တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၁.၂၀၂၅)

03/02/2025 09:53 AM တွင် AMIA AMIA မှ ရေးသား

ပြောင်းက စျေးထပ်တက်ပြီး မတ်ပဲ၊ ပဲစဥ်းငုံက စျေးပြန်ကျသွားပါတယ်။  ဆန်ကတော့ ပြည်တွင်းစားဆန်စျေးမြင့်ပြီး exportဆန်စျေးကျပါတယ်။ ပဲဖတ်ကစျေးမြင့်တက် နေပါတယ်။ 

ဆန် 

ဆန်စျေးကွက်မှာ ပြည်ပတင်ပို့တဲ့ ကရင်မဆန်အပါအဝင် ဆန်အမျိုးအစားတွေအားလုံး စျေးတန်းကျဆင်းပြီး  ပြည်တွင်းစားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေကတော့ စျေးနှုန်း သိသိသာသာ ကျဆင်းတာမျိုးမရှိသေးပါဘူး။

လက်ရှိ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ကဒေသအလိုက်အမျိုးအစားကွာခြားမှုရှိပြီး ပဲခူးအနောက်ခြမ်းမှာတော့ မှော်ဘီ ၃ ဆန် ၂၄ပြည်တစ်အိတ်ကို ဆန်အဟောင်းက ၈၅၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၇၅၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။

ဆန်အမာ အမျိုးအစားတွေကတော့ ၂၄ ပြည် အဟောင်းတစ်အိတ်ကို ၈၈၀၀၀ လောက်ရှိနေပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေးဆိုရင် အဟောင်းတစ်အိတ်ကို ၂၀၀၀၀၀ ကျပ်ရှိပါတယ်။ 

ဧရာပဒေသာဆန်အဟောင်းတစ်အိတ်ကိုဆိုရင် ၁၇၀၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၁၃၀၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။

ပြည်ပတင်ပို့တဲ့ဆန်အမျိုးအစားတွေကတော့ စျေးကျနေတဲ့အပြင် အရောင်းအဝယ်လည်း အေးနေပါတယ်။

ပြောင်း

ပြောင်းကတော့  ဒီတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြောင်းဆံကို ပြည်ပဝယ်လိုအားများတဲ့အပြင် ထိုင်းကိုပါ အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့တော့မှာဖြစ်လို့ ကုန်သည်တွေဝယ်လိုအားကောင်းပြီး စျေးတက်လာတာဖြစ်ပါတယ်။

ပြည်ပတင်ပို့မှုအတွက် အရည်အသွေးကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေတာ ဖြစ်ပါတယ်။

အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံတစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ကျပ်အထိ ရှိလာပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ကို ၁၀ ကျပ် ထပ်တက်လာတာဖြစ်ပါတယ်။

မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း(ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၆၀၀၀ ကျပ်စျေးရှိပြီး  အရင်တစ်ပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်တက်လာပါတယ်။

မတ်ပဲ

အရင်အပတ်က စျေးတန်းအကျရပ်ခဲ့တဲ့ မတ်ပဲက အခုတစ်ပတ်မှာတော့  စျေးပြန်ကျလာပါတယ်။ ရန်ကုန်လှောင်လက်သမားတွေအဝယ်ရှိသလို နယ်လှောင်လက်သမားတွေဝယ်ယူခြင်း၊ ပဲခွက်စက်တွေဝယ်ယူမှုရှိပေမယ့်လည်း ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်ပြီး ပြည်ပစျေးကွက်အေးနေတာကြောင့် စျေးတန်းက အကျဘက်မှာပဲရှိတာဖြစ်တယ်လို့ သိရပါတယ်။ စျေးတန်းပြန်မာလာနိုင်တဲ့ အခြေအနေရှိတယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းထားပါတယ်။

အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က  မတ်ပဲ (FAQ )တစ်တန်ကို ၃၀၃၀၀၀၀ ကျပ်၊ အင်္ဂါ​နေ့မှာ ၃၀၁၀၀၀၀ ၊ ကြာသပတေးနေ့မှာ ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၅၃၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်းမှာ ၄ သောင်းအတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၃၀၀၀၀ ကနေ ၇၀၀၀၀ လောက် ကျပါတယ်။

မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။  မတ်ပဲပိဿာ ၆၀  အသစ်က ၂၇၅၀၀၀ မှ  ၂၈၀၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ကျပါတယ်။

ပဲစဥ်းငုံ

အရင်အပတ်ကမှ စျေးပြန်အတက်ပြခဲ့တဲ့ ပဲစဥ်းငုံကအခုအပတ်မှာတော့ စျေးပြန်ကျသွားပါတယ်။ 

မြန်မာပဲစဥ်းငုံများ အိန္ဒိယနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ်မတ်လ ၃၁ ရက်အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြုလိုက်ပြီးနောက်မှာ ပဲစဥ်းငုံစျေးပြန်တက် လာခဲ့ပေမယ့် လက်ရှိမှာ အိန္ဒိယကဝယ်လိုအားနည်းခြင်း၊ ပြည်တွင်းက လှောင်လက်သမားသာ အဝယ်ရှိခြင်း၊ ပဲအသစ်တွေစျေးကွက်ထဲ ဝင်ရောက်မှုများခြင်း စတဲ့အခြေအနေတွေကြောင့် စျေးတန်းမငြိမ်ဘဲ အကျ ဘက် ပြန်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။

ခုအပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဥ်းငုံနီတစ်တန်ကို  ၂၉၂၅၀၀၀  ကျပ်၊ အင်္ဂါနေ့က ၂၉၀၀၀၀၀ ကျပ်၊ကြာသပတေးနေ့က ၂၉၇၂၀၀၀ ကျပ်၊  သောကြာနေ့က ၂၉၃၂၀၀၀  ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၇၀၀၀၀ လောက် အတက်အကျရှိခဲ့ပါတယ်။

အရင်တပတ်နဲ့ယှဥ်ရင်လည်း အနိမ့်ဆုံး ၇၀၀၀၀ မှ ၁၃၀၀၀၀ အထိကျပါတယ်။

မန္တလေးစျေးကွက်မှာတော့ ခုတစ်ပတ်မှာ ပဲစဥ်းငုံနီကို ပိဿာ ၆၀ကို ၂၇၅၀၀၀ မှ ၂၇၈၀၀၀ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်ကျပါတယ်။

ပဲဖတ် 

ပြည်တွင်းမွေးမြူရေးအစာစျေးကွက်မှာ ပဲဖတ်ကိုဝယ်လိုအားကောင်းတဲ့အပြင် နှမ်းဖတ်ချဥ်အဖြစ် ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူစျေးကွက်ကောင်းတာကြောင့် မြေပဲဖတ်စျေးက အမြင့်စျေးတန်းမှာပဲရှိနေတယ်လို့ သိရပါတယ်။

ပဲဖတ်ကို ငါးမွေးမြူရေးလုပ်ငန်း၊ ဝက်မွေးမြူရေး အစာတွေထဲမှာရောစပ်သုံးကြတာဖြစ်ပါတယ်။

စားသုံးမှုအနေနဲ့ နှမ်းဖတ်ချဥ်အဖြစ် လုပ်ရောင်းကြပါတယ်။ လက်ရှိမှာပဲဖတ်က ဝယ်လို အားကောင်းနေတာကြောင့်စျေးတက်နေတာဖြစ်ပါတယ်။

မန္တလေးစျေးကွက်မှာ ပဲဖတ် ၁ ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး မကွေးစျေးကွက်မှာ ၆၇၀၀ ကျပ်ဝန်းကျင်စျေးပေါက်နေတယ်လို့သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်