လူကိုပါကူးစက်စေသော တိရစ္ဆာန်ရောဂါများ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ (၂)

07/02/2023 17:00 PM

လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ လူနဲ့တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ထဲကို ဘယ်လိုရောက်ရှိလာနိုင်သလဲဆိုတာကို ပြီးခဲ့တဲ့ ဆောင်းပါးမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ခန္ဓာကိုယ်ထဲရောက်လာတဲ့ ပိုးမွှားတွေက ခန္ဓာကိုယ်ကို ဘယ်လိုတိုက်ခိုက်သလဲဆိုတာကို ဆက်လက်ဆွေးနွေးတင်ပြလိုပါတယ်။ 

ပိုးပျိုးရက်

ခန္ဓာကိုယ်ထဲကို လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ဝင်ရောက်လာပြီးတဲ့နောက် ချက်ခြင်းတိုက်ခိုက်တာမျိုး မလုပ်သေးပါဘူး။ ခန္ဓာကိုယ်ကို တိုက်ခိုက်ဖို့လုံလောက်တဲ့ ပိုးမွှားပမာဏရောက်အောင် ပွားများယူပါတယ်။  အဲဒီကာလကို ပိုးပျိုးရက် (incubation period) လို့ခေါ်ပါတယ်။

ယေဘုယျအားဖြင့် လက်ပ်တိုစပိုင်းရားတွေရဲ့ ပိုးပျိုးရက်ဟာ ၄ ရက်ကနေ ရက် ၂၀ အထိ ကြာမြင့်တတ်ပါတယ်။ ပြီးရင်တော့ သွေးထဲကို ရောက်ရှိလာပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ၇ ရက်ကနေ ၁၀ ရက်အတွင်း ပျံ့နှံ့သွားပါတယ်။ 

ခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်း

သွေးထဲကို ဗက်တီးရီးယားတွေ ရောက်ရှိလာချိန်ကိုတော့ bacteremia လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက တစ်သျှူးတွေထဲကို သွေးကနေတဆင့် ရောက်ရှိသွားတာကိုတော့ tissue colonization လို့ ခေါ်ပါတယ်။ bacteremia နဲ့ tissue colonization ဖြစ်ပေါ်တဲ့ ၇ ရက်ကနေ ၁၀ ရက်အတွင်းဟာ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ပြသတဲ့ကာလပဲ ဖြစ်ပါတယ်။ 

အဲဒီလို ဗက်တီးရီးယားတွေက ခန္ဓာကိုယ်ကို တိုက်ခိုက်နေတဲ့ကာလမှာပဲ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကလည်း အဲဒီဗက်တီးရီးယားတွေကို ပြန်လည်ခုခံတိုက်ခိုက်ကာကွယ်ဖို့ ပြင်ဆင်နေတာပါ။ သွေးထဲကို ဗက်တီးရီးယားတွေ ရောက်လာတဲ့ bacteremia ဖြစ်ပေါ်ပြီးနောက် အချိန်အနည်းငယ်အတွင်းမှာ သွေးရည်ကြည်ထဲမှာ ဗက်တီးရီးယားတွေကို ချေဖျက်ပြီး အစွမ်းမဲ့စေမယ့် ပဋိပစ္စည်း (antibody) တွေ ထွက်ပေါ်လာပါတယ်။

ဒါကြောင့် အဲဒီပဋိပစ္စည်းတွေက လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေကို ခန္ဓာကိုယ်ထဲကနေ တဖြည်းဖြည်းချင်း ဖယ်ရှားရှင်းလင်းပေးပါတယ်။ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲကနေ ရှင်းလင်းသွားတာနဲ့အမျှ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေဟာလည်း လျော့ပါးသက်သာလာမှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ရောဂါပိုးတွေ ရှိနေစဉ်မှာ တစ်သျှူးတွေကို ဖျက်ဆီးသွားတဲ့အတွက် အဲဒီ ဒဏ်ရာဒဏ်ချက်တွေ ပြန်လည်ပျောက်ကင်းသွားဖို့ကတော့ အချိန်ယူရပါတယ်။ တစ်သျှူးတွေ ပျက်ဆီးသွားမှု အနည်းအများပေါ်မူတည်ပြီး တချို့သတ္တဝါတွေမှာ ရောဂါကနေ အရှင်းသက်သာပျောက်ကင်းသွားနိုင်သလို၊ အချို့မှာတော့ နာတာရှည်ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အချို့ဆိုရင် သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ 

