တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၃-၇.၂.၂၀၂၅)

10/02/2025 09:47 AM တွင် AMIA AMIA မှ ရေးသား

ယခုတစ်ပတ်တွင် ပြည်ပလယ်ယာပို့ကုန်များဖြစ်သော ဆန်၊ မတ်ပဲ၊ ပဲစင်းငုံတို့က ဈေးကျဆင်းပြီး ပဲတီစိမ်းက ဈေးငြိမ်၍ ပြောင်းဈေး ကတော့ အတက်ဘက်မှာသာရှိနေပါတယ်။

ဆန်

ဆန်က ယခုရက်သတ္တပတ် ပြည်တွင်းဈေးကွက်မှာတော့ အကျဘက်ကို ဦးတည်နေပါတယ်။ နိုင်ငံတကာဈေးကွက်တွင် အိန္ဒိယနိုင်ငံ၏  ရောင်းလိုအား တိုးမြှင့်မှုကြောင့် ဆန်ဈေးနှုန်းများ ဆက်တိုက်ကျဆင်းမှု၏ အကျိုးဆက်က ပြည်တွင်းသို့ စတင်သက်ရောက်လာပါတယ်။

ယခုလအတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်သော ရည်ညွှန်းဆန်ဈေးနှုန်းတွင် ဆန်ကြမ်းဈေးနှုန်းက ယခင်လထက် လျော့နည်းသွားသကဲ့သို့ ရန်ကုန်လက္ကားဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းက ပျဉ်းမျှ တစ်အိတ်လျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အကြား ဈေးကျဆင်းသွားပါတယ်။ 

သို့သော် ပြည်တွင်းဈေးကွက်ကိုသာ အဓိက ဦးတည်ထားသည့် ပေါ်ဆန်းဆန် အမျိုးအစားများက ဈေးနှုန်းပြောင်းလဲမှုမရှိပေ။

ယခုရက်သတ္တပတ် ရန်ကုန် လက္ကားဈေးကွက်မှာတော့  ပြည်တွင်းစားသုံးသည့် ဆန်ကြမ်းရှယ်အမျိုးအစားတွင် ရက် ၉၀ဆန် တစ်အိတ်လျှင် အမြင့်ဆုံးဈေးနှုန်း ၉၆,၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်၊ ဇီယာ ရှယ်တစ်အိတ်လျှင် အမြင့်ဆုံး ၈၄,၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ်သို့ ကျဆင်းလာပါတယ်။

သို့သော် ပြည်တွင်းအဓိက စားသုံးသည့် ပေါ်ဆန်းဆန်များ၏ ရည်ညွှန်းဈေးနှုန်းက ယခင်လများ အတိုင်းအပြောင်းအလဲမရှိသဖြင့် လက္ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းက အမြင့်ဆုံး တစ်အိတ် ၁၅၀,၀၀၀ ကျပ်၊ ကြားပျံပေါ်ဆန်းက တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်ဈေးဖွင့်ပါတယ်။

မတ်ပဲ

ပြည်ပ FOB ဈေးနှုန်း တည်ငြိမ်နေသော်လည်း ပြည်တွင်းဝယ်လိုအား အချို့ကြောင့် မတ်ပဲက ယခုရက်သတ္တပတ်တွင် ကျဈေးတွင် ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိနေပါတယ်။ 

ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် မတ်ပဲ FAQ အမျိုးအစား ဈေးနှုန်းက တစ်တန် ကျပ်သိန်း၃၀ အောက်တွင် အတက်အကျအနည်းငယ်ရှိနေပါတယ်။ 

ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးက ဖေဖော်ဝါရီ ၃တွင် တစ်တန်လျှင် ၂,၉၈၆,၀၀၀ ကျပ်ဖြင့်ဈေး စတင်ခဲ့ပြီးနောက် ကျပ်၂,၉၃၀,၀၀၀ ကျော်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။ ထိုနောက် ဖေဖေါ်ဝါရီ ၅ရက်တွင် ကျပ်၂,၉၄၀,၀၀၀ကျော်ကို ပြန်လည်မြင့် တက် ၍ ဖေဖေါ်ဝါရီ ၇တွင် ကျပ်၂,၉၃၀,၀၀၀ ကျော်ကို ပြန်လည် ကျဆင်းလာပါတယ်။

 ပြည်တွင်း ဈေး အနည်း ငယ်အလှုပ်အခက်ရှိနေသော်လည်း ပြည်ပ FOB ဈေးနှုန်းက မတ်ပဲ FAQ တစ်တန်ကို အမေရိကန် ဒေါ်လာ ၇၄၀နှင့် ၇၅၀ သာဈေးဖွင့်ပါတယ်။

ပဲစင်းငုံ

အိန္ဒိယအစိုးရ၏ လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးရထားသော ပဲစင်းငုံက ရန်ကုန်ဈေးကွက် တွင် တစ်တန်ကျပ် ၂၉သိန်းအောက် ဈေးဖွင့်ပါတယ် ။

 မြန်မာပြည်အလယ်ပိုင်း မိုးရာသီတွင် စိုက်ပျိုးပြီး လက် ရှိအချိန် ဈေးကွက်ထဲသို့ ပဲအသစ်များဝင်နေသည့် ပဲစင်းငုံက အကျဘက်တွင်သာ ဈေးအနည်းငယ်လှုပ်ခက်နေပါတယ်။ 

ယခုရက်သတ္တပတ်အတွင်း ပဲစင်းငုံ(အနီ) တစ်တန် ၂,၈၇၀,၀၀၀ ကျပ်ဖြင့် ဈေးစတင်ဖွင့်လှစ်ပြီး နောက် ကျပ်၂,၈၆၀,၀၀၀ ကျော်အထိ ဈေးကျဆင်း၍ ၂,၉၀၀,၀၀၀ ကျပ်သို့ ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ 

