စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

29/08/2022 16:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အခုလိုအစအစအရာရာဈေးကြီးနေချိန်မှာ မီးဖိုချောင်ထဲက ဘယ်အရာတွေက စိုက်ပျိုးရေးမှာဘယ်လို ပြန်ပြီးအသုံးချလို့ရနိုင်မလဲ?

ဒါဟာတော်တော်များများသိချင်နေကြမှာပါ။

ဒီဆောင်းပါးလေးကို ဖတ်ပြီးရင်တော့ အမှိုက်ဆိုတာမရှိလောက်အောင်ကို အသုံးဝင်နေတာတွေ့ရမှာပါ။

 (၁) ကော်ဖီမှုန့်

သောက်ပြီးသား ကော်ဖီမှုန့်တွေဟာ မြေဆီလွှာကို အာဟာရဓာတ်တွေ ထောက်ပံ့ပေးနိုင်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ သိသူလည်းရှိကြသလို မသိသူတွေလည်း ရှိကြဦးမှာပါ။ ကော်ဖီမှုန့်မှာဆိုရင် နိုက်ထရိုဂျင် ၂ ရာခိုင်နှုန်း ပါဝင်ပြီး ကော်ဖီမှုန့်တွေ မြေကြီးထဲဆွေးမြည့်သွားတဲ့အခါ မြေဆီလွှာမှာ အာဟာရဓာတ် တိုးတက်လာစေနိုင်ရုံသာမက အပင်တွေ ကြီးထွားဖို့မှာလည်း ကူညီပေးပါတယ်။

 (၂) ကြက်ဥခွံ

ကြက်ဥခွံမှာဆိုရင် အပင်တွေကြီးထွားဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ကာဗွန်နိတ် ၃၇ ရာခိုင်နှုန်း ပါ ပါတယ်။ ကျွန်မတို့တွေ လွှင့်ပစ်နေကြတဲ့ ကြက်ဥခွံထဲမှာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ်၊ အိုင်ယွန်းတွေလည်း မထင်မှတ်ထားလောက်အောင် ပါဝင်နေပါတယ်။ ဒီလိုအပင်တွေအတွက်အကျိုးပြုတဲ့ ဓာတ်တွေအများကြီးပါနေတဲ့အပြင် ကြက်ဥကို ထက်ခြမ်းမခွဲပဲ အပေါ်ဘက် ဖြတ်ပြီးသုံးမယ်ဆိုရင် ပျိုးအိတ်အဖြစ် သုံးနိုင်ပါသေးတယ်။ ကြက်ဥခွံထဲကို မြေတစ်ဝက်လောက်ထည့်ပြီး မျိုးစေ့ထည့်ကာ ပျိုးပင်လေး ပျိုးနိုင်သေးတာပါ ။ နောက်ပြီး ကြက်ဥထည့်တဲ့ကဒ်ထဲမှာ ကြက်ဥခွံတွေကို ပြန်စီထည့်ပြီး  ပျိုးဗန်းအဖြစ်လုပ်ပြီးလည်း စိုက်နိုင်ပါတယ်။

(၃) ရှောက်သီးလိုမျိုး အလုံးကြီးတဲ့ သစ်သီးတွေကို ပျိုးအိတ်အဖြစ်အသုံးချခြင်း

ကြက်ဥခွံလိုပဲ နည်းနည်းကြီးကြီးနဲ့ အပင်လေးတွေပျိုးချင်တယ်ဆိုရင် ရှောက်၊ သံပရာမျိုးရင်းဝင် အသီးတွေရဲ့ အတွင်းသားကိုစားပြီး ကျန်နေတဲ့ အခွံကို အောက်ခြေကနေအပေါက်ဖောက်ပြီး အပင်လေးတွေပျိုးလို့ရပါတယ်။ ပြီးရင် ပြောင်းရွှေ့စိုက်ပျိုးတဲ့အခါ သူတို့ကို မဖယ်ပစ်ဘဲ တိုက်ရိုက်ထည့် စိုက်ပစ်လို့ရပါတယ်။ သူတို့က ဆွေးမြည့်ပြီး မြေဩဇာပါဖြစ်သွားနိုင်တာမို့လို့ပါ။

