တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

24/04/2026 13:28 PM တွင် AMIA AMIA မှ ရေးသား

မြန်မာနှစ်သစ်ကူးပိတ်ရက်များအလွန်တွင် ပြည်ပတင်ပို့နေသည့် မြန်မာ့လယ်ယာပို့ကုန်အချို့ ဈေးမာလာသည်။ ၈ လကျော်ကြာ ကုန်သွယ်ရေးလုပ်ငန်းများ ရပ်နားထားရသည့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုအများဆုံး မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်စတင်မည့်သတင်းက ပြည်ပပို့ကုန်များဖြစ်သည့် ပြောင်းနှင့် ကြက်သွန်နီ ဈေးကွက်ကို လှုပ်ရှားလာစေသည်။ သို့သော် လောင်စာဆီအကျပ်အတည်းကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများ၏ အခက်အခဲနှင့်အတူ မြန်မာနိုင်ငံ၏ အဓိကလယ်ယာပို့ကုန်အချို့ ဈေးပျော့နေသည်။

မျှော်လင့်ချက်ကောင်းများရှိနေသည့် ပြောင်း

သင်္ကြန်နှစ်သစ်ကူးပိတ်ရက်များအလွန် ပြောင်းဈေးထပ်မံမြင့်တက်လာသည်။ ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည့် (FOB - Free On Board) ဈေးလည်း မြင့်တက်လာသည်။ မြဝတီနယ်စပ်မှ ပြောင်းအပါအဝင် မြန်မာ့လယ်ယာပို့ကုန် ၆ မျိုးနှင့် ပတ်သက်၍ ပို့ကုန်လိုင်စင်များ ချထားပေးမည့်သတင်းက နှစ်စဉ်ထိုင်းနိုင်ငံသို့ တန်ချိန်သိန်းချီ တင်ပို့နေသော ပြောင်းနှင့် ပတ်သက်နေသည့် ကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် မျှော်လင့်ချက်ကောင်းများ ရှင်သန်လာစေသည်။

ထို့ကြောင့် ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့် ပြောင်း FOB ဈေးက တစ်တန် အမေရိကန်ဒေါ်လာ ၂၅၅/၂၆၅ မှ ၂၆၀/၂၇၀ သို့ ဈေးပြောင်းသွားသည်။ ထိုနည်းတူ ပြည်တွင်းပြောင်းဈေးကလည်း ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာ ကျပ် ၁,၆၅၀/၁,၆၇၀ မှ ၁,၆၈၀/၁,၇၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင်လည်း ပြောင်းက အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်လာသည်။ ရှမ်းပြောင်းက တစ်တန် ကျပ် ၈၅၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး CP ပြောင်း (သစ်) တစ်တန်လျှင် ကျပ် ၈၆၀,၀၀၀ ကျော်မှ ၈၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေးအီနေသည့် မတ်ပဲ

အိန္ဒိယ ဆောင်းမတ်ပဲဈေးကွက်ဝင်နေပြီး နွေမတ်ပဲစိုက်ပျိုးမှုများသည့် သတင်းများနှင့်အတူ မြန်မာနိုင်ငံတွင် မတ်ပဲပြည်တွင်းဈေး အီလာသည်။ ပြည်ပရောင်းချသည့် မတ်ပဲ FOB ဈေးက ငြိမ်နေသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင်လည်း မြန်မာမတ်ပဲ (CNF (Cost and Freight in shipping) ကုန်ကျစရိတ်နှင့် ကုန်စည်ပို့ဆောင်စရိတ်အပါ) ဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၅၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၄၀ ဖြင့် ဈေးငြိမ်နေသည်။ မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲ FOB ဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၇၉၀/၈၀၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၈၈၅/၈၉၅ ဖြင့် ဈေးငြိမ်နေသည်။

ပြည်တွင်းမတ်ပဲဈေးကလည်း မတ်ပဲ FAQ တစ်တန် ကျပ် ၃,၁၃၀,၀၀၀ မှ ၃,၁၀၆,၀၀၀ သို့ ဈေးကျပြီး ၃,၁၂၁,၀၀၀ သို့ ဈေးပြောင်းသွားသည်။ ထိုနည်းတူ မတ်ပဲ SQ ကလည်း တစ်တန် ကျပ် ၃,၄၇၀,၀၀၀ မှ ၃,၄၄၆,၀၀၀ သို့ ဈေးကျပြီး ၃,၄၆၁,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ဈေးကျလာသည့် ပဲစင်းငုံ

အိန္ဒိယ၏ ပြည်တွင်းဝယ်လိုအား ပျော့လာခြင်းကြောင့် ပဲစင်းငုံဈေး အနည်းငယ်အေးနေသည်။ အိန္ဒိယတွင် ပဲစင်းငုံကို ပြည်တွင်းလိုအပ်ချက်အတွက် လုံလောက်စွာ တင်သွင်းထားခြင်းကြောင့် လတ်တလော ဝယ်အားကျနေခြင်းဟု သုံးသပ်မှုအချို့လည်း ရှိနေသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံက သင်္ကြန်ပိတ်ရက်များမတိုင်မီထက် အနည်းငယ် ဈေးပျော့လာသော်လည်း ယခုရက်သတ္တပတ်အတွင်း ဈေးအနည်းငယ် မာနေသည်။ မြန်မာပဲစင်းငုံ CNF ဈေးက ပဲစင်းငုံ (2025 crop) တစ်တန် ဒေါ်လာ ၈၂၅ မှ ၈၃၀ သို့၊ ပဲစင်းငုံ (2026 crop) တစ်တန် ၈၄၅ မှ ၈၅၀ သို့ ဈေးပြောင်းလဲသည်။

