တရုတ်ကြက်သွန်ဖြူများ ဈေးကွက်သို့ ဝင်ရောက်မှု များလာသည့်အတွက် ပြည်တွင်းထွက် ကြက်သွန်ဖြူများပါ ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။
လက်ရှိကာလ ပုံမှန်နှစ်များတွင် ယခုကဲ့သို့ တရုတ်ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်ချိန် မဟုတ်ကြောင်းနှင့် မထင်မှတ်သည့် အချိန်တွင် ဝင်ရောက်လာသည့်အတွက် ကြူကုတ်ကြက်သွန်ဖြူများအပြင် ဈေးနှုန်းတက်နေသည့် ရှမ်းကြက်သွန်ဖြူများပါ ဈေးနှုန်းကျဆင်းသွားကြောင်း ကုန်သည်အချို့ထံမှ သိရသည်။
"တရုတ်ကြူကုတ်ကြက်သွန်ဖြူက မှန်းထားတာထက်စောပြီး အဝင်မြန်လာတော့ တက်နေတဲ့ ပြည်တွင်းကြက်သွန်တွေပါ ဈေးကျရော။ ဈေးကွက်အရ ကြူကုတ်မရှိရင် ရှမ်းက ထိုးတက်မှာ။ ကြက်သွန်ဖြူထွက်တဲ့နေရာကို ကြက်သွန်ဖြူ ပြန်ဝင်လာရင်တော့ ဈေးက ကျသွားမှာပဲ" ဟု ရှမ်းပြည်နယ်မှ ကုန်စိမ်းရောင်းဝယ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ (ရှမ်း) ထူး-၂ တစ်ပိဿာလျှင် ကျပ် ၄,၈၀၀ ၊ ထူး-၃ တစ်ပိဿာလျှင် ကျပ် ၅,၈၀၀ ၊ ထူး-၄ တစ်ပိဿာလျှင် ကျပ် ၇,၂၀၀ နှင့် ထူး-၅ တစ်ပိဿာလျှင် ကျပ် ၈,၅၀၀ အထိ ပေါက်ဈေးရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။
ယင်းအပြင် တရုတ်နိုင်ငံမှ ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာလျှင် ပြီးခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၁၇,၅၀၀ မှ ကျပ် ၁၃,၀၀၀ အထိ တစ်ပိဿာ ၅၀၀၀နီးပါးခန့်ဈေးနှုန်းသိသိသာသာ ကျဆင်းသွားကြောင်း သိရသည်။

"ပြည်ပက ပြန်သွင်းရတာက ဈေးကွက်လိုအပ်ချက် မလုံလောက်လို့ပါ။ အခုက ပြည်တွင်းထုတ်ကုန်ရှိတဲ့ သီးနှံတွေကို ပြည်ပကနေ ပေးမဝင်သင့်ပါဘူး။ စိုက်ပျိုးတောင်သူတွေ နစ်နာတယ်။ အမှန်က နယ်စပ်က ကုန်အဝင်ကို သေချာစိစစ်သင့်တယ်" ဟု တောင်သူတစ်ဦးက ဆိုသည်။
လက်ရှိ ကြက်သွန်ဖြူဈေးကွက်အနေဖြင့် ဈေးနှုန်းအတက်အကျ တစ်လှည့်စီ ဖြစ်နေဦးမည်ဖြစ်ပြီး ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း၌သာ အမှန်တကယ် ဈေးတန်းအတက် ခိုင်ခိုင်မာမာ ရှိလာမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။
ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့တို့တွင် အဓိကထား စိုက်ပျိုးကြပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကြက်သွန်ဖြူ ပိဿာချိန် သိန်း ၅၀ ခန့် စားသုံးကြကြောင်း သိရသည်။
ပြည်တွင်း၌ ကြက်သွန်ဖြူကို အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် အများဆုံး ထွက်ရှိကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။