ဩဂုတ်လ ပထမရက်သတ္တပတ်တွင် အိမ်နီးချင်းနိုင်ငံကြီးများ၏ ဝယ်လိုအား မျှော်လင့်ချက် ရှိနေသော်လည်း ပြည်ပပို့ကုန်ပဲ ဈေးလှုပ်ခတ်မှု အနည်းငယ်သာ ရှိနေသည်။ ပြည်တွင်းစားသုံးသည့် ပဲအချို့ ပြည်တွင်းဈေး အနည်းငယ် လှုပ်လာသည်။
ပဲတီစိမ်းအမျိုးအစားအချို့ ဈေးလှုပ်လာ
တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံအချို့၏ ဝယ်လိုအားကြောင့် ပဲတီစိမ်း အမျိုးအစားအချို့၏ ပြည်တွင်းဈေး အနည်းငယ် ဈေးလှုပ်လာသည်။ လက်ရှိ ပဲတီစိမ်းဈေးကွက်က အရည်အသွေးပေါ် အဓိက အခြေခံနေသည်ဟု သုံးသပ်ချက်များလည်း ရှိနေသည်။
မြန်မာပဲတီစိမ်းတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် တရုတ်ကုန်သည်များက အဝယ်ကို တင်းကျပ်စွာ စိစစ်မှု ရှိနေသည်။ လက်ရှိ တရုတ်နိုင်ငံအတွင်း ပဲတီစိမ်းဈေး အနည်းငယ် မြင့်တက်သဖြင့် မြန်မာပဲ ဝယ်လိုအား ရှိနေသည်ဆိုသည့် ပြောဆိုသံများလည်း ထွက်ပေါ်လာသည်။ လာမည့် စက်တင်ဘာတွင် တရုတ်နိုင်ငံအတွင်း စိုက်ပျိုးသည့် ပဲတီစိမ်းများ ဈေးကွက်ဝင်လာချိန် ဖြစ်သောကြောင့် ဈေးနှုန်း ပြန်အေးနိုင်သည်ဆိုသည့် သုံးသပ်မှုကိုလည်း တွေ့ရသည်။
လက်ရှိ ပဲတီစိမ်း ပြည်ပရောင်းချမှု မျှော်လင့်ချက် ကောင်းလာသော်လည်း FOB ဈေးက ငြိမ်နေသည်။ ပဲတီစိမ်း (အညာ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၅၀ မှ ၇၆၀၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၉၀၀ မှ ၉၁၀ ဈေးဖွင့်သည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါဈေး အနည်းငယ် လှုပ်သည်။ အဆိုပါ ပဲတီစိမ်း တစ်ပိဿာလျှင် ကျပ် ၅,၅၈၀ မှ ၅,၆၆၅ သို့ ဈေးပြောင်းသွားသည်။
သို့သော် အခြားသော ပဲတီစိမ်း အမျိုးအစားများဖြစ်သည့် ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၄,၀၂၀၊ ပဲတီစိမ်း (ဝါးခယ်မ FAQ) တစ်ပိဿာလျှင် ကျပ် ၄,၈၃၀ မှ ၄,၈၅၀ ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းဈေး တက်ရန် အားယူနေသည့် ပဲစင်းငုံ
မြန်မာနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံ ပြည်ပ FOB ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးက အနည်းငယ် တက်လာသည်။
အိန္ဒိယနိုင်ငံတွင် ပွဲတော်ရက် နီးလာသဖြင့် ပဲစင်းငုံ ဝယ်အားရှိနေသောကြောင့် ရေတိုတွင် ပဲစင်းငုံဈေး အနည်းငယ် လှုပ်နိုင်သည်ဆိုသည့် မှန်းဆချက်များလည်း ရှိနေသည်။ အယ်လ်နီညို ရာသီဥတု သက်ရောက်မှု အခြေအနေကို မှန်းဆရန် မလွယ်ကူသေးချိန် အိန္ဒိယအစိုးရက အရံပဲစင်းငုံများကို ဈေးကွက်သို့ ထုတ်ရောင်းခြင်း မပြုဆိုသည့် သတင်းများလည်း ထွက်နေသည်။ ထို့ကြောင့် ရေတိုတွင် အိန္ဒိယ ပြည်တွင်းပဲစင်းငုံဈေး မာနိုင်သည်ဟု သုံးသပ်ကြခြင်းဖြစ်သည်။
ဩဂုတ်လ ပထမရက်သတ္တပတ်အတွင်း အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံက FOB တစ်တန်လျှင် ဒေါ်လာ ၈၁၀ မှ ၈၀၅ သို့ ဈေးအနည်းငယ် ပြောင်းသည်။
