ပြည်ပပို့ကုန်များဈေးတက်

26/01/2026 09:53 AM တွင် AMIA AMIA မှ ရေးသား

 

အိန္ဒိယအစိုးရက လာမည့် ၅ နှစ် ပြည်ပမှပဲတင်သွင်းမည့် နားလည်မှု စာချွန်လွှာ(MOU)အသစ် ကြေငြာရန်ရှိနေသည်ဆိုသည့် သတင်းများနှင့်အတူ ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံ ‌ဈေးဆက်တိုက်မြင့်တက်နေသည်။

နှစ်သစ်မှာဈေးဆက်မာနေသည့် မတ်ပဲ

အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာ စားသောက်ကုန်တစ်မျိုးဖြစ်သည့် မတ်ပဲက ယခုနှစ်မြန်မာဈေးကွက်မှာ သာမက အိန္ဒိယဈေးကွက်တွင်လည်း ဆက်တိုက် ဈေးမြင့်တက်နေသည်။

အိန္ဒိယနိုင်ငံအတွင်း ၀ယ်လိုအားကောင်းနေခြင်းကြောင့် မြန်မာမတ်ပဲက အိန္ဒိယ CNFဈေး တစ်တန် အမေရိကန်ဒေါ်လာ ၃၅ဒေါ်လာဈေးထပ်မံမြင့်တက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆တွင် အိန္ဒိယဈေးကွက်၌ တစ်တန် ဒေါ်လာ ၇၉၀ ဈေးရှိသော မြန်မာ မတ်ပဲFAQက ဇန်နဝါရီ ၂ ရက် တွင် တစ်တန် ဒေါ်လာ ၈၂၅သို့ဈေးပြောင်းသွားသည်။ မတ်ပဲSQကလည်း တစ်တန် ဒေါ်လာ ၈၆၀ မှ ၉၀၅သို့‌ဈေးပြောင်း သွားသည်။ ဘရာဇီးမတ်ပဲက တစ်တန် ဒေါ်လာ ၈၆၅ ဈေးဖွင့်သည်။

အိန္ဒိယဈေးကွက်တွင် မတ်ပဲဈေးမြင့်တက်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ယခုရက်သတ္တပတ် မတ်ပဲဈေးက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်းမြင့်တက်လာသည်။

ယခုရက်သတ္တပတ် မတ်ပဲပြည်ပရောင်းချသည့် (FOB (free on board))ဈေးက မတ်ပဲတစ်တန် ၅ ဒေါ်လာဈေးမြင့်သွားသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့်(FOB)ဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ၇၃၅/၇၄၅မှ  ၇၄၀/၇၅၀သို့ဈေးပြောင်းပြီး မတ်ပဲ SQတစ်တန် ဒေါ်လာ ၈၁၅/၈၂၅မှ ၈၂၀/၈၃၀သို့ဈေးပြောင်းသွားသည်။

ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲက တစ်တန် ကျပ် ၈၀,၀၀၀ ကျော် ဈေးမြင့်သွားသည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲ FAQ တစ်တန် ကျပ် ၂,၇၆၃၀၀၀ မှ ၂,၈၇၅,၀၀၀ သို့ဈေးပြောင်းသကဲ့ သို့ မတ်ပဲSQကတစ်တန် ကျပ် ၃,၀၅၈,၀၀၀မှ ၃,၁၇၀,၀၀၀ သို့ဈေးပြောင်းသွားသည်။

လိုအပ်ချက်ကြောင့် ဈေးဆက်မြင့်နေသည့်ပဲစင်းငုံ(နီ)

အိန္ဒိယတွင် မိုးရာသီ ရေကြီးနစ်မြုပ်မှုများကြုံခဲ့ရသည့် ပဲစင်းငုံကလည်း ဈေးဆက်တိုက်မြင့် တက်လာသည်။ အာဖရိကနိုင်ငံအချို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပဲစင်းငုံစိုက်ခင်းအချို့ ပျက်ဆီးမှုများ လည်းရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လည်း ပဲစင်းငုံ စိုက်ပျိုးမှုက လျော့နည်းခဲ့သည်။