ရောဂါလက္ခဏာ

ရောဂါလက္ခဏာ ဘယ်လောက်ပြင်းထန်တယ်ဆိုတာကတော့ ကူးစက်ခံရတဲ့ တိရစ္ဆာန်မျိုးစိတ်ပေါ်မှာလည်း မူတည်ပါတယ်။ Maintenance Host တွေမှာ ရောဂါလက္ခဏာ သိပ်ပြီး ပြင်းပြင်းထန်ထန် တွေ့ရလေ့မရှိပါဘူး။ Incidental Host တွေမှာတော့ ရောဂါလက္ခဏာက ပြင်းထန်ပါတယ်။

ဒီနေရာမှာ သတိထားရမှာကတော့ Incidental Host တွေမှာဆိုရင် ဗက်တီးရီးယားတွေဟာ ကျောက်ကပ်ထဲမှာ ရက်သတ္တပတ်အနည်းငယ် ဆက်လက်ရှိနေပြီး ဆီးထဲကနေတဆင့် ဗက်တီးရီးယားတွေကို စွန့်ထုတ်ပစ်နေတတ်ပါတယ်။ အဲဒီ ဆီးတွေထဲမှာ ဗက်တီးရီးယားပါနေတာကြောင့် အဲဒီဆီးနဲ့ ထိတွေ့မိတဲ့အခါ အခြားသတ္တဝါကို ရောဂါကူးစက်စေနိုင်ပါတယ်။ 

Maintenance Host တွေမှာတော့ ကျောက်ကပ်နဲ့ မျိုးပွားလမ်းကြောင်းမှာ ဗက်တီးရီးယားတွေ ဒီထက်ပိုပြီး အကြာကြီး ဆက်လက်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဗက်တီးရီးယားတွေကို ဆီးကနေတဆင့် ကာလကြာရှည်စွာ ဆက်လက်ထုတ်လွှတ်ပြီး အခြားသတ္တဝါတွေကို ကူးစက်စေနိုင်ပါတယ်။ သူကိုယ်တိုင်ကတော့ ရောဂါလက္ခဏာ မပြင်းထန်တဲ့အတွက် အကောင်းအတိုင်းရှိနေတာမို့ ရောဂါဖြစ်နေမှန်း မသိနိုင်ပါဘူး။ ဒါကြောင့် ရောဂါပိုးတွေကို တိတ်တဆိတ် ဆက်လက်ထုတ်လွှတ်ပြီး အခြားသတ္တဝါတွေထံ နှစ်ချီပြီးကြာအောင် ဆက်လက်ကူးစက်နေစေနိုင်တာပါ။ 

ယေဘုယျလက္ခဏာတွေကတော့ အဖျားတက်ပြီး အသည်းနဲ့ကျောက်ကပ်တွေ ထိခိုက်ပျက်ဆီးတာပဲ ဖြစ်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်အပြင် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း ထိခိုက်နိုင်တာပါပဲ။ မျက်လုံးရောင်ခြင်း၊ ပန်ကရိယ(မုန့်ချိုအိတ်) ရောင်ရမ်းခြင်း၊ သွေးယိုစိမ့်ခြင်း၊ သွေးနီဥတွေပျက်စီးပြီး သွေးအားနည်းခြင်း၊ ကြွက်သားများနာကျင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းရောဂါများဖြစ်ပေါ်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ 

လူသို့ကူးစက်ခြင်း

လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါဟာ zoonosis လို့ခေါ်တဲ့ တိရစ္ဆာန်နဲ့ လူအကြား အပြန်အလှန်ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

