ဖိလစ်ပိုင်သို့ ထိုင်းဆန်တင်ပို့မှု နှစ်ဆ မြင့်တက်လာဖွယ်ရှိ

21/02/2023 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ပြိုင်ဘက် ဗီယက်နမ်ရဲ့ ဆန်တင်ပို့နိုင်စွမ်း ကျဆင်းလာတာကြောင့် ယခုနှစ်မှာ ဖိလစ်ပိုင်ဈေးကွက်ကို ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု နှစ်ဆအထိ မြင့်တက်လာနိုင်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဆန်တန်ချိန် ၃ ဒသမ ၇ သန်း တင်သွင်းပြီး ကမ္ဘာမှာ ဆန်တင်သွင်းမှုဒုတိယအများဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။

ယခု ၂၀၂၃ မှာလည်း တင်သွင်းပမာဏဟာ အရင်နှစ်နဲ့ မတိမ်းမယိမ်း ရှိနိုင်ပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စားသောက်ကုန်ပြတ်လပ်မှု ကြုံတွေ့နေရတဲ့ဖိလစ်ပိုင်ဟာ ဆန်တန်ချိန် ၁၂ ဒသမ ၄ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိပြီး နိုင်ငံရဲ့ဆန်လိုအပ်ချက်ကတော့ တန်ချိန် ၁၅ ဒသမ ၈ သန်းအထိ ရှိနိုင်နိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဖိလစ်ပိုင်တင်သွင်းခဲ့တဲ့ ဆန် စုစုပေါင်းအနက် ၉၀ ရာခိုင်နှုန်းဟာ ဗီယက်နမ်ဆီကဖြစ်ပြီး ကျန်ပမာဏကိုတော့ ထိုင်းနိုင်ငံဆီက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်ဟာ ထိုင်းထက် ဆန်ဈေး ပိုသက်သာသလို ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးပိုကောင်းတာကြောင့် ဖိလစ်ပိုင်ဆီ ဆန်တင်ပို့မှုအများဆုံးအဖြစ် နှစ်များစွာ ရပ်တည်လာခဲ့ပါတယ်။

“ယခုနှစ်မှာတော့ ဗီယက်နမ်ရဲ့ ဆန်ထုတ်လုပ်မှု နည်းလာနိုင်တာကြောင့် ဖိလစ်ပိုင်အနေနဲ့အနေနဲ့ ထိုင်းဆန်ကို တိုးမြှင့်ဝယ်ယူလာဖို့ရှိတယ်” ဆိုပြီး ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswong က ပြောပါတယ်။

ဗီယက်နမ်မှာ ၂၀၂၂-၂၃ ရာသီအတွင်း ဆန်စပါးစိုက်ပျိုးဧရိယာ သုံးရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဆန်ထုတ်လုပ်မှု နှစ်အလိုက် တစ်ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန် ၂၇ သန်းသာ ရှိနိုင်ပါတယ်။ ယခုနှစ် ဗီယက်နမ် ဆန်စားသုံးမှုကတော့ အရင်နှစ်ကအတိုင်း တန်ချိန် ၂၁ ဒသမ ၅ သန်း ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ် ဆန်တင်ပို့နိုင်မှုပမာဏ တန်ချိန် ၆ သန်းသာ ရှိနိုင်ပြီး ၂၀၂၂ ခုနှစ်က တင်ပို့အား တန်ချိန် ၇ ဒသမ ၁ သန်းထက် လျော့နည်းလာပါတယ်။

နောက်ထပ်ပြဿနာတစ်ခုကတော့ စပါးကို ရေသွင်းစိုက်ပျိုးနိုင်မှုနည်းတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး မိုးခေါင်နေခဲ့အချက်အချက်ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဗီယက်နမ်ဆီမှာ ဆန်ရောင်းအား တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တာက ကမ္ဘောဒီးယားဆီကနေ နှစ်စဉ် ဆန်တန်ချိန် တစ်သန်းလောက် မှောင်ခိုဝင်နေခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် ဗီယက်နမ်ဟာ တစ်နှစ်ကို ဆန်တန်ချိန် ခုနစ်သန်း၊ ရှစ်သန်းလောက် ပြည်ပတင်ပို့နိုင်တာပါ” လို့ Chookiat က ပြောပါတယ်။ “ဒါပေမယ့် ဒီနှစ်မှာတော့ ကမ္ဘောဒီးယားဆီက ဆန်တွေ ဝင်လာပြီး ဗီယက်နမ်ပို့ကုန်ကို အထောက်အပံ့ပြုနိုင်ဖွယ်မရှိပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

