ချစ်သူများနေ့မှာ နွားတွေကို ပွေ့ဖက်ခိုင်းမဲ့အိန္ဒိယ နဲ့ ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ

13/02/2023 18:30 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ကမ္ဘာတလွှား စိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းတွေကို ရွေးချယ်တင်ပြဖို့ အပတ်စဉ် ကြိုးစားခဲ့ရာမှာ ဒီတစ်ပတ်မှာတော့ အိမ်နီးနားချင်း ထိုင်းနိုင်ငံက မွေးမြူရေးကဏ္ဍကို အသုံးပြုပြီး ခရီးသွားလုပ်ငန်းအတွက် ဝင်ငွေရှာဖွေပုံ၊ အိန္ဒိယနိုင်ငံရဲ့ အံ့အားသင့်ဖွယ် ချစ်သူများနေ့ အထူးအစီအစဉ်နဲ့၊ သိုးအုပ်ကို လန့်အောင်လုပ်မိတဲ့ ခွေးလေးကြောင့် ခွေးပိုင်ရှင် တရားရုံးရောက်သွားတဲ့ သတင်းတွေကို စုံစီနဖာ တင်ပြထားပါတယ်။ လေ့လာကြည့်ကြပါဦးခင်ဗျား။ 

ထိုင်းမှာလုပ်မဲ့ အာရှတိုက်ရဲ့ အကြီးဆုံးမွေးမြူရေးပြပွဲကြီး

အာရှတိုက်ရဲ့ အကြီးမားဆုံး မွေးမြူရေးထုတ်ကုန်နဲ့ နည်းပညာပြပွဲကြီးဖြစ်တဲ့ VIV Asia 2023 ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က IMPACT ပြပွဲခန်းမကြီးမှာ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်ကနေ ၁၀ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

တစ်နှစ်ခြားတစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အဲဒီပြပွဲကြီးဟာ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးတစ်ကြိမ် ကျင်း ပခဲ့ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ဆက်လက်မကျင်းပနိုင်ခဲ့ဘဲ အခုမှ ပြန်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဟာ VIV Asia ပြပွဲတွေစတင်ခဲ့တဲ့အချိန်ကစတင်ရင် အနှစ် ၃၀ ပြည့်မြောက်တဲ့ ပြပွဲလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတွေနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာမို့ ပိုပြီးတော့လည်း စည်ကားလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပသွားတဲ့ VIV Asia 2019 ပြပွဲကို နိုင်ငံပေါင်း ၁၂၀ ကျော်က လာရောက်လေ့လာသူ ၄၅,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာတလွှားက မွေးမြူရေးနဲ့ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တွေ၊ နည်းပညာတွေကို တစ်စုတစည်းတည်း ခင်းကျင်းပြသမှာမို့ အာရှဒေသက မွေးမြူရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေ၊ ပညာရှင်တွေ စုရုံးလေ့ရှိတဲ့ အဲဒီ VIV Asia ပြပွဲကြီးကို “From Feed To Food” ဆိုတဲ့ ရည်မှန်းချက်နဲ့ ခင်းကျင်းပြသမှာ ဖြစ်တယ်လို့ ပြပွဲစီစဉ်သူ VNU ကုမ္ပဏီက ဆိုပါတယ်။

ဆိုလိုတာကတော့ မွေးမြူရေးလုပ်ငန်းကဏ္ဍရဲ့ တန်ဖိုးကွင်းဆက်အစဖြစ်တဲ့ တိရစ္ဆာန်အစာ (Feed) ကနေ၊ တန်ဖိုးကွင်းဆက်အဆုံးဖြစ်တဲ့ အသား၊ နို့၊ ဥ အစရှိတဲ့ စား သောက် ကုန် (Food) တွေအထိ တန်ဖိုးကွင်းဆက်တလျှောက်လုံးမှာ လိုအပ်သမျှ ထုတ်ကုန်နဲ့ နည်းပညာတွေကို တစ်နေရာတည်းမှာ လေ့လာနိုင်အောင် ခင်းကျင်းပြသမဲ့ပြပွဲဖြစ်ပါတယ်။