ဥပမာ- ရှောက်သီး၊ ကျွဲကောသီးလိုမျိုးပေါ့ အစိမ်းရောင်လမ်းချစ်သူတို့ကရော ဘယ်လိုအသီးတွေကိုပျိုးအိတ်အဖြစ်သုံးလို့ရမယ်ထင်သေးလဲရှင့်။

(၄) ပလတ်စတစ်ကရား

ရေမွှားလေးတွေလုပ်ပြီး အပင်ကိုဖျန်းချင်တယ်ဆို ရေဖျန်းပုံးဝယ်စရာမလိုပါဘူး။ လက်ကိုင်ပါတဲ့ ပလတ်စတစ်ဘူးတစ်ခုခုရဲ့ အဖုံးကို အပူပေးထားတဲ့ အပ်နဲ့ဖောက်ရုံနဲ့ ရေမွှားမွှားလေးတွေထွက်လာပါပြီ။

(၅) အပင်အားဆေးအဖြစ် အသီးအရွက်ပြုတ်ရည်

အသီးအရွက်တွေကိုပြုတ်ထားတဲ့ အရည်တွေကို အပင်တွေကို လောင်းပေးမယ်ဆိုရင် အာဟာရဖြစ်ပါတယ်တဲ့ရှင့်။ ဒါဟာ ငံပိရည်နဲ့တွဲစားဖို့ တို့စရာတွေပြုတ်ရင် တို့မြန်မာလူမျိုးတွေ အမြဲစွန့်ပစ်နေမိတတ်တဲ့ နှမြောစရာအာဟာရရည်ပါ။ ပူပူချည်းတော့ တန်းမလောင်းလိုက်ပါနဲ့ဦးနော်။

(၆) မြေဩဇာအဖြစ် လိမ္မော်ခွံ၊ ငှက်ပျောခွံ...

စားပြီးသား အသီးအနှံတွေရဲ့ အခွံကလည်း မြေဆွေးပုံထဲမှာ ထည့်လို့ရသလို အပင်တွေ အခြေမှာ တိုက်ရိုက်ပုံထားမယ်ဆိုရင်လည်း သဘာဝမြေဩဇာ ဖြစ်ပါသေးတယ်။ ဘာလို့လဲဆိုရင်တော့ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်ဓာတ်က ငှက်ပျောခွံမှာလည်း ပါဝင်နေလို့ပါ။

(၇) မြေဆွေးပုံထဲက အစေ့ခွံ

စားပြီးသား အစေ့ခွံတွေကိုလည်း အသုံးချလို့ရတဲ့နေရာရှိပါတယ်။ သူတို့ဟာ ကိုယ်တိုင်လည်း တဖြည်းဖြည်းနဲ့ ဆွေးမြေ့နိုင်သလို တခြားပစ္စည်းတွေလို လျင်လျင်မြန်မြန်နဲ့ မပြိုကွဲတဲ့အတွက် မြေဆွေးပုံတွေမှာဆို အပေါ်က ဖုံးပေးထားတဲ့ပစ္စည်းအဖြစ် အသုံးပြုလို့ရပါတယ်။ ဒီလိုဖုံးပေးထားခြင်းအားဖြင့် မြေဆွေးပုံရဲ့ အစိုဓာတ်ကို ထိန်းပေးနိုင်ခြင်း၊ အာဟာရကို တိုးစေနိုင်ခြင်း၊ ပေါင်းမြက်တွေထမလာခြင်း စတဲ့ အကျိုးတွေ ရနိုင်ပါတယ်။

