အစားအသောက်များ ပြုလုပ်ရာတွင် အခြေခံ နည်းစနစ်များ (သစ်သီးယို)

Photo - google

၁။ ရွေးချယ်ခြင်း

လတ်ဆတ်သော သီးနှံများ (ဥပမာအားဖြင့် သရက်သီးစိမ်း၊ သင်္ဘောသီးစိမ်း၊ ခရမ်းချဉ်သီး အမှည့်၊ ဇီးသီး အမှည့်) ဖြစ်ရပါမည်။ အရသာနှင့် ပြည်စုံ၍ အနာကင်းသောအသီးများ ဖြစ်ရပါမည်။ သုံးမည့် အိုးခွက်များသည် အဝကျယ်၍ အနက်တိမ်သော အိုးနှင့် ရိုးရိုးအိုးတို့ကို အသုံးပြုရပါသည်။ အလျူမီနီယံ အိုးနှင့် စတီးအိုးများ ဖြစ်ပါက ပိုကောင်းမွန်ပါသည်။ သံအိုးနှင့် သွပ်အိုးတို့သည် အနံ့နှင့် အရောင်ကို ပျက်စီးနိုင်ပါသည်။ ကြေးအိုးကို အသုံးပြုလျှင် ဗီတာမင်ဓာတ်ကို ပျက်စီးနိုင်ပြီး အနံ့မှာလည်း ကြေးညိုနံ့ ရှိသည်။ အသုံးပြုသော ယောင်းမ၊ ဇွန်းကြီး၊ ဇွန်းသေးတို့မှာ သစ်သား (သို့) စတီးများ ဖြစ်ရပါမည်။ ဝါးဇကာတို့ကိုလည်း အသုံးပြုနိုင်ပါသည်။ 

၂။ အသီးများကို ပြုပြင်ခြင်း

အသီးများ၏ သဘာဝကို လိုက်၍ ထုံးစိမ်ခြင်း၊ ကျောက်ချဉ်ရည်စိမ်ခြင်း၊ ရေနွေးတွင် ထည့်ပြုတ်ခြင်းတို့ပြုလုပ်ရမည်။ ထုံးစိမ်ခြင်းသည် အဖန်ဓာတ်၊ အချဉ်ဓာတ်လျှော့စေပြီး ကြွတ်ရွသော သတ္တိ ရှိစေပါသည်။

ရေနွေးတွင် ထည့်ပြုတ်ခြင်းသည် အသီးအသားများကို ပျော့ပြောင်းစေရန်အတွက် လည်းကောင်း၊ အဖန်၊ အပူဓာတ်တို့လျှော့နည်းစေရန် ထုံးစိမ်ထားသော အသီးများတွင် ကပ်နေသော ထုံးများပျော်ဝင် စေရန်ဖြစ်သည်။

ဆားစိမ်ခြင်းသည် အပူဓာတ်နှင့် အငန်ဓာတ်လျော့နည်းစေပြီး ကျောက်ချဉ်ရည်စိမ်ခြင်းသည် အသီးအသားများကို မာစေရန် ကြွပ်စေရန်နှင့် အသားကျစ်စေရန် ဖြစ်ပါသည်။

၃။ ရေထည့်ခြင်း

အသုံးပြုသောရေသည် သန့်ရှင်းစင်ကြယ်သော ရေသွက် ဖြစ်ရမည်။ ရေစေးလွန်းပါက ကြိုချက်ပြီးမှ သုံးသင့်ပါသည်။ ရေထည့်နည်းလျှင် အသီးပျော့ပြောင်းမှုနဲသွားပြီး သကြားနှင့် ယိုထိုးရာတွင် အသီးခွံများ ကြွပ်သွားနိုင်၍ အနံ့အရသာကို ပျက်စီးစေပါသည်။ ရေများလျှင်လည်း ရေခမ်းရန် အချိန်ကြာပြီး အရောင်နှင့် ဗီတာမင်များ ပျက်စီးစေပါသည်။

၄။ အချဉ်ဓာတ်ထည့်ခြင်း

အသီးအနှံကိုလိုက်၍ အချဉ်ဓာတ် ထည့်ပေးရမည်။ မူလ အချဉ်ဓာတ်ရှိလျှင် ထည့်စရာ မလိုသော်လည်း ခဲအားမကောင်းသော အသီးများအတွက် ပြင်ပမှ အချဉ် ထည့်ပေးရမည်။ အချဉ်ဓာတ်ကို အသီး အသား ပျော့ပြောင်းသွားမှ ထည့်ရသည်။ အချဉ်ဓာတ် ထည့်ခြင်းသည် အရသာ ပိုမိုကောင်းမွန်သည့်အပြင် အရောင်အသွေးတောက်ပမှုပို၍ ကောင်းပါသည်။ အချဉ်ခဲ၊ သံပုရာရည်တို့ကို အသုံးပြုပါသည်။