လက်ရှိ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံက CNF ဈေးဆက်လက်မြင့်တက်နေပြီး ပဲစင်းငုံတစ်တန် ဒေါ်လာ ၂၀ ဈေးထပ်မံမြင့်တက်သည်။ ဇန်နဝါရီ၁၆ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ (၂၀၂၅ crop) တစ်တန် ဒေါ်လာ ၈၀၀ မှ ဇန်နဝါရီ ၂၁ တွင် တစ်တန်ဒေါ်လာ ၈၂၀သို့ ဈေးပြောင်းသွားသည်။ ပဲစင်းငုံ (၂၀၂၆ crop) ကလည်း တစ်တန် ဒေါ်လာ ၈၂၅မှ ၈၄၀သို့ ဈေပြောင်းသွားသည်။

မြန်မာဈေးကွက်တွင် ပဲစင်းငုံဈေးက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်းမြင့်တက်လာသည်။ ပဲစင်းငုံ ပြည်ပသို့ရောင်းချသည့် FOBဈေးက တစ်တန် ၁၀ဒေါ် လာဈေးမြင့်တက်သည်။ ပဲစင်းငုံ(နီ)FOBဈေးက တစ် တန် ဒေါ်လာ ၇၃၀/၇၄၀မှ ၇၄၀/၇၅၀သို့ဈေးပြောင်းသွားသည်။

ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင်လည်း ပဲစင်းငုံ (၂၀၂၆ crop)တစ်တန် ကျပ် ၁၅၀,၀၀၀ ကျော်ဈေး မြင့်တက်သည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ(နီ) (၂၀၂၆ crop)တစ်တန် ကျပ် ၂,၈၇၂,၀၀၀ မှ ၃,၀၂၀,၀၀၀ သို့ဈေးပြောင်းသွားသည်။

မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ တစ်တန်ဈေးကျပ် ၁၇၀,၀၀၀ ကျော်ဈေးမြင့်သွားသည်။ ပဲစင်းငုံ(နီ)သစ် တစ်တန် ကျပ် ၂,၇၈၀,၀၀၀ ကျော်မှ ၂,၉၀၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပဲတီစိမ်းဈေးငြိမ်နေဆဲ

တရုတ်ကုန်သည်များ ၀ယ်လိုအားရှိသော်လည်း ပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပဈေးပါငြိမ်နေသည်။ မြန်မာ့တောင်သူများ စိုက်ပျိုးမှုများသော ပြည်ပလယ်ယာပို့ကုန် ပဲတီစိမ်းက ယခုနှစ်တွင် ဈေးအ ပြောင်းအလဲမရှိသေးပေ။

ယခုရက်သတ္တပတ်တွင်ဆောင်းရာသီအဓိကစိုက်ပျိုးသီးနှံဖြစ်သောပဲတီစိမ်းပြည်ပဈေး(FOB)က FAQ(အညာ)တစ်တန်လျှင် ဒေါ်လာ ၉၅၀/၉၆၀၊ ပဲတီစိမ်း(FAQ)ရွှေဝါ တစ်တန် ၁,၀၈၀/၁,၀၉၀ ဈေးဖြင့်ငြိမ်နေသည်။

ပြည်တွင်းဈေးကလည်းရန်ကုန်ဈေးကွက်တွင်  ပဲတီစိမ်း(အညာ)တစ်ပိဿာ ကျပ် ၅,၆၆၅/၅,၆၈၅၊ ပဲတီစိမ်း (ခရမ်းနှင့်ပဲခူးရွှေဝါ)တစ်ပိဿာ ကျပ် ၆,၅၈၀၊ ပဲတီစိမ်း(ဝါးခယ်မ)FAQတစ်ပိဿာ  ကျပ် ၆,၂၅၀/၆,၂၇၀ဈေးဖြင့် တည်ငြိမ်နေသည်။

ထို့အပြင် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးဈေးကွက်တွင်လည်း ပဲတီစိမ်း(အညာ)သစ်က တစ်တန် ကျပ် ၃,၂၆၀,၀၀၀ကျော်ဖြင့် ဈေးငြိမ်နေသည်။

ဈေးပြန်လျော့လာသည့်မြေပဲ

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်မြေပဲကယခုရက်သတ္တပတ်တွင်အမျိုးအစားအားလုံးနီးပါး‌ဈေးပြန်ဆင်းလာသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြည်ပ၀ယ်လိုအားကြောင့် မြေပဲလုံးဆံ FOBဈေးမြင့်တက်သော်လည်း ယခုရက်သတ္တပတ်တွင် ဈေးငြိမ်နေသည်။ ရန်ကုန် ဈေးကွက်တွင် မြေပဲလုံးဆံပြည်ပသို့ရောင်းချသည့် FOBဈေးက တစ်တန် ဒေါ်လာ ၁,၅၂၅/၁,၅၃၅ ဈေးဖွင့်သည်။

