စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?

16/06/2026 15:29 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် အင်းလေးဒေသတွေမှာ ကျေးလက်‌‌တစ်နိုင်တစ်ပိုင်မွေးမြူ ရေး သင်တန်းတွေ ပို့ချဖို့ ရောက်ဖြစ်တဲ့အချိန် ဒေသခံ လယ်သမားတွေမှာ ကြုံတွေ့ရတဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခက်အခဲတွေ အများအပြား ကြားသိရပါတယ်။ အဲဒီထဲက တစ်ခုကတော့ ရွှေခရုပြဿနာပါ။ 

ရွှေခရုပြဿနာက စိုက်ပျိုးရေးပြဿနာဆိုပေမယ့် မွေးမြူရေးသမားတစ်ယောက်ရဲ့ ရှုထောင့်ကနေ ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေလည်း ရှာဖွေကြည့်ဖြစ်ပါတယ်။ အများစုကတော့ ရွှေခရုကို ဘဲမွေးမြူရေးနဲ့ တွဲဖက် နှိမ်နှင်းဖို့ တိုက်တွန်းကြပါတယ်။ ဘဲတွေကို လယ်ကွင်းထဲ လွှတ်ကျောင်းခြင်းဖြင့် ဘဲက ခရုကို စားတဲ့အတွက် ဘဲ စာဖိုးကုန်ကျစရိတ် သက်သာသလို ဘဲချေးက လယ်ကွင်းအတွက် မြေသြဇာ ရစေပါတယ်။ ဘဲနဲ့ စပါးပင် အပြန် အလှန် အကျိုးပြုတဲ့နည်းလမ်းပါ။ 

ဒါပေမယ့် လက်တွေ့ဆောင်ရွက်နေကြသူတွေနဲ့ တွေ့ဆုံမေးမြန်းကြည့်တော့ အဲဒီနည်းလမ်းဟာ အလွန် ကောင်း မှန်းသိပေမယ့် သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း  မရှိကြသေးတာကို တွေ့ရပါတယ်။ ဘဲမွေး မြူသူတွေအတွက် ခရုအပါအဝင် ကွင်းစား (လွှတ်ကျောင်းစာ/စားကျက်စာ) ရရှိချိန်မှာ အစာဖိုးသက်သာတာ မှန် ပေမယ့် ကွင်းစာ မရချိန်မှာ ဝယ်ကျွေးရတဲ့ အစာဖိုးစရိတ် ကြီးမားတာရယ်၊ ဘဲဥဈေးက တွက်ခြေကိုက်လောက် အောင် မရကြတာရယ်ကြောင့် ဘဲမွေးသူဦးရေနဲ့ ဘဲကောင်ရေဟာ ရွှေခရုကို ဒေသတစ်ခုလုံး အတိုင်းအတာနဲ့ နှိမ် နှင်းနိုင်ဖို့အထိ မဖြစ်နိုင်သေးတဲ့ အနေအထားလို့ နားလည်ရပါတယ်။ 

နောက်တစ်ချက်ကတော့ ဘဲတွေက ခရု အကောင်ကြီးတွေကို မစားနိုင်တာကြောင့် ခရုကို အမြစ်ဖြတ်ဖို့ ခက်တာပါ။ အချို့လယ်သမားကြီးတွေထံက ကြားသိရတာကတော့ ဘဲတွေဟာ ရွှေခရုဥတွေကိုလည်း မစားကြ ဘူး  ဆိုတဲ့အချက်ပါ။  ဒါကြောင့် ရွှေခရုကို ဘဲအုပ်နဲ့ နှိမ်နှင်းဖို့ ဆိုရင် ခရုရဲ့ ဘဝစက်ဝန်းကို နားလည်ပြီး ပိုက်စိတ် တိုက် နှိမ်နှင်းနိုင်ကာမှ အောင်မြင်နိုင်မယ့်သဘော ဖြစ်တယ်လို့ နားလည်မိပါတယ်။ စာရေးသူ သိထားရသလောက် တော့ ခရုနှိမ်နှင်းဖို့ ဘဲတွေ လွှတ်ကျောင်းသင့်တယ် သိကြပေမယ့် ဘယ်လိုလွှတ်သင့်တယ် ဆိုတာကတော့ ပြောဆိုသံ သိပ်မကြားရပါဘူး။ 

