ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့ ထိုင်းက ကျွဲ(ကင်းကောင်)

13/03/2025 10:27 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ရုပ်ရှင်ချစ်သူတွေအတော်များများက King Kong ကို သိကြပါလိမ့်မယ်။ ဂေါ်ရီလာကြီး King Kong ဟာ ဟောလီးဝုဒ် ရုပ်ရှင်ချစ်ပရိတ်သတ်တွေရဲ့ အသည်းစွဲပါပဲ။ မြန်မာ့ရုပ်ရှင်လောကမှာလည်း King Kong နည်းတူ (ဦး)ကင်းကောင် ဆိုတဲ့ ပြည်သူချစ် ဟာသသရုပ်ဆောင် အနုပညာရှင်တစ်ဦး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အခုပြောပြချင်တာက ဟောလီးဝုဒ်ရုပ်ရှင်ထဲက King Kong အကြောင်းမဟုတ်သလို၊ မြန်မာ့ရုပ်ရှင်ထဲက ကင်းကောင်လည်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ကင်းကောင် ပါ။ 

၂၀၂၅ ခုနှစ် ဖေဖောဝါရီလအတွင်းမှာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ် (Guinness World Record Book) က ထိုင်းနိုင်ငံက King Kong (ကင်းကောင်) လို့ အမည်ပေးထားတဲ့ ၃ နှစ်သားအရွယ် ကျွဲထီးတစ်ကောင်ကို ကမ္ဘာအရပ်အမြင့်ဆုံးကျွဲ (World’s Tallest Living Water Buffalo)” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကင်းကောင်ကို ထိုင်းနိုင်ငံ Nakhon Ratchasima မှာရှိတဲ့ Ninlanee ကျွဲခြံမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာ အသက် ၄ နှစ်ပြည့် မွေးနေ့ကို ရောက်ရှိတော့မှာပါ။ 

ကင်းကောင်ရဲ့ အရပ်ဟာ မတ်တပ်ရပ်နေချိန်မှာ ခွာဖျားကနေ ပခုံးစွန်း (ဘို့နေရာ) အထိ ၁၈၅ စင်တီမီတာ (၆ ပေ ၀.၈ လက်မ) မြင့်မားပါတယ်။ ဒါဟာ သူနဲ့ အမျိုးအစားတူတဲ့ ကျွဲတွေရဲ့ ပျမ်းမျှအရပ်ထက် ၅၀ စင်တီမီတာ လောက်ပိုပြီး မြင့်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ မွေးဖွားခါစကတည်းက သူ့ရဲ့အရပ်ဟာ ထူးထူးခြားခြားမြင့်မား နေတာကို ခြံပိုင်ရှင် Suchart Booncharoen က သတိထားခဲ့မိပြီး၊ စနစ်တကျ မွေးမြူထားခဲ့ရာက အခုလို ကမ္ဘာ့အရပ်အမြင့်ဆုံးကျွဲအဖြစ် မှတ်တမ်းတင်ခံရတာ ဖြစ်ပါတယ်။ 

ကင်းကောင်ဟာ အရွယ်အစားကြီးမားပေမယ့် ရိုင်းစိုင်းခက်ထန်ခြင်းမရှိဘဲ၊ လူတွေနဲ့ အင်မတန် ယဉ်ပါးပြီး သခင်စကားကိုလည်း နားထောင်တဲ့ ကျွဲတစ်ကောင် ဖြစ်တယ်လို့ ဆိုပါတယ်။ Ninlanee ကျွဲခြံမှာ ကင်းကောင်ကို ထိန်းကျောင်းရတဲ့ အမျိုးသမီးငယ်လေး Cherpatt Wutti က “ကင်းကောင်ဟာ အမိန့်နာခံတတ်ပြီး လူတွေနဲ့ ဆော့ကစားရတာ နှစ်သက်ပါတယ်။ ကျွန်မတို့အတွက် ကင်းကောင်ဟာ အရွယ်အစားကြီးမားသလောက်၊ စွမ်းအားမြင့်မားတဲ့ အိမ်မွေးအချစ်တော်တိရစ္ဆာန်လေးတစ်ကောင်လိုပါပဲ” လို့ ဆိုပါတယ်။ 

ကင်းကောင်ကို မွေးမြူထားတဲ့ Ninlanee ကျွဲခြံဟာ တကယ်တော့ မြင်းမွေးမြူရေးခြံအဖြစ် အစပြုခဲ့တာ ဖြစ်ပါတယ်။ အခုလည်း မြင်းတွေကို မွေးမြူထားဆဲပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျွဲတွေ မျိုးစပ်မွေးမြူထုတ်လုပ်မှုဘက်ကို အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ကင်းကောင်ကို ပိုင်ဆိုင်လိုက်တာကလည်း ကျွဲမွေးမြူရေးဘက် ကို ထပ်ပြီး အာရုံစိုက်လာစေဦးမှာပါ။ 

ထိုင်းနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအရ ကျွဲတွေဟာ ထူးခြားပြီး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ အခုလို ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးတဲ့ ကာလတွေမှာ ကျွဲတွေဟာ ထိုင်းနိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်နဲ့ သယ်ယူပို့ဆောင်ရေးအတွက် အင်မတန် အသုံးဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အရပ်အမြင့်ဆုံးကျွဲအဖြစ် ဂင်းနစ်မှတ်တမ်းဝင်တဲ့ ကျွဲတစ်ကောင် ပေါ်ထွက်လာခြင်းဟာ Ninlanee ကျွဲခြံအတွက်သာမကဘဲ ထိုင်းနိုင်ငံတစ် နိုင်ငံလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်နေတာပါ။ 

ထိုင်းနိုင်ငံဟာ ကင်းကောင်ကို အသုံးချပြီး ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် ကမ္ဘာ့နိုင်ငံတွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်မှာ ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း ကင်းကောင်က တစ်ခန်းတစ်ကဏ္ဍ ပါဝင်လာဦးမှာ သေချာပါတယ်။ 

ဒါ့အပြင် ကင်းကောင်ရဲ့ မျိုးဗီဇကို ရယူလိုတဲ့ ကျွဲမွေးမြူရေးခြံတွေလည်း ရှိလာနိုင်တာမို့ ကင်းကောင်ဟာ ရုပ်ရှင်ထဲမှာ မပါရင်တောင်မှ ထိုင်းနိုင်ငံရဲ့ အနာဂတ် ကျွဲမွေးမြူရေးကဏ္ဍမှာ အရေးပါတဲ့ ဇာတ်လိုက်ကျော် ဖြစ်လာတော့မှာပါ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်