဲကြံစည်ကြိုးစားနေဆဲပါပဲ။ သူ့ရဲ့ စွန့်ဦးတီထွင်လိုစိတ်နဲ့ စိုက်ပျိုးမွေးမြူရေးအပေါ် စိတ်အားထက်သန်လွန်းမှုကြောင့် ကမ္ဘာအနှံ့က တောင်သူတွေရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေသူပါ။

(၁၀) တိုနီပါရစ်ချ်

နိုင်ငံ - ဩစတေးလျ

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ

တိုနီပါရစ်ချ်ကတော့ ဩစတေးလျရဲ့ အကြီးဆုံးနို့စားနွားမွေးမြူရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Perich Group ကုမ္ပဏီရဲ့ပိုင်ရှင်ပါ။

သူ့ရဲ့ကုမ္ပဏီဟာ အရည်အသွေးမြင့်နို့ထွက်ပစ္စည်းထုတ်ကုန်တွေကြောင့် နာမည်ကြီးပြီး တခြား စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေဖြစ်တဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း၊ အသားတိုးကျွဲနွားမွေးမြူရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်တာဖြစ်ပါတယ်။

(၁၁) ကောလင်းနဲ့ ဒေးလ် အာမာ ညီအစ်ကို

နိုင်ငံ - နယူးဇီလန်

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ

ကောလင်းနဲ့ ဒေးလ် အာမာ ညီအစ်ကိုနှစ်ဦးကတော့ နယူးဇီလန်ရဲ့ အကြီးဆုံးနို့စားနွားမွေးမြူရေး လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Dairy Holdings ကုမ္ပဏီရဲ့ ပိုင်ရှင်တွေ ဖြစ်ပါတယ်။ 

သူတို့ကုမ္ပဏီဟာ တခြားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဖြစ်တဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနဲ့ သိုးမွေး မြူရေးလုပ်ငန်းတွေကြောင့်လည်း နာမည်ကြီးပါတယ်။ 

(၁၂) ဟောင်းဝပ်ဘက်ဖက်

နိုင်ငံ - အမေရိကန်

အသားတင်ကြွယ်ဝချမ်းသာမှု - အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ

အမေရိကန်တောင်သူလုပ်ငန်းရှင်တစ်ဦးဖြစ်သလို အလှူအတန်းရက်ရောသူလည်းဖြစ်တဲ့ ဟောင်းဝပ် ဘက်ဖက်ကတော့ မျိုးရိုးနဲ့ချမ်းသာသူလို့ ပြောရမလိုပါပဲ။ ဘာလို့လဲဆိုတော့ ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဝါရင်းဘက်ဖက်ရဲ့သားမို့လို့ပါ။ ဟောင်းဝပ်ဘက်ဖက်ကတော့ အမျိုးမျိုးသော စိုက်ပျိုးမွေးမြူရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Howard G.Buffett ဖောင်ဒေးရှင်းရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။

၁၉၅၄ ဖွား ဟောင်းဝပ်ဘက်ဖက်ဟာ စိုက်ပျိုးရေးသာမက စီးပွားရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဓာတ်ပုံလုပ်ငန်း၊ အလှူအတန်းလုပ်ငန်းတွေမှာလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။

ကောလိပ်သုံးခုကနေ ထုတ်ပယ်ခံခဲ့ရပေမဲ့ ဘက်ဖက်ဟာ စိုက်ပျိုးရေးလုပ်ငန်းကို အာရုံစိုက် လုပ်ကိုင်ခဲ့ပြီး ပြောင်းနဲ့ ပဲပုပ်တွေ စိုက်ပျိုးခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ အီလီနွိုက်စ်မှာ ဧက ၁၅၀၀ လုပ်ကိုင်နေသလို နီဗရက်စ်စကာမှာလည်း သူ့ရဲ့သားဖြစ်သူနဲ့အတူ စိုက်ပျိုးရေးတွေ တိုးချဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဖောင်ဒေးရှင်းအနေနဲ့ အရီဇိုးနားမှာ ဧက ၃၉၀၀၊ အီလီနွိုက်စ်မှာ ဧက ၄၄၀၀ နဲ့ တောင်အာဖရိကမှာ ဧက ၉၂၀၀ စတဲ့ စိုက်ခင်းတွေမှာ စိုက်ပျိုးရေးသုတေသနလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။

Ref: https://agrolearner.com/richest-farmers-in-the-world

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်