မြန်မာဈေးကွက်တွင် ပဲစင်းငုံက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း ကျဆင်းနေသည်။ ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန်လျှင် ၁၀ ဒေါ်လာမှ ၂၀ ဒေါ်လာအကြား ဈေးကျဆင်းသွားသည်။ ပဲစင်းငုံ (နီ) 2025 crop တစ်တန် ဒေါ်လာ ၇၆၀/၇၇၀ မှ ၇၄၀/၇၅၀၊ ပဲစင်းငုံ (နီ) 2026 crop တစ်တန် ဒေါ်လာ ၇၈၀/၇၉၀ မှ ၇၇၀/၇၈၀ သို့ ဈေးပြောင်းသွားသည်။ ထိုနည်းတူ ပဲစင်းငုံ (နီ) ပြည်တွင်းဈေးက တစ်တန် ၃,၁၁၅,၀၀၀ မှ ၃,၁၀၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

နှမ်းဈေးအပြောင်းအလဲ

ယခုရက်သတ္တပတ် ဆီထွက်သီးနှံအမျိုးအစားဖြစ်သည့် နှမ်းက အမျိုးအစားအလိုက် ပြည်ပဈေးမြင့်သော်လည်း ပြည်တွင်းဈေးကျနေသည်။ ပြည်ပဝယ်လိုအားပေါ် မူတည်ပြီး နှမ်းအမျိုးအစားအချို့က ဈေးနှုန်းမြင့်တက်လာသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် နှမ်းဖြူ FOB ဈေးက တစ်တန် ဒေါ်လာ ၃၀၊ နှမ်းညိုက တစ်တန် ဒေါ်လာ ၅၀ ဈေးမြင့်တက်သွားသည်။

နှမ်းဖြူတစ်တန် ဒေါ်လာ ၁,၄၂၅/၁,၄၃၅ မှ ၁,၄၇၅/၁,၄၈၅ သို့ ဈေးပြောင်းပြီး နှမ်းညိုတစ်တန် ဒေါ်လာ ၁,၃၄၀/၁,၃၅၀ မှ ၁,၃၉၀/၁,၄၀၀ သို့ ဈေးပြောင်းသွားသည်။ 

သို့သော် တရုတ်ဈေးကွက်ကို အဓိကတင်ပို့လေ့ရှိသည့် နှမ်းနက် (စမုံ) FOB ဈေးက တစ်တန် ဒေါ်လာ ၃၀ ဈေးကျဆင်းသည်။ ရန်ကုန်ဈေးကွက်တွင် နှမ်းနက် (စမုံ) တစ်တန် ဒေါ်လာ ၂,၅၈၅/၂,၅၉၅ မှ ၂,၅၅၅/၂,၅၆၅ သို့ ဈေးပြောင်းသွားသည်။

ယခုရက်သတ္တပတ် ပြည်တွင်းဈေးကွက်တွင် နှမ်းက အမျိုးအစားအားလုံးနီးပါး ဈေးကျဆင်းနေသည်။ မန္တလေးဈေးကွက်တွင် နှမ်းဖြူ (ဂျပန်) တစ်တန် ကျပ် ၅၇ သိန်းကျော်မှ ၅၆ သိန်းကျော်သို့ ဈေးကျဆင်းသကဲ့သို့ နှမ်းနက် (စမုံ) တစ်တန် ကျပ် ၁၀၆ သိန်းကျော်မှ ၁၀၂ သိန်းကျော်သို့ ဈေးပြောင်းသွားသည်။

ဈေးလှုပ်လာသည့် ကြက်သွန်နီ

မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချခွင့်ရရှိသည့် ကုန်စည် ၆ မျိုးတွင် ပါဝင်နေသော ကြက်သွန်နီက သင်္ကြန်ပိတ်ရက်အပြီး ပြည်တွင်းဈေးများ မြင့်တက်လာသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာချိန် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီဈေးပျော့နေခြင်းကြောင့် နယ်ကုန်သည်များ၊ တောင်သူကြီးများ ဈေးနှုန်းဖိအားဒဏ်ကို ခံနေရသည်။ ထို့ပြင် အာဆီယံနိုင်ငံအချို့၏ ဝယ်လိုအားနည်းပြီး ဈေးမပေးနိုင်ခြင်းကလည်း ကြက်သွန်နီ ပြည်ပရောင်းချသည့် FOB ဈေးအား ပျော့လာစေသည်။

ထိုအချိန်တွင် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ ကြက်သွန်နီတင်ပို့ခွင့်က ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးကို မြင့်တက်စေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ FOB ဈေးက နယ်စုံကြက်သွန် (2026) တစ်တန် ဒေါ်လာ ၂၈၅ မှ ၄၀၀ အကြား ဈေးဖွင့်သည်။ ပြည်တွင်းကြက်သွန်နီဈေးက မြစ်သား (ရှယ်) တစ်ပိဿာ ကျပ် ၂,၆၀၀ မှ ၂,၉၀၀၊ ဆိတ်ဖြူ (ရှယ်) တစ်ပိဿာ ကျပ် ၂,၂၀၀ မှ ၂,၄၀၀ သို့ ဈေးပြောင်းသွားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်