တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၉ -၁၃.၃.၂၀၂၆)

16/03/2026 11:29 AM တွင် AMIA AMIA မှ ရေးသား

 

အိန္ဒိယ၊ တရုတ်အပါအဝင် ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် လယ်ယာပို့ကုန်ဈေး မြင့်တက်သော်လည်း ပြည်တွင်း အဓိကစားသုံးသည့် လယ်ယာထွက်ကုန်များ ဈေးနှုန်းအပြောင်းအလဲ ရှိနေသည်။

ပဲတီစိမ်းဈေး ထပ်မံမြင့်တက်

တရုတ်ဈေးကွက် ဝယ်လိုအား မျှော်လင့်ချက်ရှိနေသော ပဲတီစိမ်းက ဈေးထပ်မံမြင့်တက်လာသည်။ ပဲသစ် စပေါ်ချိန် ဈေးကျဆင်းနေရာမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်ဈေးတန်းကို မမီသေးပေ။ လက်ရှိ ပဲတီစိမ်းက နယ်ဈေးကွက်တွင် ပိဿာ ၂၀ ကို ကျပ် ၁၂၀,၀၀၀ ကျော်အထိ ဈေးရနေသည်ဟု တောင်သူအချို့က ပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် စိုက်ဧကများသော ပဲတီစိမ်းက အိန္ဒိယဈေးကွက်သို့ တင်ပို့နေသော မတ်ပဲ၊ ပဲစင်းငုံထက် ဈေးပိုရသည်။

ယခုရက်သတ္တပတ် ပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း လိုက်ပါမြင့်တက်လာသည်။ ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB (Free On Board) ဈေးက ပဲတီစိမ်း FAQ (အညာ) တစ်တန် ဒေါ်လာ ၈၄၀/၈၅၀ မှ ၈၆၀/၈၇၀ သို့ ဈေးမြင့်တက်ပြီး ပဲတီစိမ်း FAQ (ရွှေဝါ) တစ်တန် ဒေါ်လာ ၉၄၀/၉၅၀ မှ ၉၆၀/၉၇၀ သို့ ဈေးမြင့်တက်သည်။

ပြည်တွင်းဈေးကွက်တွင်လည်း ပဲတီစိမ်း (အညာ) က တစ်ပိဿာ ကျပ် ၄,၈၃၀၊ ၄,၈၅၀ မှ ၅,၀၀၀/၅,၀၂၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ ကတစ်ပိဿာ ကျပ် ၅,၅၀၀ မှ ၅,၈၃၀၊ ပဲတီစိမ်း (ဝါးခယ်မ FAQ) တစ်ပိဿာ ကျပ် ၅,၁၆၅/၅,၁၈၅ မှ ၅,၅၀၀/၅,၅၂၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) က တစ်တန် ကျပ် ၃,၁၅၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ဈေးပြန်တက်လာသည့် ပဲစင်းငုံ

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဈေးအနည်းငယ် အားပျော့နေသော ပဲစင်းငုံက ယခုရက်သတ္တပတ်တွင် ဈေးပြန်မာလာသည်။ ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ (နီ) တစ်တန် ကျပ် ၄၀,၀၀၀ ကျော် ဈေးမြင့်တက်သည်။

အိန္ဒိယဈေးကွက်တွင် အာဖရိကနိုင်ငံများဖြစ်သော ဆူဒန်၊ မိုဇမ်ဘစ်၊ နိုင်ဂျီးယား ပဲစင်းငုံများနှင့် ဈေးကွက်ယှဉ်ပြိုင်နေရသော မြန်မာပဲစင်းငုံ၏ လက်ရှိဈေးကွက်အလားအလာအပေါ် ကုန်သည်အချို့က အပြုသဘောဆောင်သည့် သုံးသပ်ချက်များလည်း ရှိနေသည်။ အိန္ဒိယတွင် ပြီးခဲ့သည့်နှစ် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှု လျော့ကျမှုကလည်း ဈေးကွက်ဝယ်လိုအားအပေါ် မျှော်လင့်စရာဖြစ်နေသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပဲစင်းငုံဈေးက ပြည်ပ FOB ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေး အနည်းငယ်မြင့်တက်သည်။

