လူ့အမြင်..နွားအမြင်

08/08/2025 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

လူတွေမှာ သူ့အမြင်၊ ကိုယ့်အမြင်ဆိုတာ ရှိကြတယ်။ ကိစ္စရပ်တစ်ခုခုအပေါ် ရှုမြင်သုံးသပ်ပုံ မတူကြတဲ့အခါ အမြင်မတူဘူး ဆိုတဲ့ စကားမျိုး ပြောတတ်ကြတယ်။ အခုလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကွဲပြားမှုတွေ ရှိနေချိန်မှာ အမြင်ကွဲပြားမှုတွေက ပိုလို့တောင် များသေးတာပေါ့။ ဒါပေမယ့် အခုပြောပြချင်တာက လူတွေရဲ့ အဲဒီ အတွေးအမြင်တွေ၊ ရှုမြင်ပုံတွေအကြောင်း မဟုတ်ပါဘူး။ လူတွေနဲ့ နွားတွေရဲ့ မျက်လုံးအမြင်အာရုံဟာ ဘယ်လိုကွဲပြားကြသလဲ။ သူတို့ရဲ့ မျက်စိရှေ့မှာမြင်နေရတဲ့ လောကကြီးကို ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ကြသလဲ။ ဘယ်လိုကွဲ ပြားစွာတွေ့မြင်ကြသလဲ ဆိုတာကို နှိုင်းယှဉ်ပြချင်တာပါ။ လူ့အမြင်၊ နွားအမြင် နှိုင်းယှဉ်ချက်ဆိုပါတော့။ 

မြင်ကွင်းအကျယ်

လူတွေဟာ မျက်လုံးနှစ်ဖက်လုံး ကောင်းမွန်တယ်ဆိုရင် သူတို့ရဲ့ အရှေ့ကမြင်ကွင်းကို ၁၇၀ ဒီဂရီ အကျယ် အထိ မြင်ရပါတယ်။ မျက်လုံးတည့်တည့်မှာ မျဉ်းတစ်ကြောင်း ဆွဲကြည့်ရင် အဲဒီမျဉ်းရဲ့ ဘယ်ဘက် ၈၅ ဒီဂရီ နဲ့၊ ညာ ဘက် ၈၅ ဒီဂရီ ကို မြင်ရတယ်လို့ ဆိုလိုတာပါ။ 

နွားတွေကတော့ လူတွေထက် ပိုပြီး မြင်းကွင်းကျယ်ကျယ် မြင်ရပါတယ်။ ၃၃၀ ဒီဂရီ အကျယ်တောင် မြင်ရတယ်လို့ ဆိုပါတယ်။ နွားတစ်ကောင် တည့်တည့်ရပ်နေရင် ခေါင်းရှေ့တည့်တည့်သာမက ဘေးတွေကိုပါ မြင်ရနိုင်ပါတယ်။

ဆိုလိုတာက လူတွေက အရှေ့ကိုပဲမြင်ရပေမယ့် နွားတွေကတော့ ဘေးကိုပါ မြင်နေရတဲ့ သဘော ဖြစ်ပါတယ်။ နွားတွေကို ခြံထဲမှာ ထိန်းကျောင်းမောင်းနှင်တဲ့အခါမှာဖြစ်ဖြစ် သယ်ယူပို့ဆောင်ရမှာဖြစ်ဖြစ် ဒီအချက်ကို သတိထားရမှာ ဖြစ်ပါတယ်။ ဥပမာ နွားကို မောင်းနှင်တဲ့လမ်းတစ်လျှောက် ဘေးနားမှာ နွားကြောက်လန့်နိုင်တဲ့၊ ဒါမှမဟုတ် မကြိုက်တဲ့ အရာတစ်ခုခု ရှိနေမယ်ဆိုပါစို့။ “နွားက မ မမြင်လောက်ပါဘူး” လို့ ယူဆပြီး အဲဒီအရာကို မဖယ်ရှားထားရင် နွားကို မောင်းနှင်ရ ခက်နေမှာပဲ ဖြစ်ပါတယ်။ 

 

အနီးအဝေး

နွားတွေရဲ့ မျက်စိက လူတွေထက် မြင်ကွင်းကို ပိုပြီးကျယ်ကျယ် မြင်နိုင်ပေမယ့် သူတို့ ရှေ့တည့်တည့်က ကပ်လျက်ရှိနေတာတွေကိုတော့ သိပ်ပြီး ကောင်းကောင်းမတွေ့ရပါဘူး။ အဝေးကြီးကို လှမ်းမြင်နိုင်၊ ဘေးကိုလည် တစ်ပတ်လည်နီးပါး မြင်နိုင်ပေမယ့် မျက်စိအောက်တည့်တည့်က အရာတွေကို မမြင်နိုင်တဲ့ အဖြစ်မျိုးပါ။ 

