နွား၏မစင်ကိုကြည့်၍ ကျန်းမာရေးအခြေအနေကိုလေ့လာသုံးသပ်ခြင်း

21/11/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နွား၏ မစင်ကို အဓိကအားဖြင့် 3C ဖြင့်သုံးသပ်နိုင်ပါသည်။ 3 C မှာအရောင် ( Color) ၊ အပျော့အမာ (Consistency) နှင့် ပါဝင်ပစ္စည်းများ (Contents) တို့ဖြစ်ပါသည်။

(က) မစင်၏ အရောင် (Manure Color)

မစင်၏ အရောင်ကို အစာအမျိုးအစား (feed type)၊ အစာခြေရည် ပမာဏ ( bile concentration) ၊ စားလိုက်သော အစာခြေလမ်းကြောင်းအတွင်းမှ ဖြတ်သန်းမှုနှုန်း (passage rate of feedstuffs and digesta ) တို့ကလွှမ်းမိုးထားပါသည်။ မစင်အရောင်သည် အစာစိမ်း (စားကျက်) အစားများသော နွားများတွင် အစိမ်းရင့်ရောင် ( dark green) ဖြစ်နေတတ်ပြီး အစာခြောက် (hay) အစားများသော နွားများတွင် စိမ်းဝါရောင်ရင့်ရင့် (brown olive) ကိုတွေ့ရတတ်ပါသည်။ စုပေါင်းရောစပ်ထားသောအစာ (total mixed ratio-TMR) ကိုကျွေးသော နွားများတွင် အဝါရောင်ဘက်ပိုပါသော စိမ်းဝါရောင် (yellow-olive) ကိုတွေ့ရတတ်ပါသည်။ နွားသည် ဝမ်းလျှောနေပါက မစင်သည် မီးခိုးရောင် (gray) သို့ပြောင်းလဲသွားပြီး ဆေးကုသမှုခံယူနေသော နွားများတွင် ပုံမှန်အရောင်မဟုတ်တော့ပေ။ ဝမ်းကိုက်ခြင်း (water dysentery)၊ မှိုဆိပ်သင့်ခြင်း (mycotoxicosis) နှင့် သွေးဝမ်း (coccidiosis) တို့ကြောင့် အစာခြေလမ်းကြောင်းတွင် သွေးယိုစိမ့်မှုဖြစ်ပါက မစင်အရောင်သည် မည်းနက် သို့မဟုတ် သွေးရောင် (dark or bloody manure) ဖြစ်နေတတ်ပါသည်။ နွားသည် ဝမ်းလျှော (water diarrhea) နေပြီး မစင်အရောင်သည် အစိမ်းနုရောင် ( light green) သိုမဟုတ် အဝါရောင် (yellowish) ဖြစ်နေပါက ဆဲမိုနဲလား (salmonella) ကဲ့သို့သော ဘက်တီးရီးယား ရောဂါပိုးများကြောင့်ဖြစ်နိုင်ပါသည်။

(ခ) မစင်၏ အပျော့အမာအခြေအနေ (Manure consistency)

မစင်၏ အပျော့အမာသည် ရေပါဝင်မှုအပေါ် အဓိကမူတည်နေပြီး အစာ၏ စိုထိုင်းဆ၊ စားလိုက်သော အစာပမာဏနှင့် ခန္ဓာကိုယ်အတွင်း ကြာချိန်တို့နှင့်လည်း ဆက်စပ်နေပါသည်။ ပုံမှန်မစင်သည် မပျော့မမာ ဂျုံဆန်ပြုတ်ကဲ့သို့ ဖြစ်နေပြီး ပုံစံသည် လိပ်ခုံးပုံစံ ( dome-shaped-pile) ဖြစ်နေတတ်ပါသည်။ ဝမ်းလျှောခြင်းသည် အဆိပ်သင့်ခြင်း (poisoning)၊ ကူးစက်ရောဂါ (infection) နှင့် ကပ်ပါးရောဂါ (parasite) တို့ကြောင့် ဖြစ်နိုင်သလို အူမကြီးတွင် ကစီဓာတ်များကို အလွန်အကျွံချေဖျက် နေရပြီး အက်စစ်ဓာတ် ထုတ်လုပ်မှုများနေခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါသည်။ အသားဓာတ်များစွာ စားခြင်း၊ အစာအိမ်အတွင်းချေဖျက်နိုင်သော အသားဓာတ်မြင့်မားနေခြင်းတို့ကြောင့် နွား၏မစင်သည် တင်းတင်းရင်းရင်းမဟုတ်ဘဲ ပုံစံမကျ (loss manure) ဖြစ်နေတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် ပိုလျှံသော အသားဓာတ်များကို ဆီးမှတစ်ဆင့် အပြင်သို့ စွန့်ထုတ်ရန်အတွက် ရေဓာတ် လိုအပ်သောကြောင့် ရေသေောက်နှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့သော မစင်ကို အပူဒဏ်ခံစားနေရသော နွားများတွင် တွေ့ရတတ်ပါသည်။ ရေနှင့် အသားဓာတ်များ ကန့်သတ်ကျွေးထားသော နွားများ၏မစင်သည် တင်းတင်းရင်းရင်းဖြစ်နေတတ်ပါသည်။ ပြင်းပြင်း ထန်ထန် ရေဓာတ်ခန်းခြောက်သောနေသော နွားများ၏ မစင်သည် တင်းရင်းပြီး အလုံးလိုက် ဖြစ်နေ တတ်ပါသည်။ အစာအိမ်နေရာပုံမှန်မဟုတ်သော နွားများ၏မစင်သည် ဖြူဖပ်ဖြူရော် ဖြစ်နေ တတ်ပါသည်။

