သီးနှံဈေးကွက်သုံးသပ်ချက်

08/12/2025 12:10 PM တွင် AMIA AMIA မှ ရေးသား

ပို့ကုန်ရငွေတန်ဖိုး အားပျော့နေသော်လည်း ပြည်တွင်းပြည်ပ ၀ယ်လိုအားကြောင့် မြန်မာ့လယ်ယာပို့ကုန်အများစု၏ ဈေးနှုန်းများ အနည်းငယ် လှုပ်ရှားလာသည်။

ပြည်တွင်းငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေတန်ဖိုးအားနည်း လာမှုနှင့်အတူ ပို့ကုန်ရငွေတန်ဖိုးကျ‌လာသည်။ ထို့ကြောင့် လယ်ယာပို့ကုန်များ၏ ပြည်တွင်းဈေးမြင့်တက်မှုက အားနည်းနေသည်။ ယခုရက်သတ္တပတ်တွင် အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သော အိန္ဒိယ၊ တရုတ်နိုင်ငံများ၏ ၀ယ်လိုအားမျှော်လင့်ချက်ကြောင့်မြန်မာ့ လယ်ယာပို့ကုန်များ၏ ပြည်ပရောင်းချသည့် FOB(Free On Board)ဈေးမြင့်တက်လာသည်။ 

ဈေးအပြောင်းအလဲမတူသည့် မတ်ပဲ

အိန္ဒိယ၏ ၀ယ်လိုအားမျှော်လင့်ချက်ဖြင့် ယခုရက် သတ္တပတ် ပထမဆုံးရက်တွင် ပြည်တွင်းဈေး မြင့်တက်ခဲ့သည့် မတ်ပဲက နောက်ရက်များတွင် အနည်း ငယ်ပြန်ကျလာသည်။ သို့သော် ပြည်ပရောင်းချသည့် FOB ဈေးက ပြီးခဲ့သည့် ရက်သတ္တပတ်ထက် ထပ်မံမြင့်တက်သွားသည်။

ယခုနှစ်တွင် အိန္ဒိယနိုင်ငံသည်ပြည်တွင်း လိုအပ်ချက်နည်းခြင်းကြောင့် ပြည်ပမမတ်ပဲ၀ယ်ယူတင်သွင်းမှုလျော့နည်းနေသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၌ မိုးရာသီစိုက်ပျိုးသည့် မတ်ပဲများကို အခြေခံဈေးသတ်မှတ်ပြီး လေလံစနစ်ဖြင့် အိန္ဒိယအစိုးရက၀ယ်ယူနေသည်။ ထို့ကြောင့် မြန်မာနှင့် ဘရာဇီးမှ မတ်ပဲ၀ယ်လိုအား ပုံမှန်အခြေအနေတွင်ရှိနေသည်ဟု အိန္ဒိယ မီဒီယာအချို့ကလည်းသုံးသပ်မှုများရှိခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် မတ်ပဲက ပြည်တွင်လက်ကျန် လျော့နည်းလာပြီး မတ်ပဲအသစ်ထွက်ရှိရန်လည်း အချိန် ၃ လ၀န်းကျင်ခန့်လိုနေသေးသည်။ ထို့ကြောင့် ကာလတိုအတွင်း မြန်မာမတ်ပဲပြည်ပရောင်းဈေးက အတက်ကို ပြောင်းလဲလာသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် မတ်ပဲ ပြည်ပရောင်းဈေး( FOB )က တစ်တန်လျှင် အနည်းဆုံးအမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ဈေးမြင့်သွားသည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲ FAQ  ၏ (FOB )တစ်တန်‌ ဈေးက ဒေါ်လာ ၆၉၀ - ၇၀၀မှ ၇၁၅ - ၇၂၅သို့ပြောင်းလဲပြီး မတ်ပဲ SQက တစ်တန်လျှင် ဒေါ်လာ ၇၆၅ - ၇၇၅မှ ၇၉၅ - ၈၀၅ သို့ဈေးပြောင်းလဲသည်။

ထိုသို့ပြည်ပဈေး အတက်ဘက်ကို ပြောင်းလဲနေသော်လည်း ပြည်တွင်းဈေးက ယခုရက်သတ္တပတ်တွင် မတ်ပဲ FAQ အမျိုးအစား တစ်တန်လျှင် ကျပ် ၂,၇၂၅,၀၀၀မှ ၂,၇၁၀,၀၀၀သို့ကျဆင်းသွားသည်။ မတ်ပဲ SQ ကလည်း တစ်တန် ကျပ် ၃,၀၃၅,၀၀၀မှ ၃,၀၂၀,၀၀၀သို့ ဈေးကျဆင်းသည်။