ရွှေခရု၏ ဘဝစက်ဝန်း

ရွှေခရုတွေရဲ့ ဘဝစက်ဝန်းမှာ အရွယ်အစားကိုလိုက်ပြီး ဥအဆင့် (Egg) ၊ ခရုပေါက်အဆင့် (Hatchlings - Rank I) ၊ ခရုငယ်အဆင့် (Juveniles - Rank II) ၊ ခရုကြီးခါနီးအဆင့် (Nearly adult snails - Rank III) နဲ့ အရွယ် ရောက်ပြီး ခရုကြီးအဆင့် (Adults - Rank IV) ဆိုပြီး ခွဲခြားနိုင်ပါတယ်။ 

ဥစုအဆင့် (Egg Clusters) - ခရုမတွေဟာ ပေါင်းပင်တွေ စပါးပင်စည်တွေပေါ်မှာ သူတို့ရဲ့ ဥတွေကို အစု လိုက် (Egg clusters) အဖြစ် ဥလေ့ရှိပါတယ်။ အဲဒီနေရာတွေဟာ နေရောင်ခြည် တိုက်ရိုက်ကျရောက်တာ၊ အပူချိန်လွန်ကဲတာနဲ့ မိုးပြင်းဒဏ်တွေကို ကာကွယ်ပေးရုံသာမကဘဲ၊ အောက်ခြေမှာလည်း ဥ ကပေါက် လာတဲ့ ခရုပေါက်လေးတွေ ရှင်သန်နိုင်ဖို့ ရေတိမ်ရှိတဲ့ အကောင်းဆုံးအနေအထား ဖြစ်ပါတယ်။ ဥလေးတွေ ရဲ့ အရွယ်အစားဟာ ၂ - ၃ မီလီမီတာခန့်သာ ရှိကြပါတယ်။ ဥဘဝမှာ ၇-၄ ရက်ခန့် အချိန်ယူပြီး ဖွံ့ဖြိုးရပါ တယ်။ 

ခရုပေါက်အဆင့် (Hatchlings - Rank I) - ဥစုဘဝနဲ့ ၇ ရက်ကနေ ၁၄ ရက်ခန့်အကြာမှာ ဥတွေကနေ အရွယ်အစားအင်မတန်သေးငယ်တဲ့ ခရုလေးတွေပေါက်လေးတွေ အကောင်ပေါက်လာပါတယ်။ ခရုပေါက် လေးတွေဟာ အလေးချိန်အားဖြင့် ၀.၃ ဂရမ် အောက်သာ ရှိကြပါတယ်။ အရွယ်အားဖြင့်တော့ ၂ မီလီမီ တာကျော်ရုံလေးတွေသာ ရှိကြပါတယ်။ ခရုပေါက်လေးဘဝမှာတော့ သက်တမ်းအားဖြင့် ၁၅ ရက်ခန့် ရှင် သန်ဖွံ့ဖြိုးကြပါတယ်။

ခရုငယ်အဆင့် (Juveniles - Rank II) - ခရုပေါက်ဘဝမှာ ၁၅ - ၂၅ ရက်ခန့် ကြာပြီးတဲ့နောက်မှာတော့ ခရုငယ်အဆင့် ရောက်လာပါပြီ။ အလေးချိန်အားဖြင့် ၀.၃ ဂရမ် (အရွယ်အစားအားဖြင့် ၃ မီလီမီတာ အထက်) ကို စတင်ရောက်ရှိလာကြတာပါ။ အဲဒီနောက် အချိန် ၁ လတာခန့်အတွင်း အလေးချိန် ၁.၅ ဂရမ် (အရွယ်အစား ၂.၅ စင်တီမီတာခန့်) အထိ ကြီးထွားလာကြပါတယ်။  (အရေးကြီးတဲ့ မှတ်သားစရာတစ်ခု ကတော့ ခရုပေါက်အဆင့်နဲ့ ခရုငယ်အဆင့်တွေဟာ ဘဲတွေက အစာအဖြစ်စားသုံးဖို့ရာ အကြိုက်ဆုံး အ ဆင့်တွေပဲ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ အဲဒီအဆင့်တွေဟာ စပါးပင်ပေါက်လေးတွေကို ဖျက်စီးတဲ့ အဆင့်လည်း ဖြစ်ပါတယ်။) 

