ရာသီဥတုပြောင်းလဲမှုကို အံတုရင်း စမတ်ကျတဲ့ မွေးမြူရေးသမားဖြစ်ဖို့

26/03/2024 19:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဟာ ဂေစစနစ်(Eco System) နဲ့ သဘာဝအရင်းအမြစ်(Natural resources) တွေပေါ်  မှီတည်လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုပါ။ ရာသီဥတုပြောင်းလဲမှုကလည်း အဲဒီအချက်နှစ်ချက်ကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေလျက်ရှိပါတယ်။

ဒါ့ကြောင့် ရာသီဥတုပြောင်းလဲမှု (Climate Change) ဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ တချိန်တည်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ (အထူးသဖြင့် မွေးမြူရေးလုပ်ငန်းတွေဟာ) ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ အရေးကြီးတဲ့ လက်သည်တရားခံတွေထဲက တစ်ခုအပါအဝင်ဖြစ်လို့ နေပါတယ်။

ဒါ့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို အတတ်နိုင်ဆုံးနှေးကွေးသွားစေပြီး တချိန်တည်းမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအပေါ် ကျရောက်မယ့်ဆိုးကျိုးတွေကို အတတ်နိုင်ဆုံး လျှော့ချမယ့် နည်းလမ်းတွေ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အဲဒါကို Climate SMART Agriculture (CSA) လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ CSA ကို “Integrating Adoption with Mitigation” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖော်ညွှန်းလေ့ရှိပါတယ်။ မိမိတို့ရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ပြောင်းလဲလာတဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်အောင်၊ အံဝင်ဂွင်ကျဖြစ်အောင် နေထိုင်ခြင်း (Adoption) နဲ့အတူ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ အချက်အလက်တွေကိုလည်း လျှော့ချခြင်း (Mitigation) ကို တွဲဖက်ကျင့်သုံးဖို့ လမ်းညွှန်ချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။

မွေးမြူရေးရဲ့ အခန်းကဏ္ဍ

ကမ္ဘာ့လူဦးရေတိုးတက်လာမှုက စားသောက်ကုန်လိုအပ်ချက်ကို မြင့်မားလာစေပါတယ်။ တချိန်တည်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လူနေမှုအဆင့်အတန်းမြင့်မားလာမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးစနိုင်ငံတွေက ပြည်သူတစ်ဦးချင်းစီရဲ့ အသား၊ နို့၊ ဥ စားသောက်မှုတွေ မြင့်မားလာတာကြောင့် မွေးမြူရေးထုတ်ကုန်တွေကို ပိုမိုထုတ်လုပ်ဖို့ လိုအပ်လာပြန်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ၂၀၀၉ ခုနှစ်က သုံးသပ်ခဲ့တဲ့ စစ်တမ်းတွေအရ ၁၉၆၀ ကနေ ၂၀၀၅ ခုနှစ်အတွင်းမှာ လူတစ်ဦးချင်းစီရဲ့ အသား စားသုံးမှုဟာ ၃ဆ မြင့်မားလာပြီး နို့သောက်နှုန်း ၂ ဆ တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဥအမျိုးမျိုး စားသုံးနှုန်းကလည်း ၅ ဆ အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ မွေးမြူရေးထွက်ကုန်တွေရဲ့ ဝယ်လိုအားကို မြင့်မားစေတဲ့ အဓိကအချက်အလက်တွေဖြစ်တဲ့ ဝင်ငွေတိုးတက်မြင့်မားလာခြင်း၊ လူဦးရေတိုးပွားလာခြင်း နဲ့ မြို့ပြများ ထွန်းကားလာခြင်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လာမယ့်ဆယ်စုနှစ်တွေအတွင်း ပိုမိုမြန်ဆန်တဲ့ အရှိန် အဟုန်နဲ့ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံနဲ့ တရုတ်နိုင်ငံကို ဖယ်ပြီး ကျန်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသားစားသုံးမှုနှုန်းဟာ ၂၀၃၀ ခုနှစ်မှာ လူတစ်ဦးကို တစ်နှစ် ၂၆ ကီလိုဂရမ် စားသုံးနိုင်ပြီး ၂၀၅၀ ခုနှစ်မှာတော့ ၃၂ ကီလိုဂရမ်အထိ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို စားသုံးမှုတိုးတက်လာခြင်းနဲ့ လူဦးရေတိုးပွားလာခြင်းတွေကြောင့် ထုတ်လုပ်မှုကလည်းမြင့်မားဖို့ လိုအပ်လာ ပါတယ်။ ၁၉၉၉/၂၀၀၁ မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အသားတန်ချိန်ပေါင်း ၂၂၉ သန်းထုတ်လုပ်ခဲ့ပြီး ၂၀၅၀ ခုနှစ်မှာတော့ နှစ်ဆတိုးပြီး ၄၆၅ သန်း အထိထုတ်လုပ်လာရမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒီလိုပဲ နို့ထုတ်လုပ်မှုမှာလည်း တန်ချိန် သန်းပေါင်း ၅၈၀ ထုတ်လုပ်ရာကနေ တန်ချိန် သန်းပေါင်း ၁၀၄၃ အထိ ထုတ်လုပ်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ 

