ဝက်မွေးမြူရေးလုပ်ငန်းမှာ အကျိုးအမြတ်များများရဖို့ဘယ်လိုလုပ်ဆောင်ရမလဲ

07/01/2022 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မွေးမြူရေးလုပ်ငန်းမှာ အကျိုးအမြတ်များများရဖို့အတွက် အောက်ပါအချက်တွေကိုလည်း ဂရုပြုလိုက်နာသင့်ပါသည်။

၁။ နေရာရွေးချယ်ခြင်း 

မြန်မာနိုင်ငံအနှံ့အပြားမှာ ဝက်မွေးမြူကြတာက သဘာဝအလျောက်လွှတ်ပြီးတော့ မွေးမြူကြတာက များပါတယ်။ ဒါပေမယ့် ဝက်တစ်ကောင်၊ နှစ်ကောင်မွေးမြူရင်တော့ ဒီစနစ်က ပြဿာနာ မရှိပါ။ စီးပွားဖြစ် မွေးမယ်ဆိုရင်တော့ နေရာအထားအသို စနစ်တကျ ရှိဖို့လိုပါတယ်။ အချို့အရပ်ဒေသတွေမှာ နယ်မြေဒေသရဲ့ ရာသီဥတုအရ စွတ်စိုထိုင်းမှိုင်းနေတတ်တာကို တွေ့ရှိရပါတယ်။ ဝက်မွေးမြူဖို့ အကောင်းဆုံးနေရာကတော့ မိုးရေတွေတင်ကျန်ပြီး ရေမဝပ်တဲ့ ကုန်းမြေနေရာ ဖြစ်ဖို့လိုပါတယ်။

အချို့ဝက်မွေးမြူသူတွေဟာ ဝက်တွေကို ခြံခတ်ပြီး အမိုးမပါတဲ့ ​လေဟာပြင်မှာထားပြီး မွေးမြူကြသလို သံမြေကွင်းပြင်မှာ ခြံခတ်ပြီးလည်း မွေးမြူကြပါတယ်။ ဘယ်နေရာမှာပဲမွေးမွေး အရေးကြီးတာက ဝက်တွေ အိပ်ဖို့ခြောက်သွေ့တဲ့နေရာကို ဖန်တီးပြီး ပြုလုပ်ထားဖို့ လိုပါတယ်။

ဝက်တွေဟာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ရှိတဲ့သတ္တဝါဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားဖြစ် မွေးမြူဖို့ ဝက်ကောင်ရေများများ မွေးတဲ့အခါ သူ့အုပ်စုနဲ့သူ လိုက်လွှတ်ပြီး မွေးမြူသင့်ပါတယ်။ ဒါကြောင့် သူ့အုပ်စုနဲ့ သီးခြားခြံခတ်ပြီး ထားတတ်ကြပါတယ်။

ကိုယ်ဝန်ရှိတဲ့ ဝက်မတွေကို အထူးသတိထား စောင့်ကြည့်ဖို့လိုပါတယ်။ ဝက်တွေကို လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ပေးရမှာ မှန်ပေမယ့် နေရောင်ခြည်အပူချိန် လွန်လွန်ကဲကဲ မထိရောက်စေဖို့ ကာကွယ်ပေးဖို့လိုပါတယ်။ ကောင်းကောင်းအိပ်နိုင်ဖို့ ခြောက်သွေ့တဲ့နေရာမှာ အမိုးမိုးထား သင့်ပါတယ်။ (၂၀×၈) ပေအကျယ်၊ အမြင့် (၄.၅)ပေခန့် ဝက်အိမ်ဆောက်ပြီး လုပ်ထားသင့်ပါတယ်။ (မိမိမွေးမြူမယ့်ဝက်