၅။ ခဲစေသည့် ပစ္စည်းထည့်ခြင်း

အသီးအနှံနှင့် ယိုအမျိုးအစားပေါ် မူတည်၍ ခဲစေသည့် ပစ္စည်းတို့ကို ထည့်ရပါသည်။ သီးနှံတချို့တွင် ခဲစေသည့် ပစ္စည်းပါသဖြင့် ထည့်စရာ မလိုသော်လည်း အချို့သီးနှံများတွင် ပြင်ပမှ ထည့်သွင်းရပါသည်။ ဥပမာ- ပက်တင်၊ ကျောက်ကျော၊ ကပ်စေးနှဲ

၆။ သကြားထည့်ခြင်း

အသီး၏ အချိုဓာတ် ပါဝင်မှု အခြေအနေကို လိုက်၍ သကြား ထည့်သွင်းရပါသည်။ အရည် ရွှမ်းလွန်းသော အသီး၊ အချိုဓာတ်ရှိ၍ အသားပျော့သော အသီးများတွင် သကြား ၁၅%-၂၅% အထိထည့်ရ ပါသည်။ အရည်မရွှမ်းဘဲ အချိုဓါတ်မရှိသော အသီး၊အချဉ်ဓါတ်များလွန်းသော အသီးတို့ကို သကြား ၅၀%-၆၀% ထိ ထည့်သွင်းရပါသည်။ သကြားထည့်ခြင်းစောလွန်းပါက အခွံနှင့် အသားမာ သွားခြင်း၊ ရေတွက်ရန် ကြန့်ကြာသဖြင့် ပတ်တင်နှင့် အရောင်အနံများ ပျက်ခြင်း စသည်တို့ ဖြစ်ပေါ်တတ်ပါသည်။

၇။ အရောင်မှုန့်ထည့်ခြင်း

အရောင်အဆင်းမရှိသော သီးနှံများအတွက် စားသောက်ကုန် လုပ်ငန်းသုံး အရောင်မှုန့်ထည့်သွင်း ရပါမည်။ (ဝ.၁% ထက် မကျော်ရ)။ စားသုံးရန် မသင့်သော ဆိုးဆေးများကို သုံးစွဲပါက လူကိုဥပါဒ် ဖြစ်စေပါသည်။

၈။ အနံထည့်သွင်းခြင်း

အနံ့ အရသာ ပြည့်စုံမှု မရှိသော သစ်သီးများအတွက် နှစ်သက်ရာ အနံ့ကို ထည့်သွင်းနိုင်ပါသည်။ အနံ့ထည့်ရာတွင် များစွာ သုံးစွဲမိပါက အရသာ ခါးစေနိုင်ပါသည်။

၉။ သကြား အစားထိုးပစ္စည်းများ

ထန်းလျက်၊ ကြံသကာ၊ သကာရည်၊ ပျားရည်နှင့် ဆေးသကြားတို့ကို သုံးနိုင်သော်လည်း သကြား ကဲ့သို့အရောင်နှင့် အနံ့အရသာကို ထိန်းသိမ်းနိုင်စွမ်း မရှိပါ။ ဆေးသကြားသည် သကြားထက် များစွာ  ချိုသော်လည်း သုံးစွဲမှု ပမာဏများပါက ခါးခြင်း၊ ချွဲကျပ်ခြင်း တို့ဖြစ်စေပါသည်။

သစ်သီး အမျိုးအစားအလိုက် ကြာရှည်ခံအောင် ပြုလုပ်နည်းများ

(၁) ရိုးရာနည်း

ဆားစိမ်ခြင်း၊ အချဉ်ထည့်ခြင်း၊ ဆားနှင့်ကျောက်ချဉ်ရည်တွင် စိမ်ခြင်း၊ ထန်းလျက်၊ ကြံသကာ၊ သကာရည်တို့ဖြင့် ကြာရှည်ခံအောင် ပြုလုပ်ခြင်း၊ ကြပ်တင်ခြင်း။

(၂) ဓာတုဆေးသုံးနည်း

သကြားနည်းခြင်း၊ ရေကျန်ခြင်း၊ သန့်ရှင်းမှု မရှိခြင်း၊ ထုပ်ပိုးမှု မကောင်းခြင်းတို့ကြောင့် ပျက်စီးတတ်ရာ ဓာတုဆေးများ သုံးစွဲ၍ ကြာရှည်ခံအောင် ပြုပြင်လာကြရသည်။

ဆိုဒီယမ်ဘင်ဇိုအိတ်၊ ပိုတက်စီယမ်မက်တာဘိုင် ဆာလဖိုဒ်၊ ဘင်ဇိအိတ် ဘက်ဆစ် တို့ ဖြစ်ကြပြီး (ဝ.ဝ၅% မှ ဝ.၁% )အထိသာ သုံးရပါမည်။

သက်သက်နွယ်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မြေစမ်းခရမ်းပျိုး"