မြေပဲ(လုံးဆံ)ပြည်ပရောင်းချသည့်( FOB)ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးက အနည်းငယ် ကျဆင်းသည်။ မန္တလေး ဈေးကွက်တွင် မြေပဲ S1လုံးဆံ တစ်တန် ကျပ် ၆,၂၄၀,၀၀၀ ကျော်မှ ၆,၁၂၀,၀၀၀ ကျော်သို့ဈေးပြောင်းလဲသည်။

ထို့အပြင် မြေပဲ(ဆီဆံ)များကလည်း အနီ(ဆီဆံ) တစ်မျိုးသာဈေးမာပြီး ကျန်အမျိုးအစားများ ဈေးကျလာသည်။

မန္တလေးဈေးကွက်တွင် မြေပဲအနီ(ဆီဆံ) တစ်တန် ကျပ် ၅,၅၁၀,၀၀၀ ကျော်မှ ကျပ်သိန်း၆၀ကျော်သို့ဈေးတက်ပြီး မြေပဲS1(ဆီဆံ) တစ်တန် ကျပ် ၅,၈၇၀,၀၀၀ကျော်မှ ၅,၅၇၀,၀၀၀ ကျော်၊ မြေပဲ ပြန့်(ဆီဆံ) တစ်တန် ကျပ် ၅,၉၇၀,၀၀၀ကျော်မှ ၅,၆၆၀,၀၀၀ ကျော်သို့ဈေးကျသွားသည်။

ဈေးနှုန်းအကျဘက်ကိုရောက်လာသည့် ကြက်သွန်နီ

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည် ပဈေးလည်းအနည်းငယ်ပြန်ကျလာသည်။

ပြီးခဲ့သည့်နှစ် ဈေးကျမှုကြောင့် စိုက်ပျိုးမှု လျော့ သဖြင့် ယခုနှစ်ဆန်းတွင် ရန်ကုန်ဈေးကွက်၌ ကြက် သွန်နီ (အသစ်)ဈေးမြင့်တက်ခဲ့သည်။သို့သော်ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြည်ပမှ ကြက်သွန်၀ယ်အားအနည်းငယ်ပျော့သွားခြင်းကြောင့် ပြည်ပဈေးသာမက ပြည်တွင်းဈေးအ နည်းငယ် ပြန်ဆင်းလာသည်။

ပြည်ပရောင်းချသည့် ကြက်သွန်နီ FOBဈေးကပြီးခဲ့သည့်ရက်သတ္တပတ်တွင်  မြစ်သား (၂၀၂၆ crop) တစ်တန် ဒေါ်လာ ၄၅၅/၄၆၅မှ ၇၂၅/၇၃၅ဈေးဖွင့်ခဲ့သော်လည်း ယခုရက်သတ္တပတ်တွင် ဒေါ်လာ ၄၂၀/၄၃၀မှ ၇၂၅/၇၃၅ဈေးဖွင့်သည်။ ကြက်သွန်နီ နယ်စုံ ၂၀၂၆crop ကလည်း တစ်တန် ဒေါ်လာ ၂၅၅/၂၆၅မှ ၆၃၅/၆၄၅ ဈေးဖွင့်ရာမှ ၂၅၅/၂၆၅မှ ၆၀၀/၆၁၀သို့ပြောင်းလဲဈေးဖွင့်သည်။

ကြက်သွန်နီက ပြည်ပဈေး အနည်းငယ်အပြောင်းအလဲ ရှိသကဲ့သို့ ပြည်တွင်းဈေးကလည်း ရန်ကုန် ဈေးကွက်တွင်( လက္ကား)ကြက်သွန်တစ်ပိဿာ ဈေးက ဆိတ်ဖြူ(သစ်)ရှယ် တစ်ပိဿာ ကျပ် ၃,၁၀၀ မှ ၂,၉၀၀၊ မြစ်သား(သစ်)ရှယ်တစ်ပိဿာ  ကျပ်၃,၈၀၀မှ ၃,၇၀၀၊ မြင်းခြံ(သစ်)ရှယ် တစ်ပိဿာ ကျပ် ၃,၂၀၀မှ ၂,၇၀၀၊ ပခုက္ကူ(သစ်)ရှယ် တစ်ပိဿာ ကျပ် ၃,၁၀၀မှ ၃,၀၀၀သို့ ဈေးပြောင်းလဲလာသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်