လူတွေဟာ Incidental Host တွေပါ။ တိရစ္ဆာန်တွေရဲ့ ဆီးတွေ ညစ်ပေနေတဲ့အရာ တစ်ခုခုနဲ့ ထိတွေ့မိတာ၊ စားသောက်မိတာကနေ လူတွေဆီ လက်ပ်တိုစပိုင်းရားဗက်တီးရီးယားတွေ ရောက်ရှိကူးစက်နိုင်ပါတယ်။ 

ရောဂါပိုးရှိနေတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ် ထိန်းကျောင်းရတဲ့ ခြံလုပ်သားတွေ၊ ခြံပိုင်ရှင်တွေ၊ ရောရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို ကုသပေးရတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ ရောဂါကူးစက်ခံရဖို့ အန္တရာယ်မြင့်မားတဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားသူတွေမှာလည်း ဒီလိုရောဂါကူးစက်ခံရဖို့ အခွင့်အရေး ရှိနေတာပါပဲ။‌ 

ရောဂါပိုးကူးစက်ခံထားရတဲ့ အိမ်မွေးတိရစ္ဆာန် ဒါမှမဟုတ် တောရိုင်းတိရစ္ဆာန်တွေရဲ့ ဆီးတွေ ရော နှော ပါဝင်နေတဲ့ရေကို မကျိုချက်ဘဲ သောက်သုံးမိရာကနေလည်း ကူးစက်နိုင်ပါတယ်။ ဥပမာ တောတွင်းစခန်းချ အပန်းဖြေထွက်ရင်း တောထဲကရေကို သောက်သုံးမိရာက တောရိုင်းတိရစ္ဆာန်တွေဆီကနေ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ကူးစက်ခံရတာမျိုးပါ။

ရေကြီးရေလျှံဖြစ်မှုတွေနောက်မှာလည်း လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ကူးစက်ခံရတတ်ပါတယ်။ ရေထဲမှာ ပါလာတဲ့ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားဟာ ခြေလက်တွေမှာ ရှိတဲ့ ဒဏ်ရာကနေ ကူးစက်တာမျိုး ဖြစ်နိုင်သလို၊ သောက်သုံးရေထဲကနေတဆင့်လည်း ကူးစက်လာနိုင်တာပါ။ ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးရေလျှံဖြစ်ပြီးနောက် လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးတဲ့ သာဓက ရှိပါတယ်။ 

အချစ်တော်တိရစ္ဆာန်လေးတွေ အိမ်မှာ မွေးမြူထားပြီး၊ လက်ပွန်းတတီးနေထိုင်မယ်ဆိုရင်လည်း ရောဂါကူးစက်ခံရဖို့ အခွင့်အရေး ရှိနေတာပါပဲ။ 

လူတွေဆီ ကူးစက်ခံရပြီဆိုရင် အခြား Incidental Host တွေလိုဘဲ ရောဂါလက္ခဏာက ခပ်ပျော့ပျော့ကနေ သေဆုံးသည်အထိပြင်းထန်တဲ့ အဆင့်မျိုးအထိ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ အရေပြားနီမြန်းခြင်း၊ မျက်လုံးများရောင်ရမ်းနာကျင်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အားနည်းကာ နုံးချိခြင်း စတာတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရောဂါပိုးဟာ မိခင်ထံကနေ အချင်းကိုဖြတ်ပြီး သန္ဓေသားဆီကို ရောက်ရှိသွားနိုင်တာမို့ ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာကို ကြုံတွေ့ရနိုင်ပါတယ်။ ရင်သွေးငယ်ကို နို့တိုက်ကျွေးနေတဲ့ မိခင်တွေမှာလည်း နို့ထဲကနေတဆင့် လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ကလေးငယ်ဆီ ကူးစက်ရောက်ရှိသွားပြီး ကလေးမှာပါ ရောဂါကို ခံစားရစေနိုင်ပါတယ်။ 

လက်ပ်တိုစပိုင်ရိုးဆစ် ရောဂါကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုကုသနိုင်မလဲ ဆိုတာတွေကိုလည်း ဆက်လက် ဆွေးနွေးသွားပါဦးမယ်။ 

ဒေါက်တာယုဘုန်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်