တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက်

15/12/2025 10:41 AM တွင် AMIA AMIA မှ ရေးသား

 

ပြည်ပတင်ပို့နေသည့် လယ်ယာထွက်ကုန်များ FOB (free on board) ဈေးတည်ငြိမ်လုနီးပါးရှိနေသော်လည်း ပြည်တွင်းဈေးများက အတက်အကျ အပြောင်းအလဲများနေသည်။

ဈေးမာလာသည့် ပဲစင်းငုံ(နီ)

အိန္ဒိယအစိုးရ၏ လွတ်လပ်စွာတင်သွင်းခွင့် ၅နှစ် (၂၀၂၆-၂၇ဘဏ္ဍာနှစ် မှ ၂၀၃၀-၃၁ဘဏ္ဍာနှစ် အထိ) စီမံကိန်းတွင် ပါ၀င်သော ပဲစင်းငုံ(နီ)က ပြည်တွင်းဈေးသိသိသာသာ မြင့်တက်လာသည်။ ယခုရက် သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ကျော် မြင့်တက်လာသည်။

ပဲစင်းငုံသည် အိန္ဒိယနိုင်ငံ၏ အဓိကစားသောက်ကုန်တစ်မျိုးဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လက်လီ ဆိုင်များစုတွင် ရောင်းချ‌နေသဖြင့် ပြည်တွင်းစားသုံး မှုများလာသည့် ပဲအမျိုးအစားဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ပဲစင်းငုံကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမလုံ‌‌လောက်သဖြင့် နှစ်စဉ်မြန်မာအပါအ၀င် မိုဇမ်ဘစ်နိုင်ငံ ၊ မာလာဝီနိုင်ငံ စသော အာဖရိက နိုင်ငံများမှလည်း၀ယ်ယူတင်သွင်းနေရ‌သည်။

ယခုနှစ်တွင်လည်းအိန္ဒိယနိုင်ငံတွင် မိုးများပြီး စိုက်ခင်းများ ပျက်ဆီးမှုကြောင့် ပဲစင်းငုံ အထွက်နှုန်းလျော့နည်း နိုင်သည်ဟု ခန့်မှန်းချက်များလည်းရှိနေသည်။

ထို့ကြောင့် အိန္ဒိယ၀ယ်လိုအား မျှော်လင့်ချက်ရှိသဖြင့် ပြည်တွင်းပဲစင်းငုံဈေးမြင့်တက်လာသည်။ သို့သော် ပြည်ပရောင်းချနေသည့် ပဲစင်းငုံ FOB ဈေးကငြိမ်နေ သည်။

ပြည်ပရောင်းချသည့် ပဲစင်းငုံ FOBဈေးက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၀/၆၇၀ဖြင့်ဈေးငြိမ်နေ‌သည်။ သို့သော် ပြည်တွင်းပဲစင်းငုံဈေးက ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ(နီ)ဈေးက တစ်တန်လျှင် ကျပ်၂,၅၄၈,၀၀၀ ၀န်းကျင်မှ ၂,၆၇၅,၀၀၀ အထိဈေးမြင့်တက်သွားသည်။

ထို့အတူ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ(နီ)သစ်က တစ်တန်လျှင် ကျပ်၂,၄၂၀ ၀၀၀ ကျော်မှ ၂,၅၀၀,၀၀၀ ကျော်သို့ဈေးမြင့်တက်လာသည်။

ပြည်တွင်းပြောင်းဈေး အပြောင်းအလဲ

ထိုင်းနိုင်ငံမှ အ၀ယ်ရပ်ပြီးနောက် ဆက်တိုက်ကျဆင်းခဲ့သောပြောင်းဈေးက နို၀င်ဘာလလယ်မှစတင်၍ အနည်းငယ်ပြန်လည်မြင့်တက်လာသည်။ ယခုနှစ်အလယ်ပိုင်းဈေးနှုန်းများကို ပြန်မရောက်သေးသော်လည်း ပြည်တွင်းဈေးက အနည်းငယ်အတက်ဘက်ပြောင်းလဲနေသကဲ့သို့ ပြည်ပရောင်းချသည့် FOBဈေး က ယခုရက်သတ္တပတ်တွင် ပြောင်းတစ်တန်လျှင် ၅ ဒေါ်လာဈေးတက်လာသည်။ 

