ကြက်မည်းအသားစားရင် ဘာအကျိုးကျေးဇူးရမလဲ အပါအဝင် မေးလေ့ရှိသော မေးခွန်းများ

05/02/2024 14:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးလောကက မဟုတ်တဲ့  မိတ်ဆွေတွေနဲ့ တွေ့ကြဆုံကြတဲ့အခါ တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ရ တစ်ယောက်ဖြစ်တဲ့ စာရေးသူ ကျတော့်ကို မွေးမြူရေးနဲ့ ပတ်သက်ပြီး သူတို့သိချင်တဲ့ ကိစ္စလေးတွေ မေးမြန်းလေ့ ရှိကြပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ ကြက်မည်း နဲ့ပတ်သက်တဲ့ အကြောင်းက မကြာ ခဏဆိုသလို ပါလာတတ်ပါတယ်။ "ဘာကြောင့် ကြက်မည်းရဲ့ အရောင်က မည်းနေရတာလဲ" ၊ "ကြက်မည်းအသားဟာ ဘာကြောင့် ဈေးကြီးရတာလဲ" ၊ "ကြက်မည်းအသားကို စားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ" စ သည်ဖြင့် သိချင်ကြတာပါ။ အစိမ်းရောင်လမ်းရဲ့ စာဖတ်သူတွေထဲမှာလည်း အဲဒီ မေးခွန်းတွေကို သိချင်တဲ့သူတွေ ပါလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါကြောင့်ပဲ ကြက်မည်းနဲ့ ပတ်သက်ပြီး စာရေးသူအနေနဲ့ မိတ်ဆွေတွေကို ပြန်ပြောပြ ဖြစ်တာကို ပြန်ပြီး ဖောက်သည်ချပါရစေ။

"ဘာကြောင့် ကြက်မည်းရဲ့ အရောင်က မည်းနေရတာလဲ"

ကြက်တွေ၊ လူတွေအပါအဝင် ကျောရိုးရှိသတ္တဝါ (vertebrates) အများစုမှာ အန်ဒိုသီလင် - ၃ (Endothelin 3) (အတိုကောက် အားဖြင့် EDN3) လို့ နာမည်ပေးထား တဲ့ မျိုးဗီဇ (gene) တစ်ခုရှိနေကြပါတယ်။ EDN3 က အမွေး အတောင်တွေမှာ အရောင်ကို ဖြစ်ပေါ်စေတဲ့ မျိုးဗီဇ ဖြစ်ပါတယ်။

ပုံမှန်အနေအထားမှာ ကြက်တွေရဲ့ အရေပြားတွေ၊ အမွေးထွက်မယ့် အမွေးအိတ် (hair follicles) တွေမှာရှိ တဲ့ ဆဲလ်တွေဟာ အဲဒီ EDN3 မျိုးဗီဇရဲ့ အစွမ်းကို ပြရပါတယ်။ အဲဒီ EDN3 က မီလန်နိုဘလတ်စ် (melanoblasts) ဆိုတဲ့ ဆဲလ်တွေကို အရေပြားတွေ၊ အမွေးအတောင်တွေဆီကို ရောက်လာအောင် အမိန့်ပေးပါတယ်။ မီလန်နိုဘလတ်စ်ဆဲလ်တွေ ရောက်လာတဲ့အခါ ကြက်ရဲ့ အရေပြားတွေ အမွေးအတောင်တွေမှာ အရောင်တွေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းရာဂဏန်းတစ်ခု၊ ဒါမှမဟုတ် အနှစ်ထောင်ကျော်လောက်မှာ ကြက်တစ်ကောင်ရဲ့ မျိုးဗီဇမှာ ဗီဇထွန်းခြင်း (mutation) ဖြစ်ပေါ်ခဲ့ပုံရပါတယ်။ အဲဒီဗီဇထွန်းခြင်းကြောင့် မီလန်နိုဘလတ်စ်တွေကို အရေပြားနဲ့ အမွေးအတောင်တွေဆီသာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး၊ နေရာအနှံအပြားက ဆဲလ်တွေဆီကို ရောက်ရှိစေတဲ့အပြင်၊ ပမာဏကိုလည်း ဆယ်ဆလောက် များပြားစေခဲ့ပါတယ်။ အဲဒီမှာ ပုံမှန်ဖြစ်ရမယ့် အရောင်မဖြစ်တော့ဘဲ အမည်းရောင်တွေ ဖြစ်ပေါ်လာတာပါ။