ပြပွဲကျင်းပဖို့ တစ်လဝန်းကျင် လိုသေးတဲ့ အချိန်မှာတောင် ပြပွဲမှာ ပါဝင်ပြသဖို့ ပြင်ဆင်ပြီးသား ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တကယ်တော့ VIV Asia ပြပွဲကြီး ကျင်းပမဲ့ IMPACT ခန်းမကြီးဟာ ကမ္ဘာ့အကြီးဆုံး ပြပွဲခန်းမတွေထဲက တစ်ခုဖြစ်ပြီး အကျယ်အဝန်းဟာ ဘောလုံးကွင်း ၁၄ ကွင်းစာ ရှိပါတယ်။ လူဦးရေ ၁၂၀၀၀ ကို တပြိုင်နက်တည်း လက်ခံပြီး ပြပွဲတွေကျင်းပနိုင်တဲ့ ခန်းမကြီး ဖြစ်ပါတယ်။ ဒါကြောင့် VIV Asia ပြပွဲကြီးရဲ့ အရွယ်အစားကို ခန့်မှန်းကြည့်နိုင်ပါတယ်။ VIV Asia 2023 ပြပွဲနဲ့အတူ အသားထုတ်ကုန်တွေ အဓိက ခင်းကျင်းပြသသွားမယ့် Meat Pro Asia 2023 ပြပွဲကိုပါ ပူးတွဲကျင်းပသွားမှာပါ။

ပြပွဲကာလအတွင်းမှာ နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပြီး အစီအစဉ်ပေါင်း ၁၀၀ ကျော်မှာ ထိပ်တန်းပညာရှင် ၂၀၀ ဦးကျော်က ပါဝင်ဆွေးနွေးဟောပြောသွားမှာဖြစ်တယ်လို့ VNU က ထုတ်ပြန်ကြေညာထားပါတယ်။ 

အဲဒီပြပွဲကြီးကို မြန်မာနိုင်ငံက မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ မွေးမြူရေးအသင်းအဖွဲ့တွေကလည်း သွားရောက်လေ့လာကြဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုကာလမှာ နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားခြင်းနဲ့ သက်တမ်းတိုးခြင်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲရှိတာမို့ မျှော်မှန်းထားသလောက်တော့ သွားရောက်လေ့လာနိုင်ကြမှာ မဟုတ်ပါဘူး။ 

ဒီပြပွဲကြီးရဲ့ သတင်းဟာ မြန်မာ့မွေးမြူသူများအတွက် စိတ်ဝင်စားစရာ ပြည့်နှက်နေပါတယ်။ ပြပွဲအတွင်းမှာ ဘယ်လိုနည်းပညာတွေ၊ ဘယ်လိုထုတ်ကုန်တွေ ပြသပြီး မြန်မာ့မွေးမြူရေးကဏ္ဍထဲကို ထိုးဖောက်ဝင်ရောက်လာမလဲဆိုတာ စိတ်လှုပ်ရှားစရာပါ။ ဒါ့အပြင် အဲဒီလို ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ပြပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ထိုင်းနိုင်ငံကိုလည်း အတုယူအားကျစရာ ကောင်းလှပြန်ပါတယ်။

မွေးမြူရေးကဏ္ဍဆိုတာ တိရစ္ဆာန်တွေ မွေးမြူပေးရုံ မဟုတ်ပါဘူး။ မိမိတို့မှာ အစွမ်းရှိရင် ရှိသလောက်၊ ဉာဏ်ရှိရင် ရှိသလောက် အခြားကဏ္ဍတွေနဲ့ ချိတ်ဆက်ပြီး တိုင်းပြည်အတွက် ဝင်ငွေ ရှာနိုင်တာကို ထိုင်းနိုင်ငံကနေ လေ့လာနိုင်ပါတယ်။ ၃ ရက်တာ ကျင်းပမယ့် VIV Asia ပြပွဲတစ်ပွဲကို လူပေါင်း ၄၅,၀၀၀ လာရောက်လေ့လာကြမှာမို့ အဲဒီ လူတွေရဲ့ လေကြောင်းခရီးစဉ်က ရတဲ့ ဝင်ငွေ၊ တည်းခိုစရိတ်တွေ၊ အစားအသောက်နဲ့၊ ခရီးသွားလာစရိတ်တွေ၊ ပြပွဲခန်းမ ငှားရမ်းခတွေ၊ အခွန်အခတွေ၊ ပြပွဲနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံအတွင်း ခရီးသွားလည်ပတ်ခြင်းက ရရှိလာမယ့် ငွေတွေဟာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေထဲကို စီးဝင်လာကြမှာ ဖြစ်ပါတယ်။ 