ဗီယက်နမ်မှာ ဆန်ရောင်းအား နည်းနေတဲ့အတွက် ယခုနှစ် ဇန်နဝါရီလအတွင်း တန်ချိန် လေးသိန်းသာ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၂၀ ဒသမ ၉ ရာခိုင်နှုန်း နိမ့်ကျခဲ့တယ်လို့ ဗီယက်နမ်စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဆည်တွေမှာ ရေပြည့်လျှံနေပြီး နွေစပါးစိုက်ပျိုးရေးအဆင်ပြေနိုင်တာကြောင့် ယခုနှစ် ဆန်စပါး အထွက်ကောင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းဟာ ၂၀၂၂-၂၃ ရာသီမှာ ဆန်တန်ချိန် ၂၀ ဒသမ ၂ သန်း ဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းရာ ယခင်ရာသီရဲ့အထွက် တန်ချိန် ၁၉ သန်းထက် ပိုများလာမှာဖြစ်ပါတယ်။ ပြည်တွင်းဆန်စားသုံးအားက တန်ချိန် ၁၂ သန်းရှိပြီး ကျန်ပမာဏကို ပြည်ပတင်ပို့နိုင်မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ ယခုနှစ် ဒုတိယသုံးလပတ် (ဧပြီ-မေ-ဇွန်) အတွင်း ဆန်ဝယ်ယူရရှိရေး ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေဆီ လာရောက်ဆက်သွယ်ထားနှင့်ကြပြီဖြစ်ကြောင်း ထိုင်းဆန်လုပ်ငန်းရှင်တွေက ပြောထားပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ ၁၄ နှစ်အတွင်း အမြင့်ဆုံးထိ တက်လာတဲ့အခြေခံစားသောက်ကုန်ဈေးတွေကို ထိန်းချုပ်ဖို့ ကြိုးစာလျက်ရှိချိန် ဖိလစ်ပိုင်ဝယ်လက်တွေက ထိုင်းဆန်ကို ပြောင်းလဲဝယ်ယူဖို့ လုပ်လာကြတာပါ။

ဖိလစ်ပိုင်ကုန်ဈေးနှုန်းတွေဟာ ဇန်နဝါရီလအတွင်းမှာ ၂၀၀၈ နိုဝင်ဘာနောက်ပိုင်း အမြင့်ဆုံးစံချိန်အဖြစ် ၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျုနီယာက သကြား၊ ကြက်သွန်တို့လို့ ပြည်တွင်းမှာ ပြတ်လပ်နေတဲ့ စားသောက်ကုန်စည်တွေ တိုးမြှင့်တင်ပို့ခွင့်ပြုဖို့ သဘောတူညီထားပါတယ်။

“ဖိလစ်ပိုင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ပြည်တွင်းလိုအပ်ချက် ဖြည့်တင်းရေးနဲ့ ကုန်စည်ဈေးထိန်းချုပ်ရေးအတွက် ထိုင်းဆီက ဆန်ကို ဝယ်ယူဖို့ ဖြစ်လာတာပါ” လို့ ထိုင်းနိုင်ငံက ဆန်ကုန်သည်တစ်ယောက်က ပြောပါတယ်။ ဖိလစ်ပိုင်ဆီ မြင့်တက်လာမယ့်ဝယ်လိုအားကြောင့် ထိုင်းဟာ ၂၀၂၃ အတွင်း ဖိလစ်ပိုင်ထံ ဆန်တန်ချိန် သုံးသိန်းအထိ တင်ပို့နိုင်ဖွယ်ရှိပြီး အရင်နှစ်က တင်ပို့ခဲ့တဲ့ပမာဏထက် နှစ်ဆနီးပါး မြင့်တက်လာမှာ ဖြစ်ပါတယ်။

အခုလို ဖိလစ်ပိုင်ဘက်က တက်လာမယ့် ဝယ်လိုအားသစ်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီက မှာယူနေကျ အော်ဒါတွေ ရှိနေပေမယ့် ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းကတော့ ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း ထိုင်းဆန်တင်ပို့ပမာဏကို အရင်နှစ်ကအတိုင်း မပြောင်းလဲဘဲ တန်ချိန် ၇ ဒသမ ၅ သန်း ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

“ဒါက သမားရိုးကျမှန်းခြေတစ်ခုပါ။ တကယ်တော့ ကျွန်တော်တို့မှာ တင်ပို့စရာ ဆန်တန်ချိန် ၈ ဒသမ ၂ သန်းလောက် ကျန်နေပါတယ်။ ထိုင်းက တစ်နှစ်ပတ်လုံး ဆန်စပါး စိုက်နိုင်တာဆိုတော့” လို့ Chookiat က ပြောပါတယ်။

ဆန်အသင်းအနေနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဆန်ထုတ်လုပ်မှုမြင့်တက်နိုင်ခြေ ဒါမှမဟုတ် ဝယ်လိုအားသစ်တွေ ရှိလာမယ်ဆိုရင် ၂၀၁၃ ခုနှစ် ဆန်တင်ပို့ပမာဏခန့်မှန်းချက်ကို ပြင်ဆင်တိုးမြှင့်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Thai rice exports to Philippines set to double as Vietnam cuts back - NIKKEI Asia

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်