အမျိုးအစားအလိုက် ဈေးတက်သည့် ပဲတီစိမ်း

တရုတ်နိုင်ငံမှ မြန်မာ့ပဲတီစိမ်း ပြန်၀ယ်ယူတင်သွင်းမည်ဆိုသည့် သတင်းကြောင့် ပဲတီစိမ်း အမျိုးအစားအချို့ ပြည်တွင်းပြည်ပဈေးတက်လာသည်။ ယခုနှစ် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်း စုစုပေါင်း၏၆၀ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက ဈေးကွက် ဝေစုရယူထားသည်။ ထို့အပြင် ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င် နိုင်ငံအချို့နှင့် အိန္ဒိယကလည်း မြန်မာ့ပဲတီစိမ်းကို ၀ယ်ယူမှုများရှိခဲ့သည်။ ထို့ကြောင့် တစ်နှစ်လျှင်တန်ချိန် တစ်သန်းခွဲ၀န်းကျင် စိုက်ပျိုးထုတ်လုပ်သော ပဲတီစိမ်းသည် ပြည်ပဈေးကွက် ကျယ်ပြန့်ပြီး ဈေးမြင့်သော မြန်မာလယ်ယာထွက်ကုန်တစ်မျိုးဖြစ် နေသည်။ လက်ရှိ ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ပဲတီစိမ်းကအမျိုးအစားအလိုက် ဈေးမာလာသည်။ 

ယခုရက်သတ္တပတ်တွင် ပြည်ပတင်ပို့နေသည့်  ပဲတီစိမ်းFAQ(အညာ)၏(FOB )ဈေးက တစ်တန်လျှင် ဒေါ် လာ၂၀ ဈေးမြင့်တက်သည်။ ရန်ကုန်ဈေးကွက် တွင် ပဲတီစိမ်း FAQ(အညာ) တစ်တန် လျှင် ဒေါ်လာ ၉၁၀ /၉၂၀ မှ ၉၃၀/၉၄၀သို့ဈေးပြောင်းလဲသည်။သို့သော် ပဲတီစိမ်းFAQ ရွှေဝါက တစ်တန် ဒေါ်လာ ၁,၀၈၀ /၁,၀၉၀ ဖြင့် ဈေးငြိမ်နေသည်။ ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း(အညာ) တစ်ပိဿာလျှင် ကျပ်၅,၅၀၀/၅,၅၂၀မှ ၅,၆၆၅ /၅,၆၈၅သို့ဈေးပြောင်းလဲသည် ။ သို့သော် ပဲတီစိမ်း ခရမ်း(ရွှေဝါ)နှင့်ပဲခူး(ရွှေဝါ)က တစ်ပိဿာ ကျပ် ၆,၇၅၀၊ ပဲတီစိမ်း ဝါးခယ်မ (FAQ )တစ်ပိဿာ ၆,၀၈၀/ ၆,၁၀၀ ဖြင့်ဈေးငြိမ်နေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ)ဈေးအနည်းငယ်ကျဆင်းလာသည်။ပဲတီစိမ်း(အညာ)တစ်တန်လျှင် ကျပ် ၃၇ သိန်းကျော်မှ ၃,၆၄၀,၀၀၀ ကျော်သို့ဈေးပြောင်းလဲသည်။