မြန်မာ့မွေးမြူသူများအနေနဲ့ကတော့ အဲဒီအနေအထားတွေကို ရရှိဖို့ ခဏထားလို့ တစ်နာရီကျော်ကျော် လေယာဉ်စီးရင်ရောက်တဲ့ အဲဒီပြပွဲကြီးကို သွားရောက်လေ့လာဖို့ စရိတ်ခံခေါ်မယ့်သူရှိရင်တောင် နိုင်ငံကူးလက်မှတ် အခက်အခဲကြောင့် သက်ပြင်းချရင်း နေရမဲ့သူတွေ တစ်ပုံတစ်ပင်ကြီး ရှိနေတဲ့အကြောင်း သက်ပြင်းရှည်ချရင်း စိတ်ဝင်စားစရာသတင်းအဖြစ် တင်ပြလိုက်ရပါတယ်။ 

ချစ်သူများနေ့မှာ နိုင်ငံသားတွေကို နွားတွေကိုပွေ့ဖက်ခိုင်းမဲ့ အိန္ဒိယ

ဖေဖော်ဝါရီလ ၁၄ ရက်ဟာ ကမ္ဘာတလွှားက လူငယ်ချစ်သူစုံတွဲတွေအတွက်တော့ မမေ့ရက်စရာ အမှတ်တရတွေ ဖန်တီးတတ်ကြတဲ့ ပျော်ရွှင်စရာနေ့လေးပါပဲ။ ချစ်သူများနေ့လို့ မြန်မာတွေခေါ်ဝေါ်ကြတဲ့ Valentine day ဆိုတဲ့ ယဉ်ကျေးမှုဟာ အနောက်တိုင်းကနေ အရှေ့တိုင်းနိုင်ငံတွေဆီ စိမ့်ဝင်ပျံ့နှံ့လာတာ ဆယ်စုနှစ် နှစ်ခုလောက်ရှိပြီလို့ ပြောလို့ရပါတယ်။ ချစ်သူများနေ့ဟာ ခရစ်ယာန်ဘာသာရေးနဲ့လည်း ဆက်စပ်လို့နေပြန်ပါတယ်။ 

ဒီနှစ် ချစ်သူများနေ့ဟာ အိန္ဒိယနိုင်ငံသားတွေအတွက်တော့ ပိုလို့တောင် အမှတ်တရ ဖြစ်နေကြပါဦးမယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယအစိုးရက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ချစ်သူများနေ့ကို အခြားအထိမ်းအမှတ်ရက်တစ်ခုနဲ့ အစားထိုးဖို့ စီစဉ်ထားတဲ့အတွက် ဖြစ်ပါတယ်။ သူတို့ စီစဉ်ထားတဲ့နေ့ကတော့ “Cow Hug Day” ဖြစ်ပါတယ်။ နွားတွေကို အလေးအမြတ်ပြုတဲ့နေ့၊ တနည်းအားဖြင့် နွားတွေကို တယုတယထွေးပွေ့ကြင်နာရမယ့်နေ့အဖြစ် သတ်မှတ်လိုက်တာပါ။ 

နွားတွေဟာ အန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုအတွက် အရေးကြီးတဲ့ ကျောထောက်နောက်ခံအဖြစ် ယူဆကြပါတယ်။ ဒါကြောင့် နွားတွေကို ဂရုစိုက်တဲ့အနေနဲ့ အခုလို သတ်မှတ်တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အနောက်တိုင်းယဉ်ကျေးမှုဖြစ်တဲ့ ချစ်သူများနေ့ကို လူငယ်တွေ အာရုံစိုက်မှု လျော့ပါးသွားအောင် အိန္ဒိယအစိုးရက လုပ်ချင်တာ ဖြစ်ပါတယ်။ 

