ငါးမွေးမြူရေးတွင် ဖြည့်စွက်အစာကျွေးခြင်း၏ အရေးပါမှု

24/03/2020 10:30 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ယေဘုယျအားဖြင့် ငါးမွေးမြူရေးစနစ်တွင် အစာကျွေးခြင်း အဓိကအဆင့် သုံးဆင့်ရှိသည်။ ၎င်းတို့မှာ

၁။ သဘာဝကန်ရေသြဇာနှင့် သဘာဝအစားအစာများ

၂။ ဖြည့်စွက်အစားအစာများ

၃။ စီးပွားဖြစ်ထုတ်လုပ်ထားသောအစာများနှင့် အစာကျွေးခြင်း

ပထမအဆင့်သည် ရေကန်၏ သဘာဝ ကန်ရေသြဇာ အပေါ်တွင် မူတည်သည်။ ၎င်းသည် ကန်တည်ရှိရာ မြေဆီလွှာ၏ အာဟာရကြွယ်ဝမှုနှင့်ကန်ရေ၏ ရေသြဇာကြွယ်ဝမှု အဆင့်တို့ကြောင့် ဖြစ်သည်။

မြေဆီလွှာနှင့် ကန်ရေအတွင်းရှိ သြဇာကြွယ်မှုသည် ငါးများစားရန်အတွက် ရေတွင် ယုက္ခမျှောလှေးနှင့် သတ္တမျှောလှေး ကဲ့သို့သော သဘာဝအစားအစာ မည်မျှရှိသည်ကို ဆိုလိုပါသည်။ အော်ဂဲနစ် သဘာဝမြေသြဇာများနှင့် အင်အော်ဂဲနစ် ဓာတုမြေသြဇာများဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ်များ ပါဝင်သော ဓာတ်မြေသြဇာများ ထည့်သွင်းခြင်းအားဖြင့် ကန်ရေ၏ ရေသြဇာကြွယ်ဝမှုကို မြင့်မားစေပြီး ငါးများစားရန်အတွက် ဈေးနှုန်းချိုသာသော သဘာဝအစားအစာများ ရရှိနိုင်သည်။

ဒုတိယအဆင့် ငါးစာကျွေးခြင်းသည် ရေကန်အတွင်းရှိ သဘာဝအစာများအပြင် ငါးများအတွက် ပြင်ပမှ အစာများကို ထောက်ပံ့ပေးခြင်းဖြစ်သည်။ ရေကန်အတွင်းရှိ သဘာဝအစာကို ဖြည့်တင်းရန်အတွက် ကာဘိုဟိုက်ဒရိတ်စွမ်းအင်နှင့် ပရိုတိန်းများကို ဖြည့်စွက်ပေးသော ဖြည့်စွက် အစားအစာများ ပံ့ပိုးပေးခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် မွေးမြူထားသော ငါးမျိုးစိတ်များအတွက် ပြီးပြည့်စုံသော အစားအစာ မဟုတ်ပါ။

အစာကျွေးခြင်း၏ တတိယအဆင့်တွင် စီးပွားဖြစ် ထုတ်လုပ်ထားသော ငါးစာများကို ကျွေးမွေးပြီး မွေးမြူခြင်းဖြစ်သည်။ ၎င်းတွင် မွေးမြူထားသော ငါးများ သို့မဟုတ် ပုဇွန်များအတွက် ပြီးပြည့်စုံသော သို့မဟုတ် ပြီးပြည့်စုံလုနီးပါးဖြစ်သော အာဟာရများပါဝင်သည်။ အများစုသော စီးပွားဖြစ်ထုတ်လုပ်ထားသည့် အစာများသည် အစာလုံး/တောင့်များဖြစ်ပြီး ရေပေါ်တွင် ပေါ်နိုင်သည့်ပုံစံ ရေပေါ်စာ (extruded pellets) သို့မဟုတ် ဖြည်းဖြည်းချင်း သို့မဟုတ် မြန်မြန် ရေတွင်မြုပ်နိုင်သော ရေမြုပ်စာတို့ဖြစ်သည်။