အပေါ်အောက်

နွားတွေဟာ အရှေ့ကို ခပ်ဝေးဝေးမမြင်သလို အပေါ်အောက်ကိုလည်း လူတွေလောက် မြင်အောင် မကြည့် တတ်ပြန်ပါဘူး။ လူတွေရဲ့ မျက်လုံးဟာ အပေါ်အောက်ကို ၁၄၀ ဒီဂရီလောက်အထိ မြင်နိုင်ပါတယ်။ နွားတွေက တော့ ၆၀ ဒီဂရီလောက်ပဲ မြင်နိုင်ပါတယ်။ 

နွားတစ်ကောင်ကို ဆွဲတဲ့အခါ၊ မောင်းတဲ့အခါ ရှေ့မှာ ရှိနေတဲ့ ရေမြောင်း၊ အုတ်ခုံ စသဖြင့် အတားအဆီး တွေကို လူက မြင်ပေမယ့် နွားက မြင်ချင်မှ မြင်မယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ဒါမှသာ အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်ရွှေ့ပြောင်းနိုင်မှာပါ။ 

နွားဟာ ခေါင်းကို ငုံ့မကြည့်ဘဲ မြေပြင်မှာ ဘာရှိနေသလဲ၊ ဘာဖြစ်နေသလဲ မမြင်ရပါဘူး။ ဒါကြောင့် နွား တစ်ကောင်ကို မတူညီတဲ့ ကြမ်းခင်းကို ရွှေ့ပြောင်းတော့မယ်ဆိုရင် အဲဒီကြမ်းခင်းရဲ့အနေအထားကို နွားက မြင် အောင်၊ နားလည်အောင် အချိန်ပေးဖို့ လိုအပ်ပါတယ်။ 

ပုံရိပ်

နောက်တစ်ချက်က နွားတွေရဲ့ အမြင်အာရုံမှာ ပုံရိပ်တွေကို လူတွေလို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပါ ဘူး။ ဒါကြောင့် နွားတွေသွားတွေလမ်းမှာ ကန့်လန့်ဖြတ် အရိပ်ကျနေရင် အဲဒါဟာ အရိပ်လား၊ ရေမြောင်းလား ဆို တာကို ချက်ချင်း မသိပါဘူး။ အချိန်ယူ စူးစမ်းပြီးမှ ခွဲခြားနိုင်ပါတယ်။ 

အမြင်အာရုံအပေါ် တုံ့ပြန်ပုံ

ပတ်ဝန်းကျင်ပတ်ချာလည်ကို မြင်ကွင်းအကျယ်ကြီးမြင်နိုင်တာကြောင့် နွားတွေရဲ့ အမြင်အာရုံက လူတွေ ထက်ပိုပြီး ပတ်ဝန်းကျင်ကအချက်အလက်တွေကို ပိုရပါတယ်။ ဒါပေမယ့် မြင်ရတဲ့ပုံရိပ်တွေကို ခွဲခြားရာမှာ လူတွေလောက် မမြန်ပြန်ပါဘူး။ ဒါကြောင့် နွားတွေဟာ သူတို့မြင်ရတဲ့ အမြင်အာရုံတွေအပေါ် တုံ့ပြန်ပုံက လူတွေနဲ့ နှိုင်းစာရင် အချိန်ပို ကြာပါတယ်။ ဒါကြောင့် နွားတွေကို လူက မထိန်းကျောင်းဘဲ လွှတ်ပေးလိုက်ရင် လမ်းကို တစ်ဖြောင့်တည်းမသွားဘဲ သွားလိုက်၊ ဟိုဟိုဒီဒီရပ်ကြည့်လိုက်၊ ခပ်ဖြေးဖြေး ဆက်သွားလိုက်လုပ်ကြတာပါ။ 

နွားမွေးတဲ့သူ၊ နွားကိုထိန်းကျောင်းတဲ့သူက နွားတွေကို “ငါမြင်သလို နွားလည်း မြင်လိမ့်မယ်” လို့ တွေးပြီး ကိုင်တွယ်ထိန်းကျောင်းရင် ခက်ခဲပါလိမ့်မယ်။ 

ဒါကြောင့် မွေးမြူသူတွေအနေနဲ့ နွားတွေကို တစ်နေရာက တစ်နေရာရွှေ့ပြောင်းတဲ့အခါ သူတို့ကို အချိန် ပေးဖို့ လိုပါတယ်။ အနောက်ကနေ စိတ်မရှည်ဘဲ အတင်းမောင်းနှင်တာမျိုး၊ အရှေ့က ကြိုးနဲ့ အတင်းဆွဲတာမျိုး မ လုပ်ဘဲ အချိန်ပေးရမှာပါ။ ဒီသဘာဝကို မသိဘဲ နွားက ပေတယ်၊ ကပ်တယ် ဆိုပြီး အတင်းမောင်းနှင် ရိုက်နှက် တာမျိုး မလုပ်သင့်ပါဘူး။ 