အိန္ဒိယအစိုးရရဲ့ အဲဒီအစီအစဉ်ကို အချို့ကတော့ လှောင်ပြောင်နေကြပါတယ်။ တချို့ကတော့ ဒါဟာ အစိုးရက ဘာသာရေးကို ခုတုံးလုပ်ပြီး အမြတ်ထုတ်တာဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၈၀ ရာခိုင်နှုန်းရှိပြီး နွားဟာ ဟိန္ဒူဘာသာရေးအတွက် အ‌ရေးအလွန်ကြီးတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီ ဟိန္ဒူဘာသာဝင်တွေရဲ့ ထောက်ခံမှုကို ရရှိဖို့ အာဏာရပါတီက ခုတုံးလုပ်တဲ့ကိစ္စဖြစ်တယ်လို့ စွပ်စွဲနေကြတာပါ။ 

ဒီသတင်းဟာ မြန်မာ့မွေးမြူရေးသမားများအတွက်သာမက ချစ်သူများနေ့ကို စိတ်ဝင်စားကြသူ လူငယ်ထုအတွက်ပါ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ အာဏာအဝန်းအဝိုင်းရဲ့ ဘာသာရေးကို အသုံးချပြီး အမြတ်ထုတ်လိုမှုနဲ့ လူငယ်ထုရဲ့ ခေတ်ရေစီးကြောင်း အကြားမှာ အိန္ဒိယရဲ့ နွားမွေးမြူသူတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုလည်း စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် ချစ်သူများနေ့မှာ ပွေ့ဖက်စရာ ချစ်သူမရှိသေးတဲ့သူတွေအတွက်တော့ အိန္ဒိယအစိုးရက ပွေ့ ဖက်စရာ အသစ်တစ်ခု ရှာဖွေပေးခဲ့တယ်လို့ပဲ ဟာသနှောပြီး ပြောရတော့မယ် ထင်ပါတယ်။

သိုးတွေကို ထိတ်လန့်စေတဲ့ ခွေးကြောင့် ခွေးပိုင်ရှင် ဒဏ်ရိုက်ခံရ

အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်းက ‌အောက်စဖို့ဒ်ရှိုင်းယား (Oxfordshire) ဆိုတဲ့ဒေသက သတင်းလေးတစ်ပုဒ်က စိတ်ဝင်စားဖွယ် ကောင်းနေပြန်ပါတယ်။ 

Nicole Bennell ဆိုတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ သူမွေးထားတဲ့ ခွေးလေးတစ်ကောင်ကြောင့် တရားရုံးမှာ ဒဏ်ငွေ ပေါင် ၁၀၀ ပေးဆောင်လိုက်ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၉ ရက်နေ့က သူမဟာ သူမရဲ့အချစ်တော် ခွေးလေးနဲ့အတူ လမ်းလျှောက်လာရင်း တစ်နေရာအရောက်မှာ မွေးမြူရေးစားကျက်ထဲကို သူမရဲ့ ခွေးလေးက တိုးဝင်သွားပါတယ်။ စားကျက်ထဲမှာ မြက်စားနေကြတဲ့ သိုးတွေဟာ ခွေးလေးကို ကြောက်လန့်ပြီး ထွက်ပြေးကြတာမို့ သိုးအုပ်က တစ်စစီ ကွဲထွက်သွားရပါတယ်။ 

ဒီကိစ္စက ရဲစခန်းအထိ ရောက်ရှိလာပြီး အဲဒီကနေ တရားရုံးပါ ရောက်သွားပါတော့တယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ဒါဟာ ခွေးကိုစောင့်ရှောက်တဲ့ Nicole Bennell မှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပြီး အခုလို ဒဏ်ငွေ ပေါင် ၁၀၀ ပေးဆောင်စေလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ သိုးပိုင်ရှင်နှစ်ယောက်ကိုလည်း စတာလင်ပေါင် ၈၅ နဲ့ ၄၀ စီ အသီးသီး ပေးလျော်လိုက်ရပါသေးတယ်။ 

တရားဥပဒေစိုးမိုးတဲ့နိုင်ငံမှာတော့ မိမိတို့မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို အခြားသူမပြောနဲ့၊ ခွေးတစ်ကောင်ရဲ့ ရန်ကတောင် စောင့်ရှောက်ပေးထားတာဟာ မြန်မာ့မွေးမြူရေးသမားများအတွက်တော့ စိတ်မဝင်စားဘဲ မနေနိုင်ဘူးလို့ ယူဆမိရင်း ဒီသတင်းလေးကိုလည်း ဒီတစ်ပတ်ရဲ့ စိတ်ဝင် စားဖွယ်ရာ မွေးမြူရေးသတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်