အဲဒီဖြစ်စဉ်ကို ဖိုက်ဘရိုမီလန်နိုးစစ် (Fibro-melanosis) လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် ဖိုက်ဘရိုမီလန်နိုးစစ် ဆိုတာ EDN3 မျိုးဗီဇ က ပုံမှန်မဟုတ်ဘဲ ထွန်းသွားတဲ့အတွက် မီလန်နိုဘလတ်စ်တွေကို ပုံမှန်ပို့ရာမယ့် နေရာ သာမက မလိုအပ်တဲ့နေရာတွေကိုပါ ပို့ဆောင်ပေးသလို၊ ပမာဏကိုလည်း အများအပြား ပို့ဆောင်ပေးလိုက်တဲ့ ဖြစ်စဉ်ကို ခေါ်ဆိုတာပါ။ ဖိုက်ဘရိုမီလန်နိုးစစ်ကို အမည်းရောင်ခြယ်လွန်ပြဿနာ (black hyperpigmentation) လို့လည်း ခေါ်ဆိုကြပါတယ်။

ဖိုကဘရိုမီလန်နိုးစစ်စဖြစ်တဲ့ ကြက်ကနေ မျိုးဆက်တွေဆက်လက်ပေါက်ပွားလာတဲ့အခါ သူ့ရဲ့ ထွန်းနေတဲ့ မျိုးဗီဇကို ဆက်လက်ဖြန့်ဖြူးတာမို့ ကြက်မည်းမျိုး (Breeds) တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူတွေကလည်း မျိုးတွေစပ်ပြီး ကြက်မည်းမျိုးတွေ ထုတ်လုပ်ကြပုံ ရပါတယ်။

ဒါကြောင့် ချုပ်ပြောရရင် ကြက်မည်းဆိုတာဟာ ရောင်ခြယ်ဓာတ်နဲ့ ပတ်သက်တဲ့ မျိုးဗီဇထွန်းနေတဲ့ ကြက်တစ်မျိုးပဲလို့ ဆိုနိုင်ပါတယ်။

မျိုးဗီဇ ထွန်းတယ်ဆိုတာ တခါတရံ  အကောင်းဘက်ကို ထွန်းသလို၊ တခါတရံလည်း အဆိုးဘက်ကို ထွန်းသွားနိုင်ပါတယ်။ ဥပမာအားဖြင့် လူတွေမှာ မျိုးဗီဇ ထွန်းပြီး ကင်ဆာဝေဒနာ ခံစားရတာမျိုးပါ။ ဒါပေမယ့် ကံအားလျော်စွာ ကြက်မည်း ဖြစ်စေတဲ့ EDN3 မျိုးဗီဇ ထွန်းခြင်းဟာ အဲဒီကြက်ကို ကျန်းမာရေးဆိုးကျိုး မဖြစ်ပေါ်စေပါဘူး။ ဒါကြောင့်လည်း ကြက်မည်းမျိုးတွေအဖြစ် ဒီနေ့အထိ ရှင်သန်နေတာပါ။

"ကြက်မည်းအသားဟာ ဘာကြောင့် ဈေးကြီးရတာလဲ။"

ကြက်မည်းအသားက ဘာကြောင့် ဈေးကြီးရတာလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကတော့ ရှင်းပါတယ်။ ရှားလို့ လို့ ဖြေရမှာပါပဲ။ ကြက်မည်းတွေဟာ ဒီနေ့ခေတ် စီးပွားဖြစ်မွေးမြူနေတဲ့ အသားတိုးကြက် (broilers) တွေလောက် ကြီးထွားနှုန်း မမြန်သလို၊ ဥစားကြက် (layers) တွေလောက်လည်း ဥနှုန်းမကောင်းပါဘူး။ မျိုးစပ်တဲ့အခါ အရောင်မည်းနေဖို့ကို ဦးစားပေးပြီး စပ်ကြတဲ့အတွက် အသားတိုးနှုန်း၊ ဥနှုန်းတွေကို အာရုံမစိုက်နိုင်တာကြောင့်ပါ။ အဲဒါတွေ ကို အာရုံစိုက်ပြီး အသားတိုးနှုန်း၊ ဥတိုးနှုန်းကောင်းအောင် ရွေးချည်မျိုးစပ်လိုက်တာနဲ့ အရောင်မည်းတဲ့ အရည်အချင်းဟာ ကျဆင်းသွားမှာပါ။ ဒါကြောင့် ကြက်မည်းတွေကို အများအပြား မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် ရှားပါး ပါတယ်။

