အိန္ဒိယပို့ကုန်အချို့ ပြည်တွင်းဈေးကျ

04/05/2026 09:19 AM တွင် AMIA AMIA မှ ရေးသား

အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားအပေါ် အခြေခံနေသည့် မြန်မာ့လယ်ယာပို့ကုန်များမှာ ဈေးနှုန်းအပြောင်းအလဲ များပြားနေသည်။ 

အိန္ဒိယနိုင်ငံမှ ဝယ်လိုအားပျော့ခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေး အနည်းငယ် ကျဆင်းလာချိန်တွင် တရုတ်ကုန်သည်များ၏ ဝယ်လိုအား မျှော်လင့်ချက်ကြောင့် ပဲတီစိမ်းဈေးမှာမူ မာနေသည်။

ဈေးတက်နေသော ပဲတီစိမ်း

မုန့်စားပွဲတော်နှင့် မြင့်တက်လာသော အပူရှိန်ဒဏ်ကို ခံနိုင်ရည်ရှိစေရန် တရုတ်လူမျိုးများက နွေရာသီတွင် ပဲတီစိမ်းကို ပိုမိုစားသုံးလေ့ရှိပြီး ဝယ်လိုအားလည်း တိုးတက်လေ့ရှိသည်ဟု သုံးသပ်မှုများ ရှိနေသည်။ ထို့ကြောင့် လက်ရှိတွင် ပဲတီစိမ်း ဝယ်လိုအားကောင်းကာ ဈေးတန်းမှာလည်း ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးရာသီနှင့် ဆောင်းရာသီ၌ စိုက်ပျိုးသော ပဲတီစိမ်းကို တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ တန်ချိန် သုံးသိန်းခွဲကျော် တင်ပို့ထားသော ပဲတီစိမ်းမှာ လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပဈေးနှုန်းများ မြင့်တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB (free on board) ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင် ဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၂၀ - ၉၃၀ ဈေးဖွင့်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် ပဲတီစိမ်း (အညာ) FAQ မှာ ဒေါ်လာ ၉၄၀ - ၉၅၀ သို့ ဈေးပြောင်းသွားသည်။ ပဲတီစိမ်း (ရွှေဝါ) FAQ ကလည်း တစ်တန်လျှင် ဒေါ်လာ ၁,၀၂၀ - ၁,၀၃၀ မှ ၁,၀၄၀ - ၁,၀၅၀ သို့ ဈေးပြောင်းသွားသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်တွင်းဈေးမှာလည်း အမျိုးအစားအလိုက် မြင့်တက်လာပြီး ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၅,၈၃၀ - ၅,၈၅၀ မှ ၆,၀၀၀ - ၆,၀၂၀ သို့ ဈေးပြောင်းသွားသည်။ သို့သော် ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါမှာ တစ်ပိဿာလျှင် ကျပ် ၆,၆၆၅ နှင့် ပဲတီစိမ်း ဝါးခယ်မ (FAQ) မှာ တစ်ပိဿာလျှင် ကျပ် ၅,၈၃၀ - ၅,၈၅၀ ဖြင့် ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) သစ် တစ်တန်လျှင် ကျပ် ၄,၇၉၀,၀၀၀ ကျော်မှ ၄,၆၈၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ဈေးထပ်တက်လာသည့် ပြောင်း

မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်စတင်နိုင်မည့် မျှော်လင့်ချက်ကြောင့် ပြည်တွင်းပြောင်းဈေးမှာ ဆက်တိုက်မြင့်တက်လာသည်။ ယခုရက်သတ္တပတ်တွင် ပြောင်းဈေးမှာ ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ မြင့်တက်လာပြီး ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးမှာ တစ်တန်လျှင် ၅ ဒေါ်လာခန့် ဈေးတက်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောင်းတစ်တန်လျှင် ၂၆၀ - ၂၇၀ ဒေါ်လာ ဈေးဖွင့်ခဲ့သော်လည်း ယခုရက်သတ္တပတ်တွင် တစ်တန်လျှင် ၂၆၅ - ၂၇၅ ဒေါ်လာသို့ ဈေးပြောင်းသွားသည်။

ပြည်ပရောင်းချသည့် ပြောင်းဈေး မြင့်တက်လာသကဲ့သို့ ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးမှာ တစ်ပိဿာလျှင် ၁၀၀ ကျပ်ခန့် ဈေးမြင့်သွားပြီး ကျပ် ၁,၆၈၀ - ၁,၇၀၀ မှ ၁,၇၈၀ - ၁,၈၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင်လည်း ပြောင်းဈေးမှာ သိသာစွာ မြင့်တက်လာပြီး တစ်တန်လျှင် ကျပ် ၂၀,၀၀၀ ကျော် ဈေးမြင့်သွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၀,၀၀၀ ကျော်မှ ၉၈၀,၀၀၀ ကျော်၊ CP ပြောင်း (သစ်) တစ်တန်လျှင် ကျပ် ၉၆၀,၀၀၀ ကျော်မှ ၉၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး၊ အထွက်တိုး ပြောင်းနီမှာ တစ်တန်လျှင် ကျပ် ၁၇ သိန်းကျော် ဈေးဖွင့်ထားသည်။