ပြည်ပရောင်းချသည့် ပဲစင်းငုံ FOB ဈေးက ပဲစင်းငုံ (နီ) 2025-26 crop တစ်တန် ဒေါ်လာ ၈၃၀/၈၄၀၊ ပဲစင်းငုံ (နီ) 2024-25 crop တစ်တန် ဒေါ်လာ ၈၁၀/၈၂၀ ဈေးဖွင့်သည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ ပြည်တွင်းဈေးက ပဲစင်းငုံ (နီ) 2026 တစ်တန် ကျပ် ၃,၁၀၁,၀၀၀ မှ ၃,၁၄၃,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ထို့အပြင် မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ (နီ) သစ်က တစ်တန် ကျပ် ၂,၉၅၀,၀၀၀ ကျော်မှ ကျပ်သိန်း ၃၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပဲကြီးဈေးအပြောင်းအလဲ

ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပတင်ပို့နေသည့် ပဲကြီးက ယခုရက်သတ္တပတ်တွင် ပြည်ပဈေးမြင့်တက်ပြီး ပြည်တွင်းဈေးက အပြောင်းအလဲများ ရှိနေသည်။

ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်ပရောင်းချသည့် FOB ဈေးက တစ်တန် ဒေါ်လာ ၃၅ ဒေါ်လာ ဈေးမြင့်တက်သွားသည်။ ပဲကြီး FOB ဈေး တစ်တန် ဒေါ်လာ ၁,၁၇၅/၁,၁၈၅ မှ ၁,၂၀၅/၁,၂၁၅ သို့ ဈေးပြောင်းသွားသည်။

ပဲကြီးပြည်တွင်းဈေးက ရန်ကုန်ဈေးကွက်တွင် ပဲကြီး (ကုန်း) 2026 တစ်ပိဿာ ကျပ် ၆,၇၈၀/၆,၉၆၀ မှ ၇,၈၂၅/၈,၀၀၀ သို့ ဈေးပြောင်းသွားသည်။ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာ ကျပ် ၇,၅၂၀/၇,၇၀၀ မှ ၈,၃၁၅/ ၈,၄၁၀ သို့ ဈေးပြောင်းသွားသည်။

ရန်ကုန်ဈေးကွက်တွင် ပဲကြီးဈေးမာသော်လည်း မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အမျိုးအစားအားလုံး ဈေးပြန်ကျသည်။ ပဲကြီးအသစ်များ ဈေးကွက်ထဲ ဝင်လာသဖြင့် ပဲကြီးတစ်တန်လျှင် ကျပ် ၃၀၀,၀၀၀ ကျော်မှ ၄၀၀,၀၀၀ ကျော်အကြား ဈေးကျဆင်းသွားသည်။

ပဲကြီးကို လုပ်ငန်းသုံးရန်၊ လှောင်ရန် ဝယ်လိုအားရှိနေသော်လည်း ပဲအသစ် ဈေးကွက်ဝင်ချိန်ဖြစ်သောကြောင့် မန္တလေးဈေးကွက်တွင် ပဲကြီး (ကြီး) တစ်တန် ကျပ် ၅,၃၂၀,၀၀၀ ကျော်မှ ၄,၉၈၀,၀၀၀ ကျော်၊ ပဲကြီး (လတ်) တစ်တန် ကျပ် ၄,၉၈၀,၀၀၀ ကျော်မှ ၄,၆၅၀,၀၀၀ ကျော်၊ ပဲကြီး (သေး) တစ်တန် ကျပ် ၄,၄၃၀,၀၀၀ ကျော်မှ ၃,၉၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

မြေပဲဈေးကျ

ဆီထွက်သီးနှံအမျိုးအစားဖြစ်သော မြေပဲက ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြည်တွင်းဈေးမြင့်တက်သော်လည်း ယခုရက်သတ္တပတ်တွင် ဈေးပြန်ကျဆင်းသည်။

ပြည်ပဝယ်လိုအား မျှော်လင့်ချက်ကြောင့် ရန်ကုန်ဈေးကွက်တွင် မြေပဲ FOB ဈေးက မြေပဲ (လုံးဆန်) တစ်တန် ဒေါ်လာ ၁၀၀ ဈေးမြင့်တက်သွားသည်။ မြေပဲလုံးဆန် တစ်တန် ဒေါ်လာ ၁,၅၅၅/၁,၅၆၅ မှ ၁,၆၅၅/၁,၆၆၅ သို့ ဈေးပြောင်းသွားသည်။ သို့သော် မန္တလေးဈေးကွက်တွင် မြေပဲ ပြည်တွင်းဈေးက တစ်တန် ကျပ် ၃၀၀,၀၀၀ ဝန်းကျင်အထိ ဈေးကျဆင်းသည်။