ခရုကြီးခါနီးအဆင့် (Nearly adult snails - Rank III) - ဒီအဆင့်မှာတော့ ခရုတွေဟာ အရွယ်ရောက်ဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့်တော့ ၁.၅ ဂရမ် နဲ့ ၆.၅ ဂရမ် ကြား ရှိကြပါတယ်။ ဘဲတွေ ဟာ ဒီအဆင့် ခရုတွေကို စားပေမယ့် အကောင်ကြီးတဲ့ ခရုတွေကို သိပ်ပြီး မစားကြတော့ပါဘူး။ တကယ် တော့ ခရုအရွယ်အစား ၂.၅ စင်တီမီတာ ကျော်ပြီဆိုရင် စတင်ပြီး မျိုးပွားနိုင်တဲ့ အရွယ် ရောက်လာကြပြီပဲ ဖြစ်ပါတယ်။ 

အရွယ်ရောက်ပြီး ခရုကြီးအဆင့် (Adults - Rank IV) - အလေးချိန် ၆.၅ ဂရမ် အထက်ရှိသော ခရုကြီးတွေ ကိုတော့ အရွယ်ရောက်ပြီး ခရုကြီးတွေအဖြစ် သတ်မှတ်ပါတယ်။ အရွယ်အစားအားဖြင့် ၂.၅ စင်တီမီတာ ကနေ ၆ စင်တီမီတာကျော် အထိ ရှိနိုင်ပါတယ်။ အဲဒီအဆင့်မှာ ခရုတွေဟာ မိတ်လိုက်ခြင်း (Copulation) နဲ့ ဥအုခြင်း (Oviposition) တွေ လုပ်ဆောင်ပြီး မျိုးပွားကြတာပါ။ 

ရွှေခရုကို နှိမ်နှင်းရန်အတွက် ဘဲများ လွှတ်ကျောင်းသင့်သည့် အချိန်ဇယား

စပါးမစိုက်ပျိုးမီကာလ - စပါးပင်တွေ မစိုက်ပျိုးမီ ၄ ရက်မှ ၅ ရက်ခန့်အလိုမှာ အသက် ၆ လသား အထက် ဘဲအကြီးတွေကို လယ်ကွက်ထဲလွှတ်ပြီး ခရုနှိမ်နှင်းရေးကို စတင်စေသင့်ပါတယ်။ ဘဲကြီးတွေက ရေစပ်စပ် မှာရှိနေတဲ့ ခရုပေါက်တွေ၊ ခရုငယ်တွေကို စားသုံးပစ်ကြပါလိမ့်မယ်။ 

စိုက်ပျိုးပြီးစကာလ - စပါးပျိုးပင်လေးတွေ စိုက်ပျိုးချိန်မှာတော့ လယ်ကွင်းထဲကနေ ဘဲကြီးတွေကို ပြန် ထုတ်ဖို့ လိုပါတယ်။ စိုက်ပျိုးပြီးခါစ စပါးပင်လေးတွေက နုနယ်ပြီး ဘဲကြီးတွေရဲ့ နင်းခြေမှုကို မခံနိုင်မှာ စိုး လို့ ဖြစ်ပါတယ်။  

စပါးပင်များ အမြစ်စွဲပြီးချိန် - စပါးပင်တွေ လယ်ထဲမှာ အမြစ်ကောင်းကောင်းစွဲပြီး ပြန်လည် စိမ်းလန်းလာ တဲ့အချိန် (returning-green stage) ရောက်ပြီဆိုရင်တော့ အသက် ၁၅ ရက်သားရှိသော ဘဲပေါက်လေး တွေကို စပါးခင်းအတွင်း စတင်ပြီးလွှတ်ကျောင်းသင့်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ပညာပေးစာစောင်တွေမှာတော့ စပါးပင်စိုက်ပျိုးပြီး ၂ ပတ်အကြာမှာ အသက် ၁ ပတ် နဲ့ ၃ ပတ်ကြား အ ရွယ် ဘဲငယ်လေးတွေကို လွှတ်ကျောင်းပေးဖို့ အကြံပြုပါတယ်။ 