ရာသီဥတုပြောင်းလဲမှုရဲ့ မွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မှု

ရာသီဥတုပြောင်းလဲမှုဟာ မွေးမြူရေးလုပ်ငန်းတွေအပေါ် ဘယ်အတိုင်းအတာထိ ဆိုးကျိုးတွေ သက်ရောက်တယ်ဆိုတာ ကိန်းဂဏန်းတွေနဲ့ ဖော်ပြဖို့ အလွန်ခက်ခဲပါတယ်။ အကြောင်းကတော့ မွေးမြူရေးကဏ္ဍဟာ အခြားသောအချက်အလက်တွေဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ၊ ရာသီဥတု၊ အခြားသော ပတ်ဝန်းကျင်အခြေအနေ များ၊ စျေးကွက်အခြေအနေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စတာတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးကို ဆက်နွယ်နေလို့ပါ။ ဒါပေမယ့် ကြီးမားတဲ့ ဆိုးကျိုးတွေ သက်ရောက်နေတယ်ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။ အပူချိန်မြင့်မားလာ ခြင်း၊ မိုးရွာသွန်းမှုပုံစံနဲ့ ပမာဏတွေ ပြောင်းလဲလာခြင်း၊ မုန်တိုင်းကျရောက်မှု၊ ရေကြီးမှုစတဲ့ ဆိုးရွားတဲ့ ရာသီ ဥတု အခြေအနေတွေ မကြာခဏ ဖြစ်ပေါ်ခြင်း စတာတွေဟာ မွေးမြူရေးကဏ္ဍရဲ့ ထုတ်လုပ်မှု (Production) နဲ့ ထုတ်လုပ်နိုင်စွမ်း (Productivity) တွေကို သိသိသာသာကျဆင်းစေတာကို တွေ့ရမှာပါ။ မွေးမြူရေးကဏ္ဍအနေနဲ့ တိရစ္ဆာန်တွေ အပူဒဏ်ခံရခြင်း (Heat stress) နဲ့ သောက်ရေ အလုံအလောက်မရရှိခြင်းဆိုတဲ့ တိုက်ရိုက်ဆိုးကျိုး တွေခံစားရမှာဖြစ်သလို အစာရေစာရှားပါးခြင်း၊ အစာအရည်အသွေးကျဆင်းခြင်း၊ ရောဂါဘယများကျရောက်ခြင်း၊  သွင်းအားစုတွေကို အခြားသောထုတ်လုပ်မှုကဏ္ဍတွေနဲ့ ယှဉ်ပြိုင်ရယူရခြင်းစတဲ့ သွယ်ဝိုက်ဖြစ်ပေါ်တဲ့ ဆိုးကျိုးတွေကိုလည်း ခံစားကြရမှာဖြစ်ပါတယ်။ 