လှုပ်ရှားနေတဲ့ ပုံရိပ်

လျင်မြန်တဲ့ ရွေ့လျားမှုတွေကို နွားတွေရဲ့ မျက်စိက လူတွေရဲ့ မျက်စိလောက် ပြတ်ပြတ်သားသား မမြင်နိုင် ပါဘူး။ ဥပမာ လူတစ်ယောက်ရဲ့ ရှေ့မှာ အခြားလူတစ်ယောက်က လက်နှစ်ဘက်ကို အလျင်အမြန် ဆန့်ထုတ်လိုက် တယ်ဆိုပါစို့။ လေထဲမှာ လက်နှစ်ဘက် မြောက်တက်သွားတာကို ရှင်းရှင်းလင်းလင်းမြင်ရသလို၊ လက်မြောက်သွား တာပဲလို့လည်း ဦးနှောက်က နားလည်ပါတယ်။ 

ဒါပေမယ့် နွားတစ်ကောင်ရဲ့ ရှေ့မှာ လူတစ်ယောက်ကရပ်ပြီး အရှေ့ကနည်းအတိုင်း လက်နှစ်ဘက်ကို အ လျင်အမြန် မြှောက်တင်လိုက်ရင် နွားရဲ့ မျက်စိက ရှင်းရှင်းလင်းလင်း မမြင်ရတော့ပါဘူး။ သူ့မျက်စိထဲမှာ လက်တွေ အများကြီး ဝိုးတဝါးနဲ့ မြင်ရတော့မှာပါ။ အဲဒီအခါ သူ့ရဲ့ ဦးနှောက်က နဂိုရှိနေတဲ့ လက် မြောက်တက်သွားတယ်ဆို တာမျိုး မမြင်တော့ဘဲ ကြောက်လန့်စရာ တစ်ခုခု အဖြစ် မြင်သွားပါတော့တယ်။ 

ဒါကြောင့် နွားတွေရဲ့ ရှေ့မှာ သိပ်ကို လျင်မြန်တဲ့အရာတွေ ဖြစ်ပေါ်စေခြင်းက နွားတွေကို စိုးရိမ်ထိတ်လန့် စေပါတယ်။ အဲဒီ စိုးရိမ်ထိတ်လန့်မှုက နို့ထုတ်လုပ်မှုအပါအဝင် နွားရဲ့ ထုတ်လုပ်မှုတွေအားလုံးကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုကိစ္စတွေ မဖြစ်ဖို့ သတိထားရမှာပါ။ 

ဘယ်လောက်အရေးပါသလဲ?

နွားနဲ့ လူ မျက်စိချင်း မတူလို့ အမြင်ချင်းမတူတာကို ဘာကြောင့် ဆောင်းပါးရေးပြီး ပြောနေရတာလဲ။ အရေးရော ပါလို့လား။ ပါတယ်ဆိုရင် ဘယ်လောက် အရေးပါသလဲ။ စာဖတ်သူအချို့က ဒီလိုမျိုး တွေးမိနိုင်ပါတယ်။ 

ပထမဆုံးအနေနဲ့ နွားတွေရဲ့အမြင်အာရုံအကြောင်းကို သိခြင်းအားဖြင့် နွားတွေကို ကိုင်တွယ်ထိန်းကျောင်း ရာမှာ အများကြီး အထောက်အကူပြုပါလိမ့်မယ်။ ဒါ့အပြင် နွားခြံတည်ဆောက်တဲ့အခါ နွားခြံကို ဒီဇိုင်းရေးဆွဲရာမှာ ဒီအချက်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် နွားခြံဟာ စီမံခန့်ခွဲရ ပိုမိုလွယ်ကူစေပါတယ်။ 

ဒုတိယအချက်ကတော့ နွားတွေရဲ့ သဘာဝနဲ့ ကိုက်ညီတဲ့ စီမံခန့်ခွဲမှုတွေ၊ ထိန်းကျောင်းမှုတွေ၊ နွားခြံတွေ ရှိခြင်းအားဖြင့် နွားတွေရဲ့ သက်သာချောင်ချိမှု (animal welfare) ကို အထောက်အကူပြုပါတယ်။ သူနဲ့ တစ်ဆက် တည်းမှာ နွားတွေ ထိခိုက်ဒဏ်ရာရတာ သက်သာပြီး၊ ထုတ်လုပ်မှုကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်။ 

စာဖတ်သူမိတ်ဆွေက နွားမွေးမြူသူတစ်ယောက် မဟုတ်ဘူးဆိုရင်ရော။ နွားတွေရဲ့ အမြင်အာရုံအကြောင်း  သိလိုက်ရလို့ အချိန်တွေဖြုန်းသလို မဖြစ်သွားနိုင်ပါဘူး။ အနည်းဆုံးတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူပြောများတဲ့ ရှင်အဇ္ဇဂေါဏ ဇာတ်လမ်းဟာ သဘာဝကျ၊ မကျ ပြန်သုံးသပ်ရင်း အပျင်းပြေနိုင်တာပေါ့ ခင်ဗျား။    ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်