လက်ရှိပြောင်းကို လုပ်ငန်းသုံး ကုန်ကြမ်းအဖြစ် ၀ယ်လိုအားရှိနေခြင်း၊ ပြည်ပသို့ရောင်းချရန် သ‌င်္ဘောတင် များရှိနေခြင်းတို့ကြောင့် ပြောင်းဈးက အနည်းငယ်မာလာခြင်းဖြစ်သည်။ ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့် ပြောင်း FOB ဈေးက တစ်တန်လျှင်  ဒေါ်လာ ၂၃၀/ ၂၄၀မှ ၂၃၅/၂၄၅ သို့ ဈေးပြောင်းလဲသည်။

ပြည်ပရောင်းချသည့် ပြောင်းဈေးအပြောင်းအလဲရှိသော်လည်း ရန်ကုန်ဈေးကွက်တွင် ပြည်တွင်း ပြောင်းဈေးက တစ်ပိဿာကျပ်၁,၄၄၀/၁,၄၆၀ ဖြင့် ဈေးငြိမ်နေသည်။

သို့သော် မန္တလေးဈေးကွက်တွင် ပြောင်းဈေးက အတက်အကျ များရှိနေသည်။ ယခုရက်သတ္တပတ်တွင် ရှမ်းပြောင်းနှင့် CPပြောင်းသစ်တို့က တစ်တန်လျှင် ကျပ် ၈၃၉,၀၀၀ ကျော်မှ ၈၅၀,၀၀၀ ကျော်သို့ မြင့်တက်ပြီးနောက် ရက်ပိုင်းအတွင်း ၈၃၀,၀၀၀ ကျော်သို့ပြန်လည်ကျဆင်းလာသည်။

အရည်အသွေးကောင်း ဈေးရလာသည့် ကြက်သွန်နီ

မိုးရာသီတွင် စိုက်ပျိုးသည့် ကြက်သွန်နီများ ဈေးကွက်၀င်လာချိန် အရည်သွေးကောင်းသည့် ကြက်သွန်(ထိပ်စ)များက ဈေးအနည်းငယ်မြင့်တက်လာသည်။

ကြက်သွန်နီ‌က ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည့်ဈေးပါ အပြောင်းအလဲများရှိနေသည်။ ယခု ရက်သတ္တပတ်တွင် ကြက်သွန်နီပြည်ပဈေးက အရည်အသွေးကောင်းသည့် အမျိုးအစားများ FOB တစ်တန်လျှင် ဒေါ်လာ ၃၁၅/၃၂၅ မှ ၃၃၀/၃၄၀ သို့ဈေးပြောင်းသွားသည်။ အရည်အသွေး ညံ့သည့် အမျိုးအစားများက တစ်တန်လျှင် ဒေါ်လာ ၁၅၅/၁၆၅ မှ ၁၃၀/၁၄၀ သို့ပြောင်းလဲသွားသည်။

ယခုနှစ်တွင် ကြက်သွန်နီဈေးသည် စိုက်ပျိုးသူတောင်သူများ၊ သိုလှောင်ရောင်းချသူ ကုန်သည်များ အရှုံး များ သည့်အခြေအနေမျိုးဖြစ်နေသည်။ နယ်ဈေးကွက်များမှ ကုန်ပစ္စည်းများစုဆောင်းပြီး ရန်ကုန် ဈေးကွက်သို့တင်ပို့ရာတွင် အရည်အသွေးအားနည်းလျှင် ကုန်စည်ပို့ဆောင်စရိတ်ဆုံးရှုံးရသည့် အခြေအနေမျိုးဖြစ်ခဲ့သည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီအ၀င်က တစ်ရက်လျှင် ပိဿာချိန် ၁၅၀,၀၀၀ ၀န်းကျင်ရှိသော်လည်း အရည်အသွေးကောင်းသည့် ကြက်သွန် နီ(ထိတ်စ)များဈေးမြင့်လာသည်။

ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ လက္ကားဈေးက ဆိတ်ဖြူ (သစ်) ရှယ် တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ မှ ၂,၂၀၀၊ မြင်းခြံ (သစ်)ရှယ် တစ်ပိဿာ ကျပ် ၁,၈၀၀မှ ၂,၂၀၀၊ မုံရွာ(သစ်)ရှယ်က တစ်ပိဿာကျပ်၁,၉၀၀ ဈေးဖွင့်သည်။