(၈) စက္ကူလိပ်

တစ်ရှုးတွေကို အလိပ်လေးဖြစ်အောင် အောက်ကနေပတ်ထားတဲ့ ကတ္ထူအဝိုင်းလေးကို သိကြတယ် မလားရှင့်။ အဲ့တာလေးကို မလွှင့်ပစ်လိုက်ကြပါနဲ့နော်။ အဲ့ဒီထဲမှာ ပျိုးပင်လေးတွေထည့်ပျိုးလို့ရသလို ပျိုးပင်ငယ်လေးတွေဘေးမှာ အဲ့ဒါလေးကို ထိုးစိုက်ပြီး ကာပေးထားလိုက်ရင် ခရုလိုမျိုး၊ မြေအောင်းပိုးမွှားလိုမျိုး အကောင်တွေရဲ့ ဖျက်ဆီးမှုကို ကာကွယ်ပေးနိုင်မှာပါ။

(၉) အင်းဆက်ပိုးမွှားတွေအတွက် ငရုတ်သီးအညှာ

ချက်ပြုတ်တဲ့အခါမှာ မသုံးတဲ့ငရုတ်သီးအညှာတွေနဲ့ အစေ့တွေကို အပင်တွေအနားထားလိုက်ရင် အင်းဆက်ပိုးမွှားတွေအတွက် ကာကွယ်နိုင်ပါတယ်။ အဲ့ဒါတွေကို ကြိတ်ပြီး ရေနဲ့ ရောကာ စပရေးဗူးထဲထည့်ထားပြီး အရွက်လေးတွေကို ဖျန်းပေးမယ်ဆိုရင်လည်း ဩဂဲနစ်ရွက်ဖျန်းပိုးသတ်ဆေးလေး ဖြစ်စေနိုင်ပါတယ်။

(၁၀) လွှင့်ပစ်မိနေတဲ့အခွံများ

အမြဲစွန့်ပစ်နေတဲ့ ကြက်သွန်ခွံတို့၊ သစ်သီးခွံတို့ကနေ အပင်ရဲ့အာဟာရဓာတ်တွေရရှိစေနိုင်ပါတယ်။ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ပန်းပွင့်တဲ့ အပင်တွေအတွက် မီးဖိုချောင်က စွန့်ပစ်ပစ္စည်းလေးတွေက အလွန်ပဲအသုံးဝင်ပါတယ်။ 

သူတို့ကို သစ်သီးဖျော်စက်ထဲထည့်ကြိတ်၊ ရလာတာတွေကို ရေနဲ့ရောပြီး အနှစ်ရည်လုပ်လိုက်ရင် လည်း အပင်တွေစိုက်တဲ့အခါ အာဟာရရည်အဖြစ် အသုံးချလို့ရပါတယ်။ ဒီအရည်မှာဆိုရင် အပင်တွေအတွက် အာဟာရများစွာပါဝင်ပြီး ငရုတ်လို၊ ခရမ်းချဉ်ပင်လိုမျိုးတွေအတွက် အတော်လေး ကောင်းပါတယ်တဲ့။

(၁၁) လက်ဖက်ခြောက်အိတ်

စိမ်သောက်ပြီးသား လက်ဖက်ခြောက်အိတ်လေးတွေထဲမှာလည်း နိုက်ထရိုဂျင် ၄.၄ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၀.၂၅ ရာခိုင်နှုန်း၊ ဖော့စဖောရပ်စ် ၀.၂၄ ရာခိုင်နှုန်းထိ ပါဝင်နေလို့ ဒီအရွက်အိတ်လေးတွေကို မြေသားတွေ တိုးတက်ကောင်းမွန်ဖို့ သဘာဝမြေဩဇာအဖြစ် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။