ကောင်ရေပေါ် မူတည်ပြီး နေရာတည်ဆောက်ပေးရမှာ ဖြစ်ပါတယ်) ဝက်အိမ်ဆောက်လုပ်မယ့် နေရာဟာ သန့်ရှင်းခြောက်သွေ့တဲ့နေရာ ဖြစ်ဖို့လိုပါတယ်။ ဒါ့အပြင် ကောက်ရိုး၊ မြက်ခြောက်တွေကိုလည်း မြေပြင်မှာ ဖြန့်ခင်းထားသင့်ပါတယ်။ ရေရှည်စီမံကိန်း လုပ်ကိုင်သူတွေအတွက် နေရာထိုင်ခင်းကောင်းကောင်း လုပ်ထားတာက နောက်ပိုင်းမှာ အကျိုးကျေးဇူးများစွာ ရှိစေမှာဖြစ်ပါတယ်။

၂။ လေကောင်းလေသန့် ရရှိရေး

ဝက်မွေးမြူရေးလုပ်ငန်းမှာ လေကောင်းလေသန့်ရဖို့ အလွန်အရေးကြီးပါတယ်။ လေကောင်းလေသန့် မရှိပဲ မကောင်းတဲ့အနံ့အသက်တွေရှိနေရင် ရောဂါဖြစ်ပွားလွယ်ပါတယ်။ ဒါကြောင့် လေကောင်းလေသန့်ရရှိဖို့ ဖန်တီးပြီး ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ ဝက်တွေထားဖို့ အိမ်ဆောက်တဲ့အခါ လေဝင်လေထွက်ပေါက်တွေ လုပ်ထားဖို့လိုပါတယ်။ အဲဒီလိုပြုလုပ်တဲ့အခါမှာ ဝက်အိမ်ကြမ်းပြင်(သို့) မြေပြင်နဲ့ နီးနီးကပ်ကပ် ထားဖို့လိုပါတယ်။ ဒါမှ ဝက်အိမ်အောက်ပိုင်းမှာရှိတဲ့ မကောင်းတဲ့ အနံ့အသက်တွေကို ပြင်ပက လေကောင်းလေသန့်တွေ ဝင်ရောက်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

၃။ အလင်းရောင် ရရှိရေး

နေရောင်ခြည်ကနေရတဲ့ အလင်းရောင်ဟာ သတ္တဝါတွေအတွက် ဗီတာမင်Dဓာတ် ပါရှိတဲ့အတွက် အလင်းရောင်ဟာ အရမ်းကို အရေးကြီးပါတယ်။ ဒါပေမယ့်နေရောင်ခြည် အပူရှိန်လွန်ကဲမှု မရှိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။ ဝက်တွေနေရောင်ခြည်ရရှိဖို့ အကောင်းဆုံး အချိန်က နံနက်ခင်းနေရောင်ခြည် ဖြစ်ပါတယ်။ ဒါကြောင့် နေရောင်ခြည်အလင်းရောင် အနေအထားကောင်းဖြစ်စေဖို့ ဝက်အိမ်တွေကိုဆောက်လုပ်တဲ့အခါ အရှေ့တောင်ဘက်ကို မျက်နှာမူပြီးဆောက်လုပ်သင့်ပါတယ်။

