ပျိုးပင်ဈေး သိန်းဂဏန်းထိရှိတဲ့ ငါးဥသံပရာ (သို့မဟုတ်) လက်ညှိုးသံပရာ

30/05/2022 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

“ သူက နိုင်ငံခြားမျိုးပဲ။ ကျွန်တော်တို့ရောင်းတာကကျတော့ ယိုးဒယားမျိုး။ အရောင်တွေက အမျိုးမျိုးရှိတယ်။ အကြီးလည်းရနိုင်တယ်။ အသေးလည်းရနိုင်တယ်။ ပြီးတဲ့နှစ်ကဆို ရောင်းမလောက်ဘူး ” 

ငါးဥသံပရာပျိုးပင်တွေကို ရောင်းချပေးနေတဲ့ မန္တလေးမြို့က နှင်းဆီဖြူပျိုးဥယျာဉ်ဆိုင်ပိုင်ရှင် ဒေါ်သိမ့်သိမ့်က ပြောပြတာပါ။

မူရင်းဒေသဩစတျေးလျနိုင်ငံဖြစ်တဲ့ လက်ညှိုးသံပရာဟာဆိုရင် အခုဆိုရင် မြောက်အမေရိကမှာလည်း ကောင်းစွာစိုက်ပျိုး ဖြစ်ထွန်းနေသလို မြန်မာနိုင်ငံ မှာလည်း ပျိုးပင်ရောင်းချမှု အတော်လေးတွင်ကျယ်နေပါပြီ။ 

သူ့ရဲ့အသီးပုံစံက သေးပြီး ရှည်မျောမျောပုံ ရှိပါတယ်။ သခွားပုမျိုးနဲ့ တော်တော်ဆင်တူပါတယ်။ အထဲမှာ ငါးဆားနယ်ဥတွေလို ချဥ်တဲ့ဥတွေက စက်ဝန်းပုံအပြည့်ရှိနေတဲ့အတွက် ငါးဥသံပရာလို့လည်းခေါ်ကြတာဖြစ်ပါတယ်။ 

လက်ညှိုးသံပုရာက အရှည် ၂-၃ လက်မရှိပြီး အလေးချိန်ကလည်း အရွယ်အစားအလိုက် ၁၀-၁၅ ဂရမ်ထိ ရှိနိုင်ပါတယ်။ အရောင်တွေကတော့ ခရမ်းနုရောင်၊ အစိမ်းရင့်ရောင် နဲ့ အစိမ်းနုရောင်တွေရှိပါတယ်။ တခါတလေမှာ နီညိုရောင်လို အသီးတွေကိုလည်း တွေ့ရတတ်ပါတယ်။ အသီးရဲ့အခွံကတော့ ကြမ်းပါတယ်။

“ မြန်မာပြည်ကိုတော့ ခရမ်းနုရောင်၊ ရွှေရောင် မဝင်ဘူး။ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်ဝင်တယ်။ မျိုးရှားတာရော မြန်မာနိုင်ငံရာသီဥတုနဲ့ မကိုက်ညီတာလည်းပါတယ်” လို့ ဒေါ်သိမ့်သိမ့်က ရှင်းပြပါတယ်။

ထူးခြားတဲ့ လက်ချောင်းပုံစံရှိတဲ့ ဒီသံပရာသီးကို အလယ်ကနေ ထက်ပိုင်း ပိုင်းဖြတ်လိုက်တဲ့အခါမှာတော့ စက်ဝန်းအပြည့် သေးငယ်တဲ့ ဥလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အရောင်ကတော့ စိမ်းဝါရောင် ဖျော့ဖျော့လေးဖြစ်ပြီး ပန်းရောင်နီးပါး သမ်းနေတဲ့ အရောင်တွေလည်း ရှိပါတယ်။ နို့နှစ်ရောင်လို ဥတွေ လည်းရှိပါတယ်။ အရသာကတော့ သံပရာချဉ်တဲ့ အရသာပါ။ 

ငါးဥသံပရာကို ခွဲပြီးအထဲက ဥတွေကို ဒီအတိုင်းလည်း စားနိုင်သလို ဟင်းချက်ပြီးတော့လည်း စားနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာ ဆိုရင် ငါးသံပရာရဲ့ အချဉ်အရသာကို လိုချင်လို့ ဆူရှီ၊ ပင်လယ်စာနဲ့ ပါစတာ စတဲ့ အစားအသောက်တွေမှာ ထည့်သွင်းချက်ပြုတ်ကြတယ်လို့ သိရပါတယ်။