ဒုတိယအချက်ကတော့ ရှားပါးတဲ့အတွက် လူတွေက တန်ဖိုးထားကြလို့ ဈေးကြီးတာ ဖြစ်ပါတယ်။ ရွှေ နဲ့ လမ်းခင်းကျောက်ဟာ မြေကြီးထဲက ထွက်လာတာချင်းတူပေမယ့် ရှားတဲ့ ရွှေ ဟာ၊ ပေါပေါများများရတဲ့ လမ်းခင်း ကျောက်နဲ့ယှဉ်ရင် ဈေး အဆမတန် မြင့်မားနေမှာပါပဲ။ ဒီသဘောပါပဲ။ ရှားပါးတဲ့ ကြက်မည်းအသားဟာ ဘယ်မှာ ဝယ်ဝယ်ရတဲ့ ပုံမှန်ကြက်သားတွေထက် ဈေးကြီးတာ မထူးဆန်းပါဘူး။

ဆက်စပ်ပြီး၊ အင်မတန်ရှားပါးတဲ့ ကြက်မျိုး ဖြစ်တာကြောင့် သူ့ရဲ့အသားတွေ၊ ဥတွေ ဟာ ဆေးဖက်ဝင်လိမ့် မယ်၊ အာဟာရတွေ ပိုပြီး ပြည့်ဝနေလိမ့်မယ်၊ ပုံမှန်ကြက်သား၊ ကြက်ဥမှာ မပါဝင်နိုင်တဲ့ ထူးခြားတဲ့ အစွမ်းတွေရှိနေ လိမ့်မယ်လို့ အစဉ်အလာအရ ယုံကြည်ခဲ့ကြတာကြောင့် တန်ဖိုးကြီးကြီးထားပြီး ဝယ်စားရာကနေ ဈေးကြီးသွားတာလည်း ပါပါလိမ့်မယ်။

"ကြက်မည်းအသားကို စားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။"

ကြက်မည်းအသားမှာ ပုံမှန်ကြက်သားမှာ မပါနိုင်တဲ့ ထူးခြားတဲ့ အစွမ်းထက်ပစ္စည်း ဘယ်တစ်ခု ပါဝင်နေတယ် ဆိုတာမျိုး သုတေသနရလဒ်တွေနဲ့ အထင်အရှား ပြောထားတာတော့ မတွေ့မိသေးပါဘူး။ သာမန်ကြက်သားထက် ဗီတာမင်၊ သံဓာတ်နဲ့ အမိုင်နိုအက်ဆစ် တွေ ပမာဏ ပိုမိုပါဝင်တယ် လို့တော့ ယေဘုယျသဘော ပြောကြပါတယ်။ အမိုင်နိုအက်ဆစ်ဆိုတာ အသားဓာတ် (ပရိုတင် - protein) ကို တည်ဆောက်ဖို့ အခြေခံပစ္စည်းတွေ ဖြစ် ပါတယ်။

တချို့က ကြက်မည်းအသားမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ပါဝင်တာမို့ ကျန်းမာရေး ကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဘယ်လို ဓာတ်တိုးဆန့်ကျင့်ပစ္စည်းတွေ ထူးထူးခြားခြား ပါဝင်နေသလဲ ဆိုတာကိုတော့ အတိအကျ ပြောတာ သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် အချို့သော ကြက်မည်းမျိုးတွေ (ဥပမာ Kadaknath) ရဲ့ အသားမှာ ကာနိုဆင်း (Carnosine) ဆိုတဲ့ အမိုင်နိုအက်ဆစ် ဟာ ပုံမှန်ကြက်သားတွေမှာထက် ပို ပြီး ပါဝင်နေတယ်ဆိုတဲ့ သုတေသနစာတမ်းအချို့ကို တွေ့ရပါတယ်။ ကာနိုဆင်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်ခုဖြစ်ပါတယ်။ ကာနိုဆင်းက အိုမင်းမှုကို ဖြစ်ပေါ်စေတဲ့ ခန္ဓာကိုယ်ထဲက ဓာတုဒြပ်ပေါင်းအချို့ကို တားဆီးပေး တယ်လို့ ဆိုပါတယ်။ ကာနိုဆင်းဟာ ရောဂါအချို့ကို သက်သာစေတယ်လို့ ဆိုပေမယ့် သိပ္ပံနည်းကျ သက်သေထူနိုင်တဲ့ သုတေသနတွေ ဆောင်ရွက်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