ထို့ကြောင့် ယခုရက်သတ္တပတ် မြန်မာနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ပဲစင်းငုံ (နီ) ၂၀၂၄-၂၅ တစ်တန်လျှင် ဒေါ်လာ ၇၆၅ မှ ၇၇၅၊ ပဲစင်းငုံ (နီ) ၂၀၂၅-၂၆ တစ်တန်လျှင် ဒေါ်လာ ၇၉၅ မှ ၈၀၅ ဈေးဖွင့်သည်။
ပြည်တွင်း ပဲစင်းငုံဈေးမှာ ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၂၁၂,၀၀၀ မှ ၃,၂၂၇,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေး လှုပ်လာသည့် မြေပဲ
ပြည်တွင်း အဓိကစားသုံးသည့် ဆီထွက်သီးနှံ မြေပဲမှာ ပြည်ပရောင်းချသည့် FOB ဈေး အေးသော်လည်း ပြည်တွင်းဈေး အနည်းငယ် လှုပ်သည်။
ရန်ကုန်ဈေးကွက်တွင် ပြည်ပတင်ပို့ရောင်းချသည့် မြေပဲ (လုံးဆန်) ၏ FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၅၀ ဈေးကျသွားသည်။ မြေပဲ (လုံးဆန်) တစ်တန်လျှင် ဒေါ်လာ ၁,၉၃၅ မှ ၁,၉၄၅ သို့ ရှိနေရာမှ ၁,၈၈၅ မှ ၁,၈၉၅ သို့ ဈေးပြောင်းသွားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် မြေပဲ ပြည်တွင်းဈေးက အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်လာသည်။ လုပ်ငန်းအသုံးပြုရန်နှင့် ဆီစက်ပိုင်ရှင်များ၏ ဝယ်လိုအားကြောင့် မြေပဲဈေးက အနည်းငယ် လှုပ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်လျှင် မြေပဲ အမျိုးအစားအများစု ဈေးပြန်မာလာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မြေပဲ S1 (လုံးဆန်) တစ်တန်လျှင် ကျပ် ၈,၂၆၀,၀၀၀ ကျော်မှ ယခုရက်သတ္တပတ် ဩဂုတ် ၄ ရက်တွင် မြေပဲ S1 (လုံးဆန်) မှာ တစ်တန်လျှင် ကျပ် ၈,၃၈၀,၀၀၀ ကျော်သို့ ဈေးပြောင်းသည်။ ထို့ပြင် မြေပဲ (အနီ) လုံးဆန် တစ်တန်လျှင် ကျပ် ၇,၉၆၀,၀၀၀ ကျော်မှ ၈,၂၆၀,၀၀၀ ကျော်၊ မြေပဲအနီ ဆီဆန် တစ်တန်လျှင် ကျပ် ၇,၅၅၀,၀၀၀ ကျော်မှ ၇,၇၁၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ သို့သော် မြေပဲ (S1) ဆီဆန်မှာ တစ်တန်လျှင် ကျပ် ၇,၉၆၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ဈေးကောင်းနေသည့် ပြည်တွင်းကြက်သွန်နီ
အာဆီယံနိုင်ငံအချို့မှ မြန်မာကြက်သွန်နီ ဝယ်လိုအား လျော့နည်းလာချိန် နယ်စပ်ကုန်သွယ်ရေးဖြင့် ထိုင်းနိုင်ငံက မြန်မာကြက်သွန်ကို ဝယ်လိုအား ရှိနေသည်။ ထို့ကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကြက်သွန်နီ တင်ပို့နေရသည်။
ထို့ပြင် ပြည်တွင်း သိုလှောင်ကြက်သွန်နီ လက်ကျန် နည်းလာခြင်းနှင့် မိုးကြက်သွန်အသစ် ပေါ်ရန် အချိန်လိုနေခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးက ဆက်တိုက် မြင့်တက်နေသည်။
နေ့စဉ် ရန်ကုန်ဈေးကွက် လိုအပ်ချက်ကို ပြည့်မီအောင် မတင်ပို့နိုင်ခြင်းကလည်း ပြည်တွင်း ကြက်သွန်ဈေး မြင့်တက်ရေးကို တွန်းအားတစ်ခု ဖြစ်လာစေသည်။
လက်ရှိ ရန်ကုန် လက်ကားဈေးကွက်တွင် ကြက်သွန်နီဈေးမှာ (ဆိပ်ဖြူ) ရှယ် တစ်ပိဿာလျှင် ကျပ် ၅,၈၀၀ မှ ၆,၁၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၅,၉၀၀ မှ ၆,၂၀၀၊ မြင်းခြံ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၆,၂၀၀ မှ ၆,၃၀၀ သို့ ဈေးပြောင်းလဲနေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။