တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဇူလိုင်လ)

02/07/2018 10:50 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးဦးတွင်စိုက်ပျိုးလေ့ရှိသည့်ယာသီးနှံများ၊ မိုးစပါးသီးနှံနှင့် နွေစပါးသီးနှံတို့အတွက် ဇူလိုင်လ အတွင်း သတိမူလုပ်ကိုင်ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်လိုပါသည်။
၁။ မိုးဦးယာသီးနှံများ(နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံစသည်)
ဇွန်လကုန်ထိ မစိုက်ပျိုးရသေးသော နှမ်း၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံစသည့်ယာသီးနှံများကို ဇူလိုင်လဆန်းတွင် အမြန် စိုက်ပျိုးစေလိုသည်။ ဆက်လက်ပြီး သီးနှံအလိုက်သားခွဲခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းခြင်း တို့ကို လိုအပ်သလို ဆောင်ရွက်ရန်ဖြစ်ပါသည်။
ဇူလိုင်လသည် မိုးခေါင်လေ့ရှိသည့်လဖြစ်သည်။ ဒါ့ကြောင့် ဇူလိုင်မိုးခေါင်(July Drought)ဟု ခေါ်ဝေါ်သည်။ ဖြစ်လေ့ ဖြစ်ထရှိခြင်းကို ပြောလိုရင်းဖြစ်သည်။ နှစ်စဉ်အတွေ့အကြုံတွေအရ ယာသီးနှံ များ   စိုက်ပျိုးအောင်မြင်ရန် လိုအပ်သည့် ပုံမှန်မိုးရေချိန်ကို ပြည့်မီအောင် မိုးရွာလေ့မရှိခြင်း၊ ပုံမှန်ထက်လျော့နည်းမိုးရွာခြင်းများ ဖြစ်ပေါ်လေ့ ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အထူးသတိမူရန် ဖြစ်သည်။ သေချာရေရာနိုင်လောက်သည့် အခြေအနေ မရှိပါက ဇူလိုင်မိုးခေါင် (July Drought)အပြီး မိုးလှိုင်လှိုင်ပြန်လည်ရွာသွန်းမှသာ  ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးရန် သင့်ပါသည်။
မိုးရွာသွန်းမှုသည် မည်သည့်ဒေသတွင်မဆို ပြန့်နှံ့မှု၊ ညီညာမှုမရှိဘဲ သွန်ချချင်သလိုသွန်ချ ရွာသွန်းသည့် သဘာဝမှာ ယနေ့ကာလ မုတ်သုန်မိုး၏အလေ့အထလို့ပင်ဆိုရမည်။ မိုးများခြင်း ကြောင့် အပင်ခြေ ရေဝပ်ခြင်း၊ မြေဆီလွှာ ရေတိုက်စားခြင်း တို့ကို ကြိုတင်ကာကွယ်ထားရန်လိုသည်။