ဥရောပသမဂ္ဂ (EU) နှင့် ဂျာမနီစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းဝန်ကြီးဌာန (BMZ) မှ ရန်ပုံငွေ ထောက်ပံ့ထားသော မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MYSAP) ၏ Inland သည် တောင်သူများအနေဖြင့် ငါးအထွက်နှုန်းတိုးစေရန် သဘာဝအစာများအပေါ်တွင် မှီခိုနေသည်မှ တဆင့်တက်ပြီး အရည်အသွေးမှီ ဖြည့်စွက် ငါးစာတောင့်များ ကျွေးမွေးခြင်းဖြင့် ငါးမွေးမြူရေးလုပ်သားများအား အစာကြိတ်ခွဲစက်ကိရိယာများနှင့် အစာထုတ်လုပ်ပုံသင်တန်းအား ထောက်ပံ့ပေးခဲ့သည်။ ထို့အတွက် ငါးကန်အထွက်နှုန်းမြင့်တက်လာမည် ဖြစ်သည်။ ဖြည့်စွက်အစာ ကျွေးမွေးသည့်ငါးများသည် သဘာဝအစာအပေါ် မှီခိုသည့်ငါးများထက် ပိုမို မြန်ဆန်စွာကြီးထွားလာပြီး ဈေးကွက်ဝင်အနေအထားသို့ အချိန်တိုအတွင်း ရောက်ရှိပါသည်။

၂၀၂၀၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် MYSAP Inland သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးနှင့် ရွှေဘိုမြို့နယ်များနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်များတွင် ငါးအစာထုတ်လုပ်မှုသင်တန်းကို စီစဉ်ပေးခဲ့သည်။ စုစုပေါင်းတောင်သူ ၁၀၉ ဦး (အမျိုးသမီး ၄၃ ဦး- ၃၉.၄%) သည် (၂၀၁၉-၂၀) ငါးမွေးရာသီအတွင် MYSAP Inland မှပို့ချသည့် သင်တန်း (၃) ခုသို့ တက်ရောက်ခဲ့ကြပြီး ၎င်းတွင် စီမံကိန်း၏ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသော အိမ်ထောင်စုများမှ ရွေးချယ်ထားသော ငါးစာထုတ်လုပ်မည့် တောင်သူအသစ် (၂၄) ဦး အပါအဝင် ယမန်နှစ် ၂၀၁၈-၂၀၁၉ မှ စတင်လုပ်ကိုင်ခဲ့သည့် ငါးစာတောင့် ထုတ်လုပ်သူတောင်သူ (၅၃) ဦး တက်ရောက်ခဲ့ပါသည်။ ၎င်းတောင်သူများသည် ၂၀၁၈-၂၀၁၉ ငါးမွေးရာသီမှ စပြီး MYSAP Inland ၏ အကျိုးခံစားခွင့်ရှိသူ တောင်သူများဖြစ်ပြီး ယခုရာသီသည် ၎င်းတို့သည် ဒုတိယမြောက်ရာသီ ဖြစ်ပါသည်။ 

(၁) ငါးစာထုတ်လုပ်ခြင်းနည်းပညာ (၂) ငါးအစာအာဟာရ နှင့် ကျွေးမွေးမှု နှစ်ခုစလုံး ပါဝင်သည့် ၂ ရက်ကြာ သင်တန်းအား ပြုလုပ်ပေးခဲ့ပါသည်။ ဤသင်တန်းသည် လယ်သမားများအား ပြည်တွင်းတွင် ရရှိနိုင်သည့်ကုန်ကြမ်းများ အသုံးပြုပြီး တောင်သူများဝယ်ယူ အသုံးပြုနိုင်သည့် အဆင့်ရှိ ငါးစာတောင့်များ ထုတ်လုပ်တတ်စေရန်နှင့် ၎င်းတို့အား MYSAP Inland ငါးမွေးတောင်သူများထံသို့ ထုတ်လုပ်ရောင်းချရန်ဖြစ်သည်။ ငါးစာတောင့်များ မည်သို့ ထုတ်လုပ်ရမည်ကို သင်ကြားပို့ချသည့် အားလျော်စွာ ငါးမွေးတောင်သူများသည် အစာကျွေးချိန် တစ်ခုစီတွင် တစ်နေရာတည်း၌ အစာကျွေးခြင်း၊ အလေအလွင့်များလျော့နည်းစေရန် အစာဗန်းဖြင့်ကျွေးမွေးခြင်းနှင့် အစာကျွေးနေစဉ် ငါးများကိုလေ့လာခြင်း၊ အစာမှအသားပြောင်းလဲခြင်းအချိုး (FCR) တွက်ချက်ပုံနှင့် အရည်အသွေးကိုထိန်းသိမ်းရန် ထုတ်လုပ်ထားသည့် ငါးစာများကို မည်သို့သိုလှောင်ထားရမည် စသည်တို့ကို သင်တန်းတွင် ပို့ချပေးခဲ့ပါသည်။

