လူကိုပါကူးစက်စေသောတိရစ္ဆာန်ရောဂါများ - လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ (၁)

30/01/2023 17:00 PM

 

တိရစ္ဆာန်ကနေလူကို ကူးစက်တတ်တဲ့ရောဂါတွေကို Zoonosis တွေလို့ ခေါ်ကြပါတယ်။ အဲဒီ ရောဂါတွေထဲမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြရတဲ့ ရောဂါတစ်ခုကတော့ လက်ပ်တိုစပိုင်ရိုးဆစ် (Leptospirosis) ဆိုတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် ပိုလို့တောင်အရေးတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ပ်တိုစပိုင်ရိုးဆစ်ကို အချို့ကလည်း လက်ပ်တို(Lepto) လို့ အတိုချုပ်ခေါ်ကြပါတယ်။ 

ဘယ်သတ္တဝါတွေမှာ ရောဂါဖြစ်ပွားသလဲ

လက်ပ်တိုစပိုင်ရိုးဆစ် ရောဂါဟာ လူသားတွေအပါအဝင် နို့တိုက်သတ္တဝါအားလုံးနီးပါးမှာ ဖြစ်ပွားနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ 

လူတွေနဲ့ နီးစပ်လွန်းလှတဲ့ တိရစ္ဆာန်တွေထဲမှာတော့ နွား၊ ခွေး၊ မြင်း နဲ့ ဝက်တွေဟာ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ပိုပြီး ထင်ထင်ရှားရှား၊ များများစားစား တွေ့ရလေ့ရှိပါတယ်။ ကြောင်တွေကတော့ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါကို အတော်လေးခံနိုင်ရည်ရှိပြီး ရောဂါကူးစက်ခံရသသည့်တိုင်  လက္ခဏာကို သိပ်ပြီး ထင်ထင်ရှားရှား တွေ့ရလေ့မရှိပါဘူး။ 

တောရိုင်းနို့တိုက်သတ္တဝါတွေဟာလည်း လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ဖြစ်ပွားနိုင်ပြီး သူတို့ဆီကနေမှ မွေးမြူရေးတိရစ္ဆာန်တွေဆီ ရောဂါရောက်ရှိလာတာမျိုး ဖြစ်လေ့ရှိပါတယ်။ 

ကြွက်တွေမှာ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ဖြစ်ပွားမှု အများဆုံးလို့ ပြောလို့ရပါတယ်။ ဒါက မွေးမြူ ရေးအတွက် တကယ့်ပြဿနာပါ။

မွေးမြူရေးခြံမှာ ကြွက်တွေ ခိုအောင်းပွားများနေတတ်ပြီး ကြွက်မှာရှိနေတဲ့ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါက မွေးမြူထားတဲ့တိရစ္ဆာန်တွေဆီ ရောက်လာနိုင်ပါတယ်။ အဲဒီကမှ နောက်တဆင့်အနေနဲ့ မွေးမြူရေးခြံက လုပ်သားတွေ၊ မွေးမြူရေးသမားတွေဆီကို ကူးစက်လာနိုင်ပါတယ်။ 

ဘာကြောင့် ရောဂါဖြစ်ပွားသလဲ

ဒီရောဂါဟာ လက်ပ်တိုစပိုင်းရား (Leptospira) လို့ ခေါ်တဲ့ ဗက်တီးရီးယားမျိုးစိတ်တွေကြောင့် ဖြစ်ပွားရတာပါ။ အဲဒီဗက်တီးရီးယားတွေဟာ ဝက်အူရစ်ပုံသဏ္ဍန်ရှိပြီး လေ(အောက်ဆီဂျင်) ရှိမှ အသက်ရှင်နိုင်တဲ့ ဗက်တီးရီးယား (aerobic) တွေ ဖြစ်ပါတယ်။ နောက်ပြီး Gram negative ဗက်တီးရီးယားအုပ်စုထဲမှာ ပါပါတယ်။ 

မျိုးဗီဇလေ့လာချက်တွေအရ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေကို မျိုးစိတ် ၂၁ ခု အဖြစ် ခွဲခြားနိုင်ပါတယ်။ 

  • မျိုးစိတ် ၆ ခု ဟာ လူနဲ့ တိရစ္ဆာန်တွေကို အန္တရာယ်မပေးနိုင်တဲ့ မျိုးစိတ် (Non-pathogenic) တွေ ဖြစ်ပါတယ်။ 
  • နောက်ထပ် မျိုးစိတ် ၆ ခုကတော့ လူနဲ့တိရစ္ဆာန်တွေကို အလယ်အလတ် နာဖျားစေနိုင်တဲ့ မျိုးစိတ် (Intermediate) တွေ ဖြစ်ပါတယ်။
  • ကျန်ရှိတဲ့ မျိုးစိတ် ၉ ခုကတော့ လူနဲ့ တိရစ္ဆာန်တွေမှာ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားစေတဲ့ မျိုးစိတ် (Pathogenic)တွေ ဖြစ်ပါတယ်။

ရောဂါကို ဘယ်ဒေသမှာ အများဆုံး တွေ့ရသလဲ

လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါကို ကမ္ဘာ့နေရာအနှံအပြားမှာ တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ နွေးထွေးပြီး စိုစွတ်တဲ့ရာသီဥတု (warm and moist climate) ရှိတဲ့ဒေသတွေမှာ ပိုပြီးတွေ့ရပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာ့အပူပိုင်းဒေသတွေဟာ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါဖြစ်ပွားဖို့ ပိုမိုသင့်လျော်တဲ့ ဒေသတွေပါ။ မြန်မာနိုင်ငံဟာ အဲဒီဒေသတွေထဲက တစ်ခုအပါအဝင်ပါပဲ။ 