မတ်ပဲကဲ့ သို့ပင် ပဲစင်းငုံ၏ FOBဈေးနှုန်းကလည်း တည်ငြိမ်ပါတယ်။ ပဲစင်းငုံ (အနီ) တစ်တန်၏ FOB ဈေးနှုန်းက ဒေါ်လာ ၇၂၀ နှင့် ၇၃၀ ဈေးဖွင့်ပါတယ်။

ပဲတီစိမ်း

အိန္ဒိယအပြင် အခြားသော နိုင်ငံများကပါဝယ်လိုအားရှိသော ပဲတီစိမ်းက ယခုရက်သတ္တပတ်တွင် ဈေးငြိမ်နေပါ တယ်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း(ခရမ်းရွှေဝါ)နှင့် ပဲခူးရွှေဝါက တစ်ပိသာ ၅,၅၈၀ ကျပ်၊ ပဲတီစိမ်း ငါးခယ်မ FAQက တစ်ပိသာ ၅၀၈၀ - ၅၁၀၀ ကျပ်ဈေးဖွင့်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဈေးကွက်ကြီးတစ်ခုဖြစ်သည့် မန္တလေးဈေကွက်တွင် ပဲတီစိမ်း  (အညာ) အသစ်က တစ်တန်လျှင် အမြင့်ဆုံး ၃၁သိန်းကျော် ဈေးဖွင့်ပြီး ပဲတီစိမ်းအသေး (စိမ်းနောက်)တစ်တန်လျှင် ၂၈သိန်းကျော် ဈေးဖွင့်ပါတယ်။

ပြောင်း

ထိုင်းနိုင်ငံ၏ အာဆီယံအခွန် သက်သာခွင့်ဖြင့် ပြောင်းဝယ်ယူမည့် အစီအစဉ်စတင်ချိန်တွင် ပြည်တွင်းပြောင်းဈေးက ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ပြီး  အတက်ဘက်ကို ဦးတည်နေပါတယ်။ 

အမျိုးအစားအလိုက် ဈေးနှုန်း အတက်ဘက်ကို ပြောင်းလဲနေပြီး ယခုရက်သတ္တပတ်တွင် ဗမာပြောင်းက တစ်တန်ကို ကျပ် ၁၀,၀၀၀ ကျော် ဈေးမြင့်တက်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် တစ်တန်လျှင် အမြင့်ဆုံးကျပ် ၉၄၀,၀၀၀ကျော် ဈေးဖွင့်ခဲ့သော ဗမာပြောင်း အမျိုးအစားက ကျပ် ၉၅၀,၀၀၀ ကျော်သို့မြင့်တက်လာပါတယ်။ 

သို့သော် ရှမ်းပြာင်းနှင့် CP ပြောင်း က ပြီးခဲ့သည့် ရက်သတ္တပတ် အမြင့်ဈေးအတိုင်း တည်ငြိမ် နေပါတယ်။ ရှမ်းပြောင်းက တစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်၊ CP ပြောင်းက ကျပ် ၉၆၃,၀၀၀ ကျော်တွင်ဈေးငြိမ်နေပါတယ်။

မြန်မာ့ပြောင်း၏ အဓိက ဈေးကွက်တစ်ခုဖြစ်သော ထိုင်းနိုင်ငံ၏ ပြောင်းထုတ်လုပ်မှုက ယခင်နှစ်ထက် ၂ရာ ခိုင် နှုန်း တိုးတက်ပြီး အထွက်နှုန်း ၅ဒသမ၄သန်းရှိမည် ဟု ခန့်မှန်းနေသကဲ့သို့ နိုင်ငံတကာ၏ ပြောင်းထုတ်လုပ်မှုကလည်း စုစုပေါင်းထုတ်လုပ်မှုပမာဏ အနည်းငယ် လျော့ နည်းမည့်ဟု ခန့်မှန်းမှုများလည်းရှိနေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ နှစ်ပတ်ဆက်တိုက် အကျဈေး နဲ့ ဈေးငြိမ်နေပါတယ်။ဈေးကွက်အတွင်း နယ်စုံက ကြက်သွန်တွေ အဝယ်ရှိနေပြီး အသစ်တွေ ဈေးကွက်ထဲ ဆက်တိုက် ဝင်နေတဲ့တွက် ဈေးက အကျဈေးနဲ့ရှိနေတာ ဖြစ်ပါတယ်။

ဈေးကွက်ထဲကို ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ ပခုက္ကူကို အဝင်များပြီး တစ်ပိဿာကို ၁၉၀၀ မှ ၃၇၀၀ ကြား ရှိပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ရှမ်းရော ကြူကုတ်ရော အကျဈေးနဲ့ ရှိနေပါတယ်။ တရုတ်နှစ်သစ်ကူး မတိုင်ခင်ကတည်းက ဈေးကွက်ထဲ အဝင်များပြီး ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းဈေးကွက်ထဲကို ပုံမှန်အဝင်ရှိပေမယ့် ပြည်တွင်းဝယ်လိုအား ပုံမှန်အခြေအနေသာ ရှိနေခြင်းကြောင့် အကျဈေးနဲ့ ငြိမ်နေတာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၄၅၀၀ ကျပ်ရှိပါတယ်။ ကြက်သွန်ဖြူ(ရှမ်း အောင်ပန်း)ကတော့ တစ်ပိဿာကို ၉၀၀၀ မှ ၁၂၀၀၀ ကြား ရှိပြီး တစ်လအတွင်း တစ်ပိဿာကို ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်