(ဂ) မစင်တွင်ပါဝင်သော ပစ္စည်းများ

မစင်ထဲတွင် ပါဝင်နေသော ပစ္စည်းများသည် နွားများ၏ အစာချေဖျက်ခြင်းနှင့် အာဟာရ အသုံးချခြင်းတို့ကို ညွှန်ပြနေတတ်ပါသည်။ အကယ်၍ မစင်ထဲတွင် မကြေညက်သော အစေ့အဆန်များနှင့် ၀.၅ လက်မထက် ရှည်လျားသော အမျှင်များများနေလျှင် အစာအိမ်အတွင်း အစာချေဖျက်မှုကျဆင်းနေပြီး အူမကြီးအတွင်းအစာချေဖျက်မှုမြင့်မားနေခြင်းကြောင့်ဖြစ်ပါသည်။ အူမကြီးအတွင်း အစာချေဖျက်ခြင်းသည် အစာအိမ်အတွင်း အစာချေဖျက်ခြင်းကဲ့သို့နွားအတွက် အကျိုးများစွာမရှိပါ။ အစာအိမ်အတွင်း အစာချေဖျက်ပြီးသောအခါ အစာအိမ်နှင့် အူသေးတို့တွင် အာဟာရဓာတ်များကို စုပ်ယူအသုံးချနိုင်သော်လည်း အူမကြီးတွင် အစာချေဖျက်ပြီးသောအခါ ယင်းနေရာတစ်ခုတည်း၌သာ အာဟာရအနည်းငယ်ကိုသာ စုပ်ယူအသုံးချနိုင်သောကြောင့်ဖြစ်သည်။ 

မစင်ထဲတွင် မကြေညက်သောအစာများများလွန်းနေခြင်းသည် နွားများတွင် စားမြုံပြန်ရန်အတွက် လုံလောက်သော အမျှင်ဓာတ်မရရှိခြင်းနှင့် အစာအိမ်အတွင်းမှ အစာများလျှင်မြန်စွာ ဖြတ်သန်းသွားခြင်း တို့ကြောင့်ဖြစ်သည်။ ထို့အပြင် အစာထဲတွင် အသုံးပြုမည့် အစေ့အဆန်များကို ကောင်းမွန်စွာ ကြိတ်ခွဲ မထားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ သေချာကြိတ်ခွဲထားသော်လည်း မစင်ထဲတွင် ပါလာတတ်သည်။ ထို့ကြောင့် ယင်းတို့ကို အနီးကပ်သေချာကြည့်ရှုစစ်ဆေးရန် လိုအပ်ပါသည်။ မစင်ခြောက်သွားသော အချိန်တွင် မျက်နှာပြင်ပေါ်တွင် အဝါရောင်လေးများကိုတွေ့ရတတ်ပါသည်။ မစင်မျက်နှာပြင်ပေါ်တွင် အဖြူရောင်ဖျော့ဖျော့လေးများတွေ့နေရခြင်းသည် မကြေညက်သော ကစီဓာတ်များပါဝင်နေခြင်းကြောင့်ဖြစ်ပြီး ထိုအဖြူရောင်လေးများ၏ ပမာဏသည် ကစီဓာတ်၏ ပမာဏကိုဖော်ပြနေပါသည်။ မစင်တွင် အကျိအချွဲများပါဝင်နေခြင်းသည် အစာခြေလမ်းကြောင်းတွင် နာတာရှည်ရောင်ရမ်းခြင်းနှင့် ဒဏ်ရာတို့ကြောင့်ဖြစ်ပါသည်။ တစ်ခါတစ်ရံ mucin casts ဟုခေါ်သော အကျိအချွဲ သွေးတောင့်ရှည်လေးများကိုတွေ့ရတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည် အူမကြီး ထိခိုက် ပျက်စီး သွားသောကြောင့်ဖြစ်သည်။ မစင်တွင် အမြှုပ်ပူဖောင်းလေးများပါနေခြင်းသည် အူမကြီးတွင် အစာချေဖျက်နှုန်းမြင့်မားနေခြင်း သို့မဟုတ် အက်စစ်ဓာတ်များနေခြင်းတို့ကြောင့် ဓာတ်ငွေ့ထုတ်လုပ် မှုများလာခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါက်တာမင်းအောင်ရေးသားသော နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများ စာအုပ်မှ ကောက်နုတ် ဖော်ပြခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်