ပို့ကုန်ပဲများဈေး လျော့ကျလာသော်လည်း ထိုင်းကုန်သည်များအပါအဝင် ပြည်ပတင်ပို့သူများ၏ ဝယ်လိုအားကြောင့် ပြောင်းဈေး မြင့်တက်လာသည်။ အိန္ဒိယပြည်တွင်း ဝယ်လိုအားမျှော်လင့်ချက်တရုတ်နိုင်ငံ၏ လိုအပ်ချက်နှင့် ကုန်သည်များ၏ အားထားဝယ်ယူမှုက မြန်မာ့လယ်ယာပို့ကုန်များ၏ ဈေးနှုန်းအပြောင်းအလဲအပေါ် သက်ရောက်မှုများ ရှိနေသည်။
မြန်မာတွင် ဈေးကျနေသည့် မတ်ပဲ
အိန္ဒိယနိုင်ငံအတွင်း စားသုံးမှုများသည့် မတ်ပဲသည် ယခုရက်သတ္တပတ် မြန်မာနိုင်ငံဈေးကွက်တွင် ဈေးကျသော်လည်း အိန္ဒိယဈေးကွက်တွင် ဈေးတက်ရန် အားယူနေသည်။ ယခုရက်သတ္တပတ် (မေလ ၂၅ ရက်မှ ၂၇ ရက်အတွင်း) IPGA (India Pulses and Grains Association) ၏ ဈေးနှုန်းဖော်ပြချက်အရ အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF ဈေးက မတ်ပဲ FAQ အမျိုးအစား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၈၁၀ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲ SQ မှာ တစ်တန်လျှင် ဒေါ်လာ ၈၉၀ ဖြင့် ဈေးငြိမ်နေပြီး ဘရာဇီးမတ်ပဲက တစ်တန်လျှင် ဒေါ်လာ ၈၆၀ ဈေးဖွင့်သည်။
မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲ FOB ဈေးနှင့် ပြည်တွင်းဈေးက အကျဘက်သို့ ဦးတည်နေသည်။ မတ်ပဲ ပြည်ပရောင်းချသည့် FOB (Freight on Board) ဈေးက မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၆၅ / ၇၇၅ မှ ၇၆၀ / ၇၇၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၅၀ / ၈၆၀ မှ ၈၅၀ / ၈၅၅ သို့လည်းကောင်း ဈေးပြောင်းသွားသည်။
မတ်ပဲ ပြည်တွင်းဈေးကလည်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၆၀,၀၀၀ မှ ၃,၀၄၆,၀၀၀ သို့ ဈေးပြောင်းပြီး မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၃၈၀,၀၀၀ မှ ၃,၃၅၆,၀၀၀ သို့ ဈေးပြောင်းသွားသည်။
ပဲတီစိမ်းဈေး ထပ်မံကျဆင်းနေ
တရုတ်အဝယ် အားပျော့မှုနှင့်အတူ ပဲတီစိမ်းသည် ပြည်ပဈေးသာမက ပြည်တွင်းဈေးပါ ကျဆင်းနေသည်။ ယခုလအတွင်း ပဲတီစိမ်းဈေး ဆက်တိုက်ကျဆင်းမှုက စိုက်ပျိုးသူတောင်သူများနှင့် ကုန်သည်များအတွက် စိတ်ပျက်စရာ ဖြစ်လာသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၃၀ မှ ၈၀ အကြား ဈေးကျဆင်းသွားသည်။ ပဲတီစိမ်း (အညာ) FAQ တစ်တန်၏ FOB ဈေးက ဒေါ်လာ ၈၉၀ / ၉၀၀ မှ ၈၆၀ / ၈၇၀ သို့ ဈေးပြောင်းသွားပြီး ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်၏ FOB ဈေးက ဒေါ်လာ ၁,၀၄၀ / ၁,၀၅၀ မှ ၉၆၀ / ၉၇၀ သို့ ဈေးပြောင်းသွားသည်။
ပဲတီစိမ်း ပြည်တွင်းဈေးက ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၅,၅၀၀ / ၅,၅၂၀ မှ ၅,၂၅၀ / ၅,၂၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၆,၁၆၅ မှ ၆,၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲတီစိမ်း (ဝါးခယ်မ FAQ) တစ်ပိဿာလျှင် ကျပ် ၅,၃၃၀ / ၅,၃၅၀ မှ ၅,၂၅၀ / ၅,၂၇၀ သို့လည်းကောင်း ဈေးပြောင်းသွားသည်။ ထို့ပြင် မန္တလေးဈေးကွက်တွင်လည်း ပဲတီစိမ်း (အညာ) သစ်တစ်တန်လျှင် ကျပ် ၃,၅၉၀,၀၀၀ ကျော်မှ ၃,၂၆၀,၀၀၀ ကျပ်သို့ ဈေးပြောင်းသွားသည်။

မြေပဲ ပြည်ပဈေးကျ