တချို့ကလည်း ကြက်မည်းအသားဟာ ခုခံစွမ်းအားမြင့်မားဖို့ ကူညီတယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် ရောဂါတွေကို ကာကွယ်နိုင်ဖို့ အထောက်အကူပြုတယ်လို့ ယုံကြည်ကြတာပါ။ ကြက်မည်း အသားထဲမှာ ပုံမှန်ကြက် သားထက် ပိုမိုပါဝင်တဲ့ ကာနိုဆင်း (carnosine)၊ အန်ဆီရင်း (anserine) နဲ့ ခရီအေတင်း (creatine) ဆိုတဲ့ အမိုင်နို အက်ဆစ်တွေဟာ ခုခံစွမ်းအားမြှင့်တင်ရာမှာ အရေးပါတဲ့ အမိုင်နိုအက်ဆစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြက်မည်းအသားထဲမှာ ကော်လာဂျင် (collagen) နဲ့ အတူ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ ပရိုလင်း (pro -line) နဲ့ လိုင်ဆင်း (lysine) တွေ ပေါပေါများများ ပါဝင်နေတာမို့ အနာကျက်တဲ့လုပ်ငန်းစဉ်ကို လျှင်မြန်စေတယ်လို့ လည်း အချို့က ယုံကြည်ကြပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှု ခံယူပြီးရင် ကြက်မည်းစွတ်ပြုတ်လေး သောက်လိုက်ရင် အနာကျက်ပိုမြန်မယ်လို့ ယုံကြည်ကြပြီး တန်ဖိုးထား စားသုံးကြတာပါ။

သေချာတကတော့ ကြက်မည်းအသားမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ပုံမှန်ကြက်သားမှာလည်း ရရှိနိုင်တယ် ဆိုတဲ့အချက်ပါ။ ဒါကြောင့် ကြက်မည်းအသား စားသုံးသင့်သလား၊ စားသုံးဖို့ မသင့်ဘူးလားဆိုရင် စားသုံးသူက ပိုက်ဆံဘယ်လောက်သုံးပြီး၊ ကြက်မည်းအသားကို ဘယ်လောက် တန်ဖိုးထားသလဲပေါ် မူတည်ပါတယ်။ အချက်အလက်တွေအရ ငွေကြေးတတ်နိုင်သူတွေအတွက် ကြက်မည်းအသားစားသုံးခြင်းဖြင့် ပုံမှန်ကြက်သားထက် ပို တဲ့ အာဟာရတွေကို ရရှိနိုင်ချေရှိပါတယ်။ ငွေကြေးမတတ်နိုင်လို့ ကြက်မည်းသား မစားနိုင်ရင်လည်း အားငယ်စရာ တော့ ဘာမှမရှိပါဘူး။ ပုံမှန်ကြက်သားကိုစားရုံနဲ့လည်း လိုအပ်တဲ့ အာဟာရကို ရနိုင်ပါတယ်။ လုံလောက်အောင်စားသောက်ဖို့တော့ လိုပါလိမ့်မယ်။

"ကြက်မည်းမွေးသင့်သလား။"

ဒီမေးခွန်းကိုလည်း မေးမြန်းသူကိုယ်တိုင် ပြန်သုံးသပ်ရမှာပါ။ ဈေးကွက်က ကြက်မည်းအသားကို ဈေးကြီးပေးပြီး စားသုံးနိုင်တယ်၊ တနည်းအားဖြင့် ဈေးကွက်ရှိတယ်ဆိုရင် မွေးသင့်ပါတယ်။ ထုတ်လုပ်မှုက ပုံမှန်အသားတိုး ကြက်တွေ၊ ဥစားကြက်တွေလို မကောင်းတာမို့ ထုတ်လုပ်မှုက နည်းပြီး ဈေးကြီးကြီးနဲ့ ရောင်းနိုင်မှ တွက်ချေကိုက် မှာ ဖြစ်ပါတယ်။ ဈေးကွက်က ဈေးနှုန်းသက်သာတာကို လိုက်ရှာနေတာများတယ်ဆိုရင်တော့ တွက်ချေကိုက်ချင်မှ ကိုက် နိုင်ပါလိမ့်မယ်။ ဈေးကွက်ကို လေ့လာပြီး ကိုယ်တိုင်ချင့်ချိန်ပြီး ဆုံးဖြတ်ကြဖို့ပါပဲ။သေချာတာကတော့ ကြက်မည်းမွေးမယ်ဆိုရင်လည်း ဇီဝလုံခြုံရေးကောင်းကောင်း၊ အာဟာရပြည့်ပြည့်စုံ စုံ၊ ရောဂါကာကွယ်ဆေးလုံလုံနဲ့ ဂရုစိုက်မွေးမြူကြဖို့ လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်