ပဲကြီးဈေး

ပြည်တွင်းအဓိကစားသုံးသည့်ပဲကြီး ဈေးမာနေသည်။ ပြည်ပရောင်းချသည့်(FOB)ဈေးနှင့် မန္တလေးဈေးကွက်တွင် ပဲကြီးဈေး မြင့်တက်လာသော်လည်း ရန်ကုန်ဈေးကွက်တွင် ဈေးငြိမ်နေသည်။ လက်ရှိ ပဲကြီးက အသစ်မပေါ်မီ ပြည်တွင်းလက်ကျန် လျော့နည်းသဖြင့် ဈေးမာလာခြင်းဖြစ်သည်။ ပဲကြီးကို ပြည်တွင်းစားသုံးမှုသာမက ပဲကြော်၊ ပဲလှော် လုပ်ငန်းများကလည်း၀ယ်အားရှိနေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲကြီး ပြည်ပရောင်းချသည့်ဈေးက( FOB )တစ်တန်လျှင် ဒေါ်လာ ၁,၀၇၀ - ၁,၀၈၀မှ ၁,၁၀၅ - ၁,၁၁၅ သို့ ဈေးပြောင်းလဲ သည်။ သို့သော် ပြည်တွင်းဈေးက ပဲကြီး(ကုန်း)2025 crop တစ်ပိဿာလျှင်  ကျပ်၆,၉၅၅/၇,၈၃၀ ၊ ပဲကြီး(ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၈,၈၄၅/၁၀,၆၂၀  ဖြင့်ဈေးငြိမ်နေသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အမျိုးအစားအလိုက် ဈေးမြင့်တက်သည်။ ပဲကြီး(ကြီး)က တစ်တန်လျှင် ကျပ် ၆,၉၈၀,၀၀၀ ကျော်မှ ၇,၅၃၀,၀၀၀ ကျော်၊ ပဲကြီး(လတ်)တစ်တန်လျှင် ကျပ် ၆,၃၁၀,၀၀၀ကျော် မှ ၆,၆၅၀,၀၀၀ ကျော်ဈေးမြင့်တက်လာသည်။ သို့သော်  ပဲကြီး(သေး)ကတစ်တန်လျှင်ကျပ် ၅,၈၇၀,၀၀၀ မှ၅,၇၆၀,၀၀၀ကျော်သို့ဈေးကျသည်။

ကြက်သွန်နီဈေး

ပြည်တွင်းအဓိကစားသုံးသည့် ကြက်သွန်နီက ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ်လှုပ်လာသည်။ အာဆီယံအဖွဲ့၀င်နိုင်ငံအချို့အပါအ၀င်ပြည်ပကို တင်ပို့ရောင်းချသည့်ကြက်သွန်နီ (FOB)ဈေး က တစ်တန်လျှင်ဒေါ်လာ (၁၅၅/၁၆၅မှ ၃၁၅/ ၃၂၅ )ဖြင့် ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးအနည်းငယ်လှုပ်လာသည်။ ရန်ကုန်ဈေးကွက်သို့ ကားအ၀င်ပုံမှန်နီးပါးရှိ‌နေသော်လည်း အရည်အသွေးမြင့်သည့် ကြက်သွန်နီ (ထိတ်စ)များဈေးအနည်းငယ်တက်လာသည်။

ဘုရင့်နောင်ဈေးကွက်တွင် ကြက်သွန်နီလက္ကားဈေးက ဆိတ်ဖြူ(သစ်)ရှယ် တစ်ပိဿာလျှင်  ကျပ်၁,၇၀၀မှ ၁,၇၅၀၊ မြင်းခြံ(သစ်)ရှယ်တစ်ပိဿလျှင် ကျပ်၁,၇၀၀မှ ၁,၄၀၀ - ၁,၉၀၀၊ မုံရွာ(သစ်)ရှယ်က ကျပ်၁,၈၀၀ဈေးဖွင့်သည်။

အာလူးဈေး

ထို့အပြင် ပြည်တွင်းအဓိကစားသုံးသည့် အာလူးက ယခုရက်သတ္တပတ်တွင် ဈေးထပ်မံကျဆင်းလာသည်။ ရှမ်းအာလူးများဈေးကွက်အ၀င်ရှိနေခြင်းကြောင့် တရုတ်နိုင်ငံမှတင်သွင်းရသည့် တရုတ်အာလူးပါ ဈေးကျလာသည်။

ရန်ကုန်ဈေးကွက်တွင် အာလူး လက္ကားဈေးက အောင် ပန်းok သစ် တစ်ပိဿာလျှင်  ကျပ် ၃,၅၀၀မှ၃,၃၀၀၊ အောင်ပန်း s1သစ် တစ်ပိဿာ ကျပ်၄,၅၀၀မှ ၃,၈၀၀၊ အောင်ပန်း s2 သစ် တစ်ပိဿာ ကျပ် ၅,၅၀၀မှ ၄,၃၀၀ - ၅,၃၀၀၊ တရုတ်အာလူး တစ်ပိဿာ ကျပ် ၅,၈၀၀ -  ၆,၀၀၀ မှ ၅,၅၀၀သို့ ဈေးပြောင်းလဲသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်