ကြက်သွန်နီဈေးမငြိမ်

သင်္ကြန်ပိတ်ရက်အလွန်တွင် ဈေးမြင့်တက်ခဲ့သော ကြက်သွန်နီမှာ ယခုရက်သတ္တပတ်တွင် ဈေးတန်းပြန်အေးလာသည်။ သယ်ယူပို့ဆောင်ရေး စရိတ်များပြားခြင်းနှင့် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီဈေး မရသည့် အခြေအနေများကြောင့် နယ်ကုန်သည်များအနေဖြင့် ထိန်း၍ တင်ပို့ရန် အကြံပြုမှုများလည်း ရှိနေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီမှာ ပြည်ပရောင်းချသည့် FOB ဈေးငြိမ်နေပြီး ပြည်တွင်းဈေးမှာမူ ကျရိပ်သန်းနေသည်။

ကြက်သွန်နီ ပြည်ပရောင်းချသည့် FOB ဈေးမှာ ကြက်သွန်နီ (2026 crop) တစ်တန်လျှင် ဒေါ်လာ ၂၈၅ မှ ၄၀၀ အကြား ဈေးဖွင့်ထားသည်။ ပြည်တွင်းကြက်သွန်နီဈေးမှာ ဆိတ်ဖြူ (ရှယ်) တစ်တန်လျှင် ကျပ် ၂,၁၀၀ မှ ၂,၀၀၀၊ မုံရွာ (ရှယ်) တစ်တန်လျှင် ကျပ် ၂,၀၀၀ မှ ၁,၉၀၀၊ မြစ်သား (မျိုးမှား) ရှယ်မှာ တစ်တန်လျှင် ကျပ် ၂,၂၀၀ ဈေးဖွင့်ထားသည်။

ဈေးကျလာသည့် မတ်ပဲ

အိန္ဒိယနိုင်ငံမှ ဝယ်လိုအား ပျော့လာခြင်းနှင့်အတူ ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးမှာ ယခုရက်သတ္တပတ်၌လည်း ထပ်မံကျဆင်းလာသည်။ ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ (CNF) ဈေးမှာ တစ်တန်လျှင် ၂၅ ဒေါ်လာခန့် ဈေးကျသွားသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ (2026 crop) FAQ တစ်တန်လျှင် ဒေါ်လာ ၈၄၅ မှ ၈၂၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ၈၃၅ သို့ ဈေးပြောင်းသွားသည်။

ထိုအခြေအနေကြောင့် မြန်မာနိုင်ငံဈေးကွက်တွင်လည်း မတ်ပဲ FOB ဈေးသာမက ပြည်တွင်းဈေးပါ ကျဆင်းစေသည်။ ယခုရက်သတ္တပတ် မတ်ပဲ FOB ဈေးမှာ FAQ တစ်တန်လျှင် ဒေါ်လာ ၇၉၀ - ၈၀၀ မှ ၇၈၅ - ၇၉၅ သို့ ဈေးပြောင်းပြီးမတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၈၅ - ၈၉၅ မှ ၈၈၀- ၈၉၀ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲပြည်တွင်းဈေးမှာလည်း FAQ တစ်တန်လျှင် ကျပ် ၃,၁၂၁,၀၀၀ မှ ၃,၁၁၇,၀၀၀ သို့ ဈေးပြောင်းပြီး SQ မှာမူ တစ်တန်လျှင် ကျပ် ၃,၄၅၇,၀၀၀ ဖြင့် ဈေးငြိမ်နေသည်။

ပဲစင်းငုံလည်း ဈေးကျနေ

အိန္ဒိယဈေးကွက်သို့ အဓိကထား တင်ပို့နေသည့် ပဲစင်းငုံမှာလည်း ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေး ကျဆင်းလာသည်။ အိန္ဒိယဈေးကွက်အတွင်း စားသုံးသူများ၏ ဝယ်အားပျော့ခြင်း၊ အာဖရိက ပဲစင်းငုံများနှင့် ဈေးကွက်ယှဉ်ပြိုင်နေရခြင်းတို့ကြောင့် မြန်မာပဲစင်းငုံ CNF ဈေးမှာ တစ်တန်လျှင် ၁၅ ဒေါ်လာခန့် ဈေးကျဆင်းလာခြင်းဖြစ်သည်။

အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ (အဟောင်း) တစ်တန်လျှင် ဒေါ်လာ ၈၃၀ မှ ၈၁၅၊ ပဲစင်းငုံ (အသစ်) တစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ၈၃၅ သို့ ဈေးပြောင်းသွားသည်။ မြန်မာနိုင်ငံဈေးကွက်တွင်မူ ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးမှာ ပဲစင်းငုံ (အဟောင်း) တစ်တန်လျှင် ဒေါ်လာ ၇၄၀ - ၇၅၀၊ ပဲစင်းငုံ (အသစ်) တစ်တန်လျှင် ဒေါ်လာ ၇၇၀ - ၇၈၀ ဖြင့် ဈေးငြိမ်နေသည်။ ရန်ကုန်ဈေးကွက်အတွင်း ပဲစင်းငုံ (နီ) ပြည်တွင်းဈေးမှာ တစ်တန်လျှင် ကျပ် ၃၁ သိန်းမှ ၃,၀၉၀,၀၀၀ သို့ ဈေးပြောင်းသွားပြီး၊ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ် တစ်တန်လျှင် ကျပ် ၂၉ သိန်းကျော်ဖြင့် ဈေးငြိမ်နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်