ဒါ့အပြင် အစပိုင်းရက်တွေ (၃ - ၅ ရက်)မှာ ဘဲငယ်လေးတွေကို လယ်ကွင်းထဲမှာ ၂ နာရီကနေ ၄ နာရီ ကြားပဲ လွှတ်ကျောင်းသင့်တယ်လို့ ဆိုပါတယ်။ တစ်ပတ်ကျော်ရင်တော့ ဘဲတွေကို တစ်နေကုန် လယ် ကွင်းထဲ လွှတ်ထားနိုင်ပြီဖြစ်ပါတယ်။ 

လွှတ်ကျောင်းသင့်တဲ့ ဘဲကောင်ရေကတော့ သုတေသနစာတမ်းတွေ တစ်စောင်နဲ့ တစ်စောင် ကွာခြားမှု ရှိပါတယ်။ ရွှေခရု ဘယ်လောက်ပေါများသလဲ ဆိုတဲ့အပေါ်လည်း မူတည်ပါလိမ့်မယ်။ လယ် တစ်ဟက်တာ မှာ ကောင်ရေ ၂၀ ကနေ ကောင်ရေ ၄၀၀ အထိ ထည့်သွင်းမွေးမြူကြတာ တွေ့ရပါတယ်။ FAO ရဲ့ စီမံကိန်း တစ်ခုမှာတော့ လယ်တစ်ဟက်တာကို ဘဲကောင်ရေ ၁၅၀ ကနေ စတင်ပြီး စမ်းသပ်မွေးမြူတယ်လို့ ဆိုပါ တယ်။ လယ် တစ်ဧက မှာ ဘဲကောင်ရေ ၆၀ ထည့်သွင်းမွေးမြူတာ ဖြစ်ပါတယ်။ ဒါဟာ တကယ်မွေးမြူနိုင် တဲ့ ဘဲကောင်ရေထက် လျော့ပြီး မွေးမြူတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြန်လည်သိမ်းဆည်းချိန် - စပါးနှံများ စတင်ထွက်ရှိလာသည့်အချိန် (heading stage) ရောက်ရင်တော့ ဘဲတွေကို စပါးခင်းထဲကနေ ပြန်လည်ထုတ်ယူရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘဲပေါက် တွေကလည်း သက်တမ်းတစ်ခု ရပြီး အတော်လေး ကြီးထွားနေပြီ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအား ဖြင့် လယ်ကွင်းထဲမှာ ၂ လကျော်လောက် ခရုနှိမ်နှင်းရေး လုပ်ဆောင်ပြီးပြီလည်း ဖြစ်ပါတယ်။ 

အထက်မှာ တင်ပြခဲ့တာတွေကတော့ ရွှေခရုနှိမ်နှင်းရေးမှာ ဘဲမွေးမြူရေးကို စနစ်တကျထည့်သွင်းပေါင်း စပ်နိုင်ဖို့ စဉ်းစားစရာအချက်အလက်တွေကို ရှာဖွေစုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ်။ ခရုအကြောင်း၊ စိုက်ပျိုးရေး အကြောင်း ကျွမ်းကျင်သူမဟုတ်လို့ အခြားသော ရွှေခရုနှိမ်နှင်းနည်းတွေကိုတော့ အကျယ်တဝင့် မတင်ပြနိုင်တာမို့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေထံ မေးမြန်းဆွေးနွေးကြည့်သင့်ပါတယ်။ 

စာရေးသူအနေနဲ့ကတော့ မွေးမြူရေးသမားမို့ ရွှေခရုတွေကို ဘဲတွေအတွက်လွှတ်ကျောင်းစာ အဖြစ်အပြင် အခြားမွေးမြူရေးအစာ အဖြစ် ဘယ်လိုအသုံးချလို့ရနိုင်မလဲ ဆိုတာကို ပိုပြီးအာရုံစိုက်မိပါတယ်။ ရွှေခရုတွေကို မွေး မြူရေးအစာအဖြစ် ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတာနဲ့၊ သူတို့ကနေ ရနိုင်တဲ့ အာဟာရဓာတ်တွေအကြောင်း နောက်ထပ် ဆွေးနွေးတင်ပြသွားပါဦးမယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်