ဆီထွက်သီးနှံအမျိုးအစားဖြစ်သည့် မြေပဲသည် ပြည်ပဝယ်လိုအား ပျော့ခြင်းကြောင့် FOB ဈေးကျလာသည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ (လုံးဆန်) ၏ FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၉၀ ခန့် ဈေးကျဆင်းသွားသည်။ မြေပဲ (လုံးဆန်) FOB တစ်တန်လျှင် ဒေါ်လာ ၁,၈၀၅ / ၁,၈၁၅ မှ ၁,၇၁၅ / ၁,၇၂၅ သို့ ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးက အမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲများ ရှိလာသည်။ လုပ်ငန်းသုံးရန် ဆီစက်များ၏ ဝယ်လိုအားကြောင့် မြေပဲအမျိုးအစားအချို့ ဈေးအနည်းငယ်ကျသကဲ့သို့ အချို့သော မြေပဲအမျိုးအစားများမှာ ဈေးမြင့်လာသည်။ မြေပဲ S1 (လုံးဆန်) က တစ်တန်လျှင် ကျပ် ၆,၅၅၀,၀၀၀ ကျော်မှ ၆,၇၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး၊ S1 ဆီဆန်က တစ်တန်လျှင် ကျပ် ၆,၇၃၀,၀၀၀ ကျော်မှ ၆,၁၂၀,၀၀၀ ကျော်သို့ ဈေးကျသွားသည်။ မြေပဲအနီ လုံးဆန်က တစ်တန်လျှင် ကျပ် ၆,၄၃၀,၀၀၀ ဖြင့် ဈေးငြိမ်နေသည်။
ပဲပုပ်ဈေးအပြောင်းအလဲ
ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်း၌ အဓိကစားသုံးသည့် ပဲပုပ်သည် ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ် ကျလာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုးက တစ်ပိဿာလျှင် ကျပ် ၈,၁၆၅ / ၈,၄၂၀ မှ ၈,၀၀၀ / ၈,၁၇၀ သို့လည်းကောင်း၊ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုးက တစ်ပိဿာလျှင် ကျပ် ၇,၈၃၀ / ၈,၀၀၀ မှ ၇,၆၆၅ / ၇,၈၃၅ သို့လည်းကောင်း ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင် ပဲပုပ်က လက်ကျန်နည်းသော်လည်း လုပ်ငန်းသမားအဝယ်ပျော့ခြင်းကြောင့် အမျိုးအစားအချို့ ဈေးကျလာသည်။ ယခုရက်သတ္တပတ်တွင် ပဲပုပ် (ဗမာ) တစ်တန်လျှင် ကျပ် ၅၀,၀၀၀ ကျော် ဈေးကျသွားပြီး ပဲပုပ် (ရှမ်း) က ဈေးငြိမ်နေသည်။ ပဲပုပ် (ဗမာ) တစ်တန်လျှင် ကျပ် ၄၆ သိန်းကျော်မှ ၄,၅၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး ပဲပုပ် (ရှမ်း) တစ်တန်လျှင် ကျပ် ၄,၄၈၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ဈေးထပ်မံမြင့်တက်လာသည့် ပြောင်း
ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူမည့် သတ်မှတ်ချိန် ကုန်ဆုံးရန် နီးကပ်လာသဖြင့် ဝယ်လိုအားကောင်းနေပြီး ပြည်တွင်းပြည်ပဈေးလည်း ထပ်မံမြင့်တက်လာသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးက ထပ်မံမြင့်တက်လာသည်။ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၅ / ၂၈၅ မှ ၂၈၀ / ၂၉၀ သို့ ဈေးပြောင်းသွားသည်။ ပြည်တွင်းပြောင်းဈေးကလည်း ဆက်လက်မြင့်တက်နေပြီး ပြောင်းတစ်ပိဿာလျှင် ၁,၈၃၀ / ၁,၈၅၀ ကျပ်မှ ၁,၈၀ / ၁,၉၀၀ ကျပ်သို့ ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင်လည်း ပြောင်းအမျိုးအစားအချို့ ဈေးတက်လာသည်။ ပြောင်းတစ်တန်လျှင် ကျပ် ၁၀,၀၀၀ ကျော် ဈေးမြင့်တက်သွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၀,၀၀၀ ကျော်မှ ၉၆၃,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ သို့သော် CP ပြောင်းသစ်တစ်တန်လျှင် ကျပ် ၉၈၆,၀၀၀ ကျော်၊ အထွက်တိုးပြောင်းနီတစ်တန်လျှင် ကျပ် ၁,၉၆၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။