၂။ မိုးစပါးသီးနှံ
 ဖြစ်နိုင်ပါက ဇူလိုင်လလယ်ကို ပျိုးထောင်ပြီးစီးရေး ကြိုးစားစေလိုသည်။ ရာသီစပါးမျိုးက အလင်းရောင် တုန့်ပြန်မှုရှိ (Potoperiod Sensitive)သဖြင့် ပန်းပွင့်သည့်ရက် ပုံသေ(Date fixed)ဖြစ်သည်။ မျိုး၏ သဘာဝအရ ပျိုးထောင်ချိန်စောသည်ဖြစ်စေ နောက်ကျသည် ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဖြစ်သည်။ စိုက်ချိန်မှန်ဖို့ လိုသည်။ ဇူလိုင်လလယ်ထက် နောက်မကျဘဲ ပျိုးထောင်မှသာ ပုံမှန်အထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
အထွက်ကောင်းစပါးမျိုးများနှင့် စပ်မျိုးစပါးမျိုးများမှာမူ ဘယ်အချိန်စိုက်စိုက် အသက်ရက် စေ့လျင် သီးပွင့်ရင့်မှည့် မည်သာ ဖြစ်သည်။ သို့သော် ထိုစပါးမျိုးများကိုလည်း ရွာသွန်းသမျှမိုးဖြင့် ဇူလိုင်လလယ်နောက်ဆုံးထား၍ ပျိုးထောင်သင့်သည်။ ဖြစ်နိုင်ပါက ဇူလိုင်လကုန်အပြီး ပြောင်းရွှေ့ကောက်စိုက်နိုင်ရေးကြိုးစားသင့်သည်။ ဇူလိုင်လ တွင်စိုက်ခြင်းက စပါးအထွက်ကောင်းစေနိုင်သည့်အပြင် သီးထပ်သီးနှံစိုက်ရေးအတွက် အချိန်ပိုရစေပါသည်။
မိုးရေကိုသာအားကိုးပြီး ပျိုးထောင်စိုက်ပျိုးရသည့် ဒေသများအတွက် အကယ်၍ ပျိုးထောင်ရေ လုံးဝမရရှိပါက စပါးသီးနှံကိုအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းသင့်သည်။
အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မ ဟုတ်) အတန်းလိုက် စိုက်ပျိုးသင့်သည်။ ၎င်းမှာယာသီးနှံ(နှမ်း၊ပြောင်း၊ပဲမျိုးစုံစသည်)စိုက်ပျိုးရန် ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်မျိုးစေ့ချ စိုက်ရန်ဖြစ်သည်။
သို့သော် ဤစနစ်ဖြင့်  စိုက်ပျိုးသော စပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင်များသည် တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားခွင့် ရရှိထားသဖြင့်- (၁) ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုရန် လိုသည်။ (၂) လယ်ကန်သင်းများ ကောင်းစေပြီး ကတွတ်ပိတ်ကာ ရွာကျလာသောမိုးရေကို စုဆောင်းသိုလှောင်ထားသင့်သည်။
 အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးလိုခြင်းမရှိဘဲ နောက်ကျလျင် ကျပါစေ ပျိုးထောင်ကောက်စိုက် စနစ်ဖြင့် ဆောင်ရွက်လိုပါက ပျိုးခင်းရေရလျှင်ရချင်း ပျိုးထောင်ရန်နှင့် ပျိုးသက်ရရှိပါက စိုက်ခင်းရေ ရလျှင်ရခြင်း ပြောင်းရွှေ့ကောက်စိုက်ရန် ဖြစ်ပါသည်။
စပါးကိုမည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စိုက်ပြီးပါက ပေါင်းမြက်ကင်းစင်စေရေး၊ မြေသြဇာ အာဟာရ မချို့ယွင်းစေရေး ပိုးမွှားရောဂါမကျရောက်စေရေး လိုအပ်သလို ပြုစုဂရုစိုက်ရန် လိုပါသည်။
၃။ နွေစပါးသီးနှံ
မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာတော့ မိုးစပါးတောင်စိုက်နေလောက်ပြီ။ အထက်ပိုင်း အချို့ဒေသများတွင် ဧပြီလဝန်းကျင်မှာမှ စပါးကိုစိုက်တော့ ဇူလိုင်မှာမှ အများစုက စပါးရိတ်ရသည်။
ရိတ်သိမ်းချွေလှေ့စက်ကြီးများနှင့် ရိတ်ချွေနိုင်ရေးကြိုးစားစေလိုသည်။ အလေအလွင့်လျော့နည်းပြီး မြန်မြန် ဆန်ဆန်ပြီးကာ မိုးစပါးနောက်မကျစေရေးဖြစ်ပါသည်။
ရိတ်ချွေပြီး အခြောက်ခံသိုလှောင်ဖို့မလို ဆန်စက်ရှင်တွေက စက်ကျအစိုမှာပဲ ဝယ်ပြီး သယ်ယူသွားလျှင်တော့ လယ်သမားအတွက် ရိတ်သိမ်းချိန်နှင့်နောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများ သက်သာမည်ဖြစ်သည်။
ပျိုးထောင်ချိန်ရောက်တိုင်း မျိုးရှာဖွေရသည့် ဒုက္ခကို မကြုံတွေ့စေရေး လယ်သမားကိုယ်တိုင် မျိုးသန့်မျိုးကောင်း (Good Seed)ထုတ်သည့်သူများအတွက် အကြံပြုလိုသည်။ မျိုးရောနှောမှု မဖြစ် စေရန် စိုက်ကွက်တစ်ကွက်ပြီးတစ်ကွက် လှည့်လည် ရိတ်သိမ်းသည့် စက်ဖြင့်ရိတ်သိမ်းခြင်းကို ရှောင်သင့်သည်။ လက်ဖြင့်သာ ရိတ်သိမ်းပါ။ သီးသန့်ချွေလှေ့ပါ။ သီးသန့်နေလှမ်းကာ စနစ်တကျ သိုလှောင်သိမ်းဆည်းပါဟု တိုက်တွန်းလိုပါသည်။

ဆင်းသီဟ







မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်