ပြည်တွင်းဈေးပြောင်းလဲနေသည့် ဆီထွက်သီးနှံ

ပြည်တွင်းစားသုံးမှာသာမက ပြည်ပဈေးကွက်များကို တင်ပို့ရောင်းချနေသည့်မြေပဲက ယခုရက်သတ္တပတ်တွင် ဈေးအပြောင်းအလဲများနေသည်။

ပြည်ပ၀ယ်လိုအားအနည်းငယ်ရှိနေခြင်းကြောင့် ရန်ကုန်ဈေးကွက်တွင် မြေပဲ(လုံးဆံ) FOBဈေး တစ်တန်လျှင် ဒေါ်လာ၂၀ဈေးမြင့်လာသည်။ မြေပဲ(လုံးဆံ) FOBဈေး တစ်တန်လျှင် ဒေါ်လာ ၁,၃၅၅ /၁,၃၆၅မှ ၁,၃၇၅/ ၁,၃၈၅ သို့ဈေးပြောင်းလဲသည်။

ပြည်တွင်းလုပ်ငန်းသုံးရန် ဆီစက်များနှင့် စားသောက်ကုန်လုပ်ငန်းအချို့၏၀ယ်လိုအားကြောင့် မန္တလေး ဈေးကွက်တွင် မြေပဲဈေးက အတက်အကျ၊အပြောင်း အလဲများရှိနေသည်။ မြေပဲ အမျိုးအစားအလိုက် ဈေးနှုန်းများ အပြောင်းအလဲဖြစ်နေသည်။

မန္တလေးဈေးကွက်တွင် မြေပဲ (S1လုံးဆံ )တစ်တန်လျှင် ကျပ် ၅,၃၈၀,၀၀၀ ကျော်မှ ၅၂သိန်း ကျော်သို့ ဈေးပြောင်းလဲပြီး မြေပဲ (S1ဆီဆံ )တစ်တန်လျှင် ကျပ် ၄,၈၀၇,၀၀၀ ကျော်မှ ၄,၈၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသည်။

မြေပဲ(Mတွဲ) လုံးဆံက တစ်တန်လျှင် ကျပ် ၅,၁၁၀,၀၀၀ ကျော်မှ ၅,၁၄၀,၀၀၀ ကျော်သို့ဈေးပြောင်းပြီး မြေပဲ(Mတွဲ)ဆီဆံ တစ်တန်လျှင်ကျပ် ၄,၈၃၀,၀၀၀ ကျော်မှ ၄,၉၆၀,၀၀၀ ကျော်သို့ ဈေးပြောင်း လဲသည်။ ထို့အပြင်မြေပဲ(အနီ)လုံးဆံတစ်တန်လျှင် ကျပ်၅,၁၄၀,၀၀၀ မှ ၄,၉၉၀,၀၀၀ ကျော်၊ မြေပဲ(အနီ )ဆီဆံ တစ်တန်လျှင် ကျပ်၄၇သိန်းကျော်မှ ၄,၅၉၀,၀၀၀ ကျော်သို့ဈေးပြောင်းလဲသည်။

တရုတ်နိုင်ငံအပါအ၀င် ပြည်ပ၀ယ်လိုအားပျော့လာသဖြင့် နှမ်းFOBဈေး ငြိမ်နေသော်လည်း ပြည်တွင်း ဈေးအပြောင်းအလဲအနည်းငယ်ရှိနေသည်။

ရန်ကုန်ဈေးကွက်တွင် ပြည်ပသို့ရောင်းချသည့် နှမ်း FOBဈေးက နှမ်းဖြူ တစ်တန်လျှင် ဒေါ်လာ ၁,၁၁၅ /၁,၁၂၅၊ နှမ်းနက်(စမုံ)တစ်တန်လျှင် ဒေါ်လာ၂,၆၇၅/ ၂,၆၈၅‌ ဖြင့်ဈေးငြိမ်နေသည်။

သို့သော် ပြည်တွင်းနှမ်းဈေးက နှမ်းဖြူ(ဂျပန်) တစ်တန်လျှင် ကျပ် ၃,၈၇၀,၀၀၀ ကျော်မှ ၃,၈၄၀,၀၀၀ ကျော်သို့ဈေးကျဆင်းလာပြီးနှမ်းနက်(စမုံ)ကလည်း တစ်တန်လျှင် ကျပ် ၁၀၂သိန်း ကျော်မှ၉၉သိန်း ကျော်သို့ဈေးကျဆင်း သည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်