ပဲဖတ်၊ နှမ်းဖတ်၊ မြေပဲဖတ်၊ နေကြာဖတ်၊ မုန်ညင်းကြိတ်ဖတ်၊ ဖွဲနု၊ ပီလောပီနံ၊ ပုဇွန်မှုန့်၊ ငါးခြောက်မှုန့် နှင့် ကြက်ငှက်တောင် အမွှေးမှုန့် ကဲ့သို့သော ကုန်ကြမ်းများကို မည်သို့ ရွေးချယ်ရမည်။ မည်သို့ ရောစပ်ပြီး ရေမြှုပ်စာမည်သို့ ဖော်စပ်ရသည် စသည်တို့အား တောင်သူများသို့ သင်ကြား ပို့ချပေးခဲ့ပါသည်။ ထုတ်လုပ်သော ငါးစာတောင့်များသည် ရေတွင် အလွယ်တကူ မပျော်ဝင်ပဲ တည်ငြိမ်စွာရှိပြီး ထို့ကြောင့် ရေအရည်အသွေးလည်း ကောင်းမွန်စေပါသည်။ ၎င်းတွင် အနိမ့်ဆုံး အဆင့် ပရိုတင်းဓာတ် ၂၀ ရာခိုင်နှုန်း ပါဝင်သည်။ အစာထုတ်လုပ်သူ တောင်သူများသည် MYSAP Inland ၏ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသော အိမ်ထောင်စုများအား ဦးစားပေးပြီး ငါးစာကို ရောင်းချပေးခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိကြပါသည်။ ကျိုင်းတုံမြို့နယ်ရှိ ငါးစာထုတ်လုပ်သော တောင်သူတစ်ဦးသည် MYSAP Inland ၏ ကျေးရွာများအတွင်းရှိ စီမံကိန်း တောင်သူ မဟုတ်သော အခြားသော တောင်သူများသို့ ငါးစာများ ထုတ်လုပ်ရောင်းချပါသည်။ ထို့အပြင် အခြားသော ကျေးရွာများသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ 

MYSAP Inland သည် ၂၀၁၈-၁၉ တွင် အစာကြိတ်ခွဲစက် (၄၃) ခု နှင့် ၂၀၁၉-၂၀၂၀ ရာသီတွင် အစာကြိတ်စက်အသစ် (၁၈) ခု အပါအဝင် အစာကြိတ်စက် (၆၁) လုံးအား ပံ့ပိုးပေးခဲ့ပြီး အစာထုတ်လုပ်ပုံ သင်တန်းနှင့်တကွ ပထမအကြိမ် ငါးစာတောင့်ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှု အဖြစ် အစာတောင့် ၁၀၀ ပိဿာ (၁၆၀ ကီလိုဂရမ်) ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းများ ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၈-၁၉ ငါးမွေးရာသီတွင် ကလေး၊ ကျိုင်းတုံနှင့် ရွှေဘိုမြို့နယ်များရှိ ငါးစာထုတ်တောင်သူများမှ ခန့်မှန်းခြေအားဖြင့် ၉,၃၀၀ ပိဿာ (၁၄,၈၈၀ ကီလိုဂရမ်) ကို ထုတ်လုပ်ရောင်းချခဲ့ကြသည်။

 

ယခုဆောင်းပါးအား MYSAP Inland မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်