တိုက်ရိုက်ဆိုးကျိုးများ

- ရာသီဥတုဆိုးရွားမှုများ မကြာခဏဖြစ်ပေါ်ခြင်း (Extreme weather events)

- ရေကြီးမှု၊ မိုးခေါင်ရေရှားမှုများ အကြိမ်ရေပိုမိုဖြစ်ပေါ်လာခြင်း၊ ပိုမိုပြင်းထန်လာခြင်း (Frequency and magnitude of flood and draught) 

- ရာသီဥတုဒဏ်ကြောင့် ထုတ်လုပ်မှုကျဆင်းလာခြင်း (Physiological stress)

- သောက်ရေရရှိမှု (Water availability)

သွယ်ဝိုက်ဖြစ်ပေါ်သော ဆိုးကျိုးများ

- အစာရရှိမှုနှင့် အရည်အသွေးကျဆင်းလာခြင်း (Fodder quality and quantity)

- ရောဂါများ ထူပြောလာခြင်း (Incidence of emerging diseases)

- သွင်းအားစုများ စျေးနှုန်းကြီးမြင့်လာခြင်း (Increased resources price)

- တိရစ္ဆာန်များအတွက် ရာသီဥတုဒဏ်လျော့ပါးစေသည့် ခြံတည်ဆောက်မှုစနစ်များ အသုံးပြုရခြင်း (ဥပမာ - Cooling system)

ရာသီဥတုပြောင်းလဲမှုက မွေးမြူရေးအပေါ်ဆိုးကျိုးတွေသက်ရောက်နေသလိုပဲ မွေးမြူရေးလုပ်ငန်းတွေကလည်း ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားလာအောင် တွန်းပို့ပေးနေပြန်ပါတယ်။ မွေးမြူရေးကဏ္ဍကနေပြီး ကာဗွန်ဒိုင် အောက်ဆိုဒ် (CO2)၊ မီသိန်း (CH4) နဲ့ နိုက်ထရပ်စ်အောက်ဆိုဒ် (N2O) အစရှိတဲ့ ဖန်လုံအိမ်အာနိသင် (Green House Gases) တွေကိုထုတ်လွှတ်နေတာပါ။ FAO ရဲ့ ၂၀၀၆ ခုနှစ် Life Cycle Assessment စစ်တမ်းတွေအရ မွေးမြူရေးကဏ္ဍကနေ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ၇.၇ gigatonnes CO2 eqv. ရှိပြီး လူသား တွေကြောင့် ဖြစ်ပေါ်တဲ့ ဖန်လုံအိမ်အာနိသင် (Anthropogenic GHG) စုစုပေါင်းရဲ့ ၁၈% ရှိတယ်ဆိုတာကို တွေ့ရပါတယ်။

အဲဒီလို ဖန်လုံအိမ်အာနိသင်တွေ ထုတ်လွှတ်တဲ့ အကြောင်းအရင်းတွေကို ဆန်းစစ်တဲ့အခါမှာ 

• သစ်ပင် သစ်တောများခုတ်လှဲကာ မွေးမြူရေးခြံနှင့် စားကျက်မြေများဖော်ထုတ်ခြင်း

• တိရစ္ဆာန်အစာအတွက် စိုက်ပျိုးပင်များနှင့် စားကျက်များတွင် ဓာတ်မြေသြဇာများ အသုံးပြုခြင်း

• စိုက်ပျိုးမြေများမှ ဓာတ်ငွေ့များထုတ်လွှတ်ခြင်း

• မွေးမြူရေးခြံများ၊ စားကျက်များနှင့် စိုက်ခင်းများတွင် အသုံးပြုသော စက်ယန္တယားများအတွက် လောင်စာများသုံးစွဲခြင်း

• အစာစက်ရုံများမှ မီးခိုးနှင့် အခြားဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း

• စားမြုံ့ပြန်သတ္တဝါများ အစာခြေရာမှ မီသိန်းဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း