မန္တလေးဈေးကွက်တွင် မြေပဲ S1 လုံးဆံ (မြင်းမူ) တစ်တန် ကျပ် ၆,၇၃၀,၀၀၀ ကျော်တွင် ဈေးငြိမ်နေပြီး မြေပဲအနီလုံးဆံ တစ်တန် ကျပ် ၆,၄၆၀,၀၀၀ ကျော်မှ ကျပ်သိန်း ၆၀ ကျော်၊ မြေပဲပြန့်လုံးဆံတစ်တန် ကျပ် ၆,၆၁၀,၀၀၀ ကျော်မှ ၆၃ သိန်းကျော်သို့ ဈေးပြောင်းသွားသည်။

မြေပဲ S1 ဆီဆံတစ်တန် ကျပ် ၆၃ သိန်းကျော်မှ ၆,၂၄၀,၀၀၀ ကျော်၊ မြေပဲအနီဆီဆံတစ်တန် ကျပ် ၆,၁၈၀,၀၀၀ ကျော်မှ ၅,၈၁၀,၀၀၀ ကျော်၊ မြေပဲပြန့်ဆီဆံတစ်တန် ကျပ် ၆,၅၅၀,၀၀၀ ကျော်မှ ၆,၁၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ကြက်သွန်နီ ပြည်တွင်းဈေးမငြိမ်

ယခုလ ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးက အပြောင်းအလဲ၊ အတက်အကျများဖြင့် လှုပ်ခတ်မှု များနေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်ဈေးကွက်တွင် ဝယ်အားတရှိန်ထိုး တက်လာခြင်းကြောင့် ကြက်သွန်နီဈေး ဆက်တိုက်မြင့်တက်ခဲ့သော်လည်း ယခုရက်သတ္တပတ်တွင် ဈေးပြန်ပြုတ်ကျလာသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် ကြက်သွန်နီဈေး မြင့်တက်မှုကြောင့် ယခုရက်သတ္တပတ် ဈေးကွက်စဖွင့်သည့် ပထမရက်များတွင် ရန်ကုန်သို့ ကြက်သွန်အဝင် ကုန်ချိန်ပိဿာ ၃၄၀,၀၀၀ ကျော်၊ ဒုတိယရက်တွင် ကုန်ချိန် ပိဿာ ၂၂၀,၀၀၀ ကျော်ဝင်ပြီး နောက်ရက်များတွင် တစ်ရက်ကုန်ချိန်ပိဿာ ၁၅၀,၀၀၀ ဝန်းကျင်သာ အဝင်ရှိနေသည်။

ရန်ကုန်ဈေးကွက်သို့ ကြက်သွန်အဝင် ကုန်ချိန်များသည့် ရက်များတွင် ကြက်သွန်နီ လက္ကားဈေးက ဆိတ်ဖြူ (ရှယ်) တစ်ပိဿာ ကျပ် ၁,၄၀၀၊ မြစ်သား (ရှယ်) တစ်ပိဿာ ကျပ် ၁,၈၀၀ ဈေးဖွင့်သည်။ ကြက်သွန်အဝင် ပုံမှန်သာရှိချိန်တွင် ရန်ကုန်ဈေးကွက်၌ လက္ကားကြက်သွန်နီဈေးက ဆိတ်ဖြူ (ရှယ်) တစ်ပိဿာ ကျပ် ၁,၆၀၀၊ မြစ်သား (ရှယ်) တစ်ပိဿာ ကျပ် ၂,၀၀၀၊ မြင်းခြံ (ရှယ်) တစ်ပိဿာ ကျပ် ၁,၅၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာ ကျပ် ၁,၈၀၀ ဈေးဖွင့်သည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ ပြည်တွင်းဈေး အတက်၊ အကျများဖြင့် တည်ငြိမ်မှုမရှိသော်လည်း ပြည်ပကြက်သွန်နီဈေး ငြိမ်နေသည်။

ပြည်ပရောင်းချသည့် ကြက်သွန်နီ FOB ဈေးက အမျိုးအစား၊ အရည်အသွေးအလိုက် မြစ်သား 2026 crop တစ်တန် ဒေါ်လာ ၃၇၅ မှ ၄၂၀ ကြား ဈေးဖွင့်ပြီး နယ်စုံ ကြက်သွန်နီ 2026 crop တစ်တန် ဒေါ်လာ ၂၄၅ မှ ၃၄၅ အကြား ဈေးဖွင့်သည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်