၄။ ပတ်ဝန်းကျင်နှင့်သန့်ရှင်းရေး

ဝက်မွေးမြူရေးမှာ ပတ်ဝန်းကျင်အခြေအနေကောင်းကောင်းမွန်မွန်ရဖို့လိုပါတယ်။ ဝက်မွေးမြူတဲ့ ပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြေတဲ့ အရိပ်ရအပင်တွေ စိုက်ပျိုးထားသင့်ပါတယ်။ ဒါမှဝက်တွေအတွက် အပူချိန်ပြင်းထန်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဝက်အိမ်(သို့) ခြံအတွင်းမှာ ဝက်မစင်၊အညစ်အကြေးတွေကိုလည်း နေ့စဉ်ရှင်းလင်းဖယ်ရှား သင့်ပါတယ်။ အနံ့ဆိုးတွေနဲ့ ရောဂါပိုးမွှားတွေပျောက်ကင်းအောင် အနံ့ဆိုးပျောက်ဆေးရည်ကို (၃)ရက်ခြားတစ်ကြိမ် ဖျန်းပေးသင့်ပါတယ်။ ကျေးလက်ဒေသတွေမှာ မွေးမြူတဲ့ဝက်တွေဟာ ရေအိုင်၊ ရွှံ့နွံတွေထဲမှာ ဆင်းပြီးလူးနေကြတာကို တွေ့ရှိရတတ်ပါတယ်။ အထူးသဖြင့်ရာသီဥတုပူပြင်းတဲ့အချိန်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ ဝက်တွေ ဒီလိုလုပ်တာက ဝက်ခန္ဓာကိုယ်အရေပြားအောက်မှာ အဆီပြင်ပဲရှိပြီး ချွေးထွက်စေနိုင်တဲ့ အကျိတ်အခဲတွေ မရှိတဲ့အတွက် အပူချိန်မခံနိုင်တာ ဖြစ်ပါတယ်။ အပူချိန် အရမ်းပူပြင်းနေရင် ဝက်တွေသေသွားနိုင်ပါတယ်။ ဒါကြောင့် ဝက်တွေအတွက် ဝက်လူးအိုင် လုပ်ထားပေးသင့်ပါတယ်။

ဝက်လူးအိုင်တွေကို အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်အောက်မှာ လုပ်ဖို့ သင့်တော်ပါတယ်။ ဒါမှမဟုတ် ဝက်လူးအိုင်ပေါ်မှာ အမိုးလုပ်ထားပေးသင့်ပါတယ်။ ဒါမှသာ အိုင်ထဲမှာရှိတဲ့ ရေတွေ နေအပူရှိန်ကြောင့် ပူနေစေတာကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဝက်တွေဟာ အများအားဖြင့် ညစ်ပတ်ပေရေနေတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ ဝက်တွေ ကျန်းမာသန်စွမ်းရေးအတွက် သန့်ရှင်းမှုဟာ အမှန်တကယ်လိုအပ်ပါတယ်။ ဒါကြောင့် မိမိမွေးတဲ့ဝက်တွေကို တစ်ရက်တစ်ကြိမ် ပုံမှန်ရေချိုးပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ ရေချိုးပေးမယ်ဆိုရင် နံနက် (၉-၁၀) နာရီအတွင်း ချိုးပေးတာက အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုရေချိုးပေးခြင်းအားဖြင့် ဝက်တွေကျန်းမာပြီးကြီးထွားမှု မြန်စေမှာဖြစ်ပါတယ်။ သတိပြုရမှာက ဝက်တွေကို ရေချိုးပေးတဲ့အခါ ခန္ဓာကိုယ်အေးစက်နေတာ(သို့) အခိုးမပွင့်ပဲ နာမကျန်းဖြစ်တဲ့လက္ခဏာတွေ့ရှိရရင် ရေမချိုးပေးသင့်ပါ။ ခန္ဓာကိုယ်နွေးနေရင် ကျန်းမာတဲ့လက္ခဏာဖြစ်ပြီး ရေချိုးပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ကြမ်းခင်းတွေကိုလည်း မကြာခဏ ရှင်းလင်းဆေးကြော ပေးသင့်ပါတယ်။ ကြမ်းခင်းမှာ မြက်ခြောက်တွေ ခင်းထားပေးရင် အခါသင့်ရင်သင့်သလို လဲပေးရမှာ ဖြစ်ပါတယ်။

Ref: Dr.Myo Thaw ၏ “ ဝက်မွေးမြူရေးလုပ်ငန်းမှာ အကျိုးအမြတ်များများရဖို့ ဆောင်ရွက်သင့်သည်များ” စာစုမှကောက်နှုတ် ဖော်ပြပါသည်။      

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်