ငှက်ပျောသီးဈေးနှုန်းများကျဆင်းနေသော်လည်း ပခုက္ကူခရိုင်ရှိ ဒေသတချို့၌ ဈေးကွက်မပြတ်လည်ပတ်နေ

03/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဒေသတော်တော်များများရှိ ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကျဆင်းသည့်ဒဏ်ကို အနည်းနှင့်အများဆိုသလို ခံစားနေရသော်လည်း မကွေးတိုင်း၊ ပခုက္ကူခရိုင်ရှိ ဒေသတချို့၌ ငှက်ပျောဈေးကွက်မပြတ် လည်ပတ်နေကြောင်း သိရသည်။

ကိုဗစ်ကာလဆိုတော့ ငှက်ပျောဈေးကွက် နည်းနည်းအေးတယ်ဆိုပေမယ့် ကျွန်တော်တို့ပခုက္ကူဒေသမှာတော့ ကျန်တဲ့ဒေသတွေထက် ဈေးကွက်ကောင်းတယ်ခင်ဗျ။ ကျွန်တော် ငှက်ပျော ငါးဧကစိုက်ထားပြီး အသီးထွက်နေတာက နှစ်ဧကခွဲ ရှိပါတယ်။ ကျွန်တော့်ခြံကတင်မလောက်လို့ ဘေးခြံတွေကနေ ယူရောင်းရတာမျိုးတောင်ရှိတယ်။ ခြံထဲတင် အရောက်လာဝယ်ကြတာပါ။ ပခုက္ကူမှာ ကိုဗစ်ကာလ မတိုင်ခင်က ငှက်ပျောသီးကို နတ်ပွဲတွေမှာ အသုံးများတယ်။ အခု ကိုဗစ်ရှိပြန်တော့လည်း ဝါတွင်းဆိုတော့ ပွဲထိုးတာ၊ ဘုန်းကြီးကျောင်းလှူတာ၊ ဥပုသ်သည်တွေအတွက် ဝယ်တာတွေ ရှိနေတယ်။ ဈေးကွက်ထွက်ပေါက်မရှိတဲ့ နေရာတချို့မှာတော့ ငှက်ပျောဈေးကွက် အေးနေတယ်လို့ သိရပါတယ်။

ဟု မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ လက်ပံရှည်ပေါ်ဒေသမှ ငှက်ပျောပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုကျော်စိုးနိုင် က ပြောသည်။

    အဆိုပါဒေသတွင် ဖီးကြမ်းငှက်ပျော အောက်စတစ်ဖီးလျှင် (၇၅၀) (၈၀၀) ကျပ်၊ ဖီးကြမ်းငှက်ပျော ရှယ် တစ်ဖီးလျှင် (၉၀၀) ကျပ် ဈေးများဖြင့် ရောင်းချနေသည်။

တစ်ဖီးကိုးရာကျပ်ဆိုတာက အခုရက်မှာမှ နည်းနည်းလေးဈေးကျသွားတာ။ ပြီးခဲ့တဲ့ရက်ကဆို တစ်ထောင်ကျပ်အထိ ရပါတယ်။ မကွေးတိုင်းတစ်တိုင်းတည်းဆိုပေမယ့် မြိုင်နယ်၊ ရေစကြိုနယ်တို့လို အနီးအနားနယ်တွေက နည်းနည်းလည်းခေါင်တော့ ငှက်ပျောသီးအစားများတယ်။ အဲ့ဒီဒေသတွေမှာ ရေလည်းရှားတော့ ငှက်ပျောစိုက်ဖို့ အဆင်မပြေတာကြောင့် ကျွန်တော်တို့ဘက်က ငှက်ပျောကို အားထားနေရတယ်။ ထွက်တဲ့ငှက်ပျောသီးကို ဒိုင်ခံကို ဝယ်ကြတယ်။ ဒါ့ကြောင့် ငှက်ပျောဈေးကွက်က မပြတ်ဘဲ တွင်ကျယ်နေတာပါခင်ဗျ။

ဟု ကိုကျော်စိုးနိုင် က ဆက်လက်ပြောသည်။

    မကွေးတိုင်းအတွင်း သဘာဝမိုးရေကိုသာ အဓိကအားထားရသည့် ဒေသတချို့တွင် ရေရှားပါးသဖြင့် ငှက်ပျောစိုက်ပျိုးမှု မဖြစ်ထွန်းသော်လည်း ဧရာဝတီမြစ်ရေတင်စီမံကိန်းရှိသည့် မကွေးတိုင်း၊ ပခုက္ကူခရိုင်နှင့် မန္တလေးတိုင်း၊ ညောင်ဦးနယ်ကြားရှိ လက်ပံရှည်ပေါ်ဒေသ အနီးတဝိုက်ဒေသများတွင်မူ ရေအခက်အခဲမရှိသဖြင့် ငှက်ပျောစိုက်ပျိုးမှု ဖြစ်ထွန်းကြောင်း သိရသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်