ရာသီဥတုအေးတဲ့ သမပိုင်းဒေသတွေမှာ‌တော့ လက်ပ်တိုစပိုင်ရိုးဆစ်ကို ရာသီအလိုက်သာ တွေ့ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ မိုးရေချိန်များတဲ့ ကာလတွေမှာ ရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားပါတယ်။ 

ရောဂါ ဘယ်လိုကူးစက်သလဲ

လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ကူးစက်ရောက်ရှိနိုင်တဲ့သတ္တဝါတွေ၊ နောက်တနည်းအားဖြင့် သူတို့ရဲ့လက်ခံကောင် (host) တွေဟာ နို့တိုက်သတ္တဝါတွေဖြစ်ပြီး အုပ်စုနှစ်စု ပြန်ခွဲကြည့်နိုင်ပါတယ်။ 

Maintenance Host - လက်ပ်တိုစပိုင်းရား ဗက်တီးရီးယား မျိုးစိတ်တချို့ဟာ နို့တိုက်သတ္တဝါမျိုးစိတ် တချို့ဆီမှာ ရောက်ရှိကူးစက်နေပေမဲ့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြကြပါဘူး။ သူတို့က ရောဂါပိုးကို ကာလရှည်ကြာ ထိန်းသိမ်းထားကြပါတယ်။ အဲဒီလို လက်ခံကောင်မျိုးကို Maintenance Host လို့ ခေါ်တာပါ။ 

  • Maintenance Host တစ်ကောင်ရဲ့ ဆီး သို့မဟုတ် သန္ဓေသားမွေးဖွားချိန်ကျဆင်းတဲ့ အရည်တွေထဲမှာ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။ အဲဒီအရည်တွေကို အခြား Maintenance Host တစ်ကောင်က ထိတွေ့မိတဲ့အခါ ရောဂါပိုးတွေ ကူးစက်သွားနိုင်ပါတယ်။
  • နို့တိုက်သတ္တဝါမိခင်တစ်ကောင်ဟာ Maintenance Host ဖြစ်နေရင် သူ့ရဲ့ နို့ထဲမှာလည်း လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ပါဝင်နေနိုင်ပါတယ်။ အဲဒီနို့ကို ကလေးငယ်တွေက သောက်စို့တဲ့အခါ ရောဂါပိုးတွေ ကူးစက်သွားနိုင်ပါတယ်။ 
  • တခါတရံတော့ မိတ်လိုက်ရင်းက ရောဂါကူးစက်နိုင်သလို ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ကနေ သ‌န္ဓေသားဆီကို အချင်းကနေဖြတ်ပြီး ရောဂါပိုး ကူးစက်ရောက်ရှိသွားတတ်ပြန်ပါတယ်။ 

Incidental Host - လက်ပ်တိုစပိုင်းရား ဗက်တီးရီးယား မျိုးစိတ်တစ်ခုနဲ့ မရင်းနှီးဘဲ ရောဂါမရှိတဲ့သတ္တဝါတစ်မျိုးမျိုးဆီ လက်ပ်တိုစပိုင်းရားဗက်တီးရီးယား ကူးစက်ရောက်ရှိသွားမယ်ဆိုရင်တော့ အဲဒီသတ္တဝါကို Incidental Host လို့ ခေါ်ပါတယ်။ များသောအားဖြင့် ရောဂါကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။ 

  • များသောအားဖြင့် Maintenance Host တစ်ကောင်ရဲ့ ဆီးထဲမှာ လက်ပ်တိုစပိုင်းရား ဗက်တီး ရီးယား တွေပါဝင်နေပြီး အဲဒီဆီးတွေ ရောနှောနေတဲ့ရေကို သောက်သုံးမိရာကနေ ရောဂါပိုးက Incidental Host ဆီ ကူးစက်ရောက်ရှိတတ်ပါတယ်။ 
  • ရောဂါပိုးတွေဟာ ပါးစပ်၊ နှာခေါင်း အစရှိတဲ့နေရာတွေကနေ ဝင်ရောက်နိုင်သလို အရေပြားပေါ်မှာ ဒဏ်ရာတွေ ရှိနေတဲ့အခါ အဲဒီဒဏ်ရာကနေလည်း ဝင်ရောက်လာနိုင်ပါတယ်။ 

ရောဂါပိုးက ဘယ်လောက်ခံနိုင်ရည်ရှိသလဲ

လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါကို နွေးပြီးစိုစွတ်တဲ့ ဒေသတွေမှာ အတွေ့ရများပါတယ်။ အကြောင်းကတော့ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေက နွေးပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင် အခြေအနေကို ကြိုက်နှစ်သက်ကြလို့ပါ။ 

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင်တော့ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ သေဆုံးသွားနိုင်ပါတယ်။ နောက်ပြီး ခဲသွားလောက်အောင်အထိ အေးမယ်ဆိုရင်လည်း ဗက်တီးရီးယားတွေ မရှင်သန်နိုင်ပါဘူး။ အစိုဓာတ်လုံးဝမရှိဘဲ ခြောက်သွေ့မယ်ဆိုရင်လည်း သေဆုံးသွားမှာ ဖြစ်ပါတယ်။ 

(လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားပိုးတွေက ရောဂါကို ဘယ်လို ဖြစ်ပွားစေသလဲ၊ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေသလဲဆိုတာကို ဆက်လက်တင်ပြပေးသွားပါမယ်။) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်