• တိရစ္ဆာန်မစင်များမှ ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း

• တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း တွေဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ 

စမတ်ကျတဲ့ မွေးမြူရေးဖြစ်ဖို့ (Climate-smart Livestock)

နေ့စဉ်သုံးစကားတွေထဲမှာ စမတ် (SMART) ကျတယ် ဆိုတဲ့ စကားဟာလည်း အသုံးများတဲ့ စကားတစ်ခွန်းပါပဲ။ စမတ်လို့ မြန်မာတွေ တိုက်ရိုက်မွေးစားထားတဲ့ (SMART) ကို ကြားလိုက်တာနဲ့ အလွန်အဆင်ပြေ၊ အလွန်ကောင်း၊ အလွန်ရှုချင်စဖွယ်ဖြစ်တာကို ရည်ညွှန်းဖော်ပြမှန်း အားလုံးသိကြပြီး ဖြစ်ပါတယ်။ မွေးမြူသူ တွေအနေနဲ့လည်း မိမိရဲ့ မွေးမြူရေးလုပ်ငန်းကို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိတဲ့ (တနည်းပြောရ ရင် စမတ်ကျတဲ့ မွေးမြူရေးလုပ်ငန်း) Climate-smart Livestock ဖြစ်နိုင်ဖို့ ကျိုးစားသွားရမှာပါ။ Climate-smart ဖြစ်ဖို့ အဓိကအချက် ၂ ချက်ပဲ ရှိပါတယ်။ အဲဒါတွေကတော့ (၁) သဘာဝအရင်းအမြစ်တွေကို အထိရောက်ဆုံး အသုံးချခြင်း (Resource use efficiency) နဲ့ (၂) မွေးမြူရေး စီမံခန့်ခွဲမှုပုံစံတွေကို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိအောင် ပြောင်းလဲပြင်ဆင်ခြင်းအားဖြင့် ခံနိုင်ရည်ရှိအောင်ဆောင်ရွက်ခြင်း (Building resilience) တို့ပဲဖြစ်ပါတယ်။

ဆွေးနွေးခဲ့တာလေးတွေကို ပြန်ပြီး ခြုံငုံသုံးသပ်ကြည့်ရင် 

(၁) မွေးမြူရေးဟာ ကမ္ဘာ့လူသားတွေရဲ့ စားနပ်ရိက္ခာ ဖူလုံမှုအတွက် အလွန်အရေးကြီးပါတယ်။ 

(၂)  တိုးတက်လာတဲ့ လူဦးရေနဲ့ အသား၊ နို့၊ ဥ လိုအပ်ချက်ကို ဖြည့် စည်းနိုင်ဖို့ မွေးမြူရေးလုပ်ငန်းတွေကို တိုးချဲ့ လုပ်ကိုင်သွားရပါဦးမယ်။ 

(၃) မွေးမြူရေးလုပ်ငန်းတွေကို တိုးချဲ့လာတာနဲ့အမျှ ရာသီဥတုပြောင်းလဲမှု (Climate Change) ကို ပိုမိုဆိုးရွားလာစေပါတယ်။ 

(၄) တချိန်တည်းမှာ ရာသီဥတုပြောင်းလဲမှုကပဲ မွေးမြူရေးလုပ်ငန်းတွေကို ဆိုးဆိုးရွားရွား ပြန်ပြီး ထိခိုက်စေပါတယ်။ 

(၅) ဒါကြောင့်မို့ ရာသီ ဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိတဲ့ မွေးမြူရေး (Climate-smart Livestock) ဖြစ်အောင် ဆောင်ရွက်ဖို့ လိုတယ်ဆိုတာလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ 

Climate-smart livestock မှာ လိုက်နာဆောင်ရွက်သင့်တဲ့ အကြံပြုချက်လေးတွေကိုလည်း အသေးစိတ် ဆက်လက်ဆွေးနွေးတင်ပြသွားပါဦးမယ်။ စမတ်ကျတဲ့ မွေးမြူရေးသမားများ ဖြစ်နိုင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်