အာဟာရတန်ဖိုးအနေနဲ့ ၁၀၀ ဂရမ်ရှိတဲ့ လက်ညှိုးသံပုရာ (၇-၁၀) ချောင်းခန့်မှာဆိုရင် ရေ ၈၈% ၊ ကယ်လိုရီ ၃၀၊ ကာဘိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ ဖိုက်ဘာ ၃ ဂရမ် ပါပါတယ်။ ပရိုတိန်းနဲ့ အဆီကတော့ မပြောပလောက်အောင် ပါဝင်မှုနည်းပါးပါတယ်။ ဗီတာမင်စီကလည်း ၂၉ မီလီဂရမ်ပါဝင်တာကြောင့် လူတစ်ဦးနေ့စဉ်လိုအပ်တဲ့ အာဟာရလိုအပ်ချက် ၃၂ ရာခိုင်နှုန်းပါဝင်တယ်လို့ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာတော့ အဓိကအနေနဲ့ ဆီးချိုသွေးချိုထိန်းနိုင်တယ်လို့ ယူဆကြတာနဲ့ စားကောင်းတာတွေကြောင့် ဝယ်ယူကြတယ်လို့ ဒီသံပရာပျိုးပင်တွေ ရောင်းချပေးနေတဲ့ ဒေါ်သိမ့်သိမ့်က ဆိုပါတယ်။ 

“ အဓိကကတော့ ဆီးချိုသွေးချိုကို ထိန်းနိုင်တယ်။ အဲ့ဒါကြောင့် ဝယ်ကြတာများတယ်။ အသားကဘောက်စိ ဘောက်စိနဲ့ စားလို့ကောင်းတာကြောင့် ဝယ်ကြတာလည်းရှိတယ်။ ကျွဲကောသီးမှာ လို အမြွှာအမြွှာတွေနဲ့ သံပရာသီးလိုမဟုတ်ဘူး” 

ငါးဥသံပရာကို ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါ နိုင်ငံတွေမှာဆိုရင် ဆောင်းဦးနဲ့ ဆောင်းရာသီတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ  သိုလှောင်ထားနိုင်ပါတယ်။ အခန်းအပူချိန်မှာ ၁ ရက်၊ ၂ ရက်ခန့် သိမ်းထားနိုင်ပေမယ့် ကြာရှည်သိမ်းထားချင်ရင်တော့ စိုထိုင်းဆနည်းပြီး လေဝင်လေထွက် ကောင်းမယ့် နေရာမှာသိမ်းမှ ၂ ပတ်ကနေ ၃ပတ်အထိ သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့တော့ ဒေါ်သိမ့်သိမ့်က အခုလို ရှင်းပြပါတယ်။

“ သူက အအေးပိုင်းမှာလည်းသီးတယ်။ အပူပိုင်းမှာလည်း သီးတယ်။ ဒါပေမဲ့ အအေးပိုင်းမှာသီးတဲ့အသီးက ပိုသီးတယ်။ ပိုကြီးတယ်။ အရောင်ပိုပြီးတော့လှတယ်။ အပူပိုင်းမှာသီးတဲ့အသီးကျ အသီးနည်းနည်းသေးတယ်။ အနည်းဆုံး၂ နှစ်သားလောက်မှစသီးတယ်။ အအေးပိုင်းမှာဆို ၁ နှစ်သားနဲ့သီးနိုင်တယ်။ ခဏခဏသီးတတ်တယ်။ ၁၂ ရာသီလုံးမှာ ရသလောက်နီးပါးကို သီးတယ်။ ဒါပေမဲ့ နွေရာသီမှာတော့ အသီးပါးတယ်” 

ငါးဥသံပရာပျိုးပင်တွေကို မြန်မာနိုင်ငံမှာ နေရာအတော်များများမှာ ရောင်းချနေကြတာတွေ့ရပြီး ဈေးကတော့ အပင်အရွယ်အစားအလိုက် သိန်းဂဏန်းထိ ရှိတယ်လို့ နှင်းဆီဖြူပျိုးဥယျာဉ်ဆိုင်ပိုင်ရှင် ဒေါ်သိမ့်သိမ့်က ပြောပါတယ်။

“ ဈေးက အပင်သေးသေးလေးဆို ၂၅၀၀ ကျပ်လောက်ကစပြီး လူတစ်ရပ်ကျော်လောက်အထိကို တစ်သိန်းကျော်၂ သိန်းကျော်အထိပေါက်တယ်။” 

ပျိုးပင်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ မန္တလေးမြို့က နှင်းဆီဖြူပျိုးဥယျာဉ်၊ ဖုန်းနံပါတ် ၀၉၄၀၁၆၆၇၇၇၅ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်