(၁၂) ဆန်ဆေးရည်

မီးဖိုချောင်ထဲမှာရှိတဲ့ စွန့်ပစ်နေကျ ပစ္စည်းထဲက အသုံးဝင်တဲ့အရာဆို ဆန်ဆေးရည်က မပါမဖြစ်ပဲနော်။ ဘယ်လိုတွေအကျိုးရှိလဲ အသေးစိတ်ကိုတော့ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လို့ရပါတယ်။ https://greenwaymyanmar.com/posts/various_method_of_rice_water_for_organic_fertilizer

(၁၃) မြေဩဇာအတွက်အရိုးများ

စားပြီးသားအရိုးတွေကလည်း အပင်တွေကြီးထွားလာဖို့မှာ ကူညီပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါပဲ။ သင့်အနေနဲ့ အဲ့ဒီအရိုးတွေကို နေလှမ်း၊ အမှုန့်ကြိတ်ထားပြီး အပင်စိုက်ပျိုးရာမှာ မြေဩဇာ အဖြစ် အသုံးချနိုင်တာပါ။

သူ့မှာ အပင်တွေအတွက် အသုံးဝင်တဲ့ ဖော့စဖောရပ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နဲ့ နိုက်ထရိုဂျင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေလို့ ဖြစ်ပါတယ်။

(၁၄) အမှိုက်တွေရှိနေတဲ့ အံဆွဲ (အမှိုက်ပုံး)

သင့်ရဲ့မီးဖိုချောင်ထဲက အံဆွဲ ဒါမှမဟုတ် အမှိုက်ပုံးထဲမှာ ဈေးဝယ်ပြီး ထုပ်ပိုးပစ္စည်းတွေကနေ ထွက်လာတဲ့ သတင်းစာလိုမျိုး စက္ကူတွေ၊ စက္ကူအိတ်တွေ လိုမျိုးတွေ ပြည့်နေပြီဆိုရင် အဲ့ဒါ အပင်တွေကြားမှာ ဖုံးခါချပစ်လိုက်လို့ ရပါတယ်။ ဒီလိုမျိုး လုပ်တာပေးခြင်းအားဖြင် အပင်တွေရနေတဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးထားသလို ဖြစ်နေစေမှာပါ။

 (၁၅) ပိုးမွှားတွေအတွက် နွားနို့နဲ့ ရေ

ဒီနည်းကနှမြောစရာတော့ ကောင်းပါတယ်။ ပိုးမွှားတွေ မလာစေဖို့ နို့နဲ့ရေကို ရောပြီး အပင်တွေ ဖျန်းလို့ ရပါတယ်။ နို့ထဲမှာပါတဲ့ ကယ်လ်စီယမ်ဓာတ်က အပင်တွေကို ကြီးထွားသန်စွမ်းစေပါတယ်။ ဒါ့အပြင် နွားနို့က ပျတွေကို ကာကွယ်ပေးနိုင်သလို မိုဇိတ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

(၁၆) နိုက်ထရိုဂျင်ကြွယ်ဝတဲ့ ငါးခေါင်း

ငါးဝယ်ပြီး ချက်စားတဲ့အခါ စားလို့မရတဲ့ ငါးခေါင်းတွေလိုမျိုးပါလာရင် စိုက်ပျိုးမြေထဲသာ မြှုပ်ထားလိုက်ပါ။ သူ့မှာ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝစွာပါလို့ စိုက်ပျိုးမြေအတွက် အကျိုးရှိစေပါတယ်။ မြေကြီးနဲ့ သေချာဖုံးပြီးတော့တော့ မြှုပ်ပေါ့နော်။ ငါးခေါင်းဆိုတော့ တခြားအကောင်တွေက ချီသွားတာမျိုး၊ စားပစ်လိုက်တာမျိုး ဖြစ်သွားနိုင်လို့ပါရှင့်။

ကဲ.. ဒါဆို ဘယ်မှာလဲအမှိုက်တွေ..

Ref: https://balconygardenweb.com/kitchen-residues-that-you-can-use-in-your-garden/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်