အပ်နဲ့ထွင်းမလား၊ ပုဆိန်နဲ့ ပေါက်မလား

05/03/2024 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့နဲ့၊ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် တိရစ္ဆာန်ရောဂါကာကွယ်ဆေးတွေဟာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကာကွယ်ဆေးမရှိဘဲ မွေးမြူရေးလုပ်ငန်းတွေ ရှင်သန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့တောင် ဆိုနိုင်ပါတယ်။ အခုရက်ပိုင်းအတွင်း ဈေးကွက်အတွင်းမှာ တိရစ္ဆာန်ရောဂါကာ ကွယ်ဆေးတွေ ပြတ်လပ်စ ပြုလာပြီလို့ သိရပါတယ်။ အကြောင်းကတော့ အဲဒီဆေးဝါးတွေကို တင်သွင်းဖို့အတွက် သွင်းကုန်လိုင်စင် ရရှိဖို့ ကြန့်ကြာမှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ ဒါဟာ မွေးမြူရေး ကဏ္ဍအတွက် စိုးရိမ်ပူပန်စရာ အခြေအနေဖြစ်ပါတယ်။ တဆက်တည်းမှာ စားနပ်ရိက္ခာဖူလုံမှုအတွက် ရင်လေးစရာ ကောင်းတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကို ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ?

တိရစ္ဆာန်တွေကို မွေးမြူရာမှာ တအုပ်တမ စနစ်နဲ့ မွေးမြူထုတ်လုပ်နေကြရတာပါ။ ကောင်ရေ အမြောက်အများကို နေရာကျဉ်းကျဉ်းမှာ စုပေါင်းမွေးမြူမှသာ စီးပွားရေးအရတွက်ချေကိုက်သလို၊ ထိရောက်တဲ့မြေယာအသုံး ချမှုလည်း ဖြစ်နိုင်ပါလိမ့်မယ်။ အဲဒီလို တအုပ်တမ မွေးမြူကြရတာကြောင့် ရောဂါဖြစ်ပွားကျရောက်ရင် ကူးစက်မှု လျင်မြန်ပါတယ်။ ဒါကြောင့် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ထားခြင်းဟာ မဖြစ်မနေ လိုအပ်ပါတယ်။ အဲဒီအတွက် ကာကွယ်ဆေးတွေ လိုအပ်ပါတယ်။

တိရစ္ဆာန်ရောဂါအတော်များများဟာ သေနှုန်းမြင့်မားတဲ့ရောဂါတွေဖြစ်ပါတယ်။  တချို့ရောဂါတွေဟာ ရာနှုန်းပြည့်သေဆုံးစေနိုင်ပါတယ်။ သေဆုံးနှုန်း နည်းပါးတဲ့ရောဂါအမျိုးအစား အနည်းငယ်ဟာလည်း တိရစ္ဆာန်တွေ သေကြေတာ နည်းတယ်လို့ဆိုပေမယ့် ထုတ်လုပ်မှုတော့ အကြီးအကျယ် ကျဆင်းနိုင်စေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေ မလုံလောက်ခဲ့လို့ ရောဂါကို မကာကွယ်နိုင်ခဲ့ရင် ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်နိုင်ပါတယ်။

အချို့သောရောဂါတွေဟာ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကိုသာမက၊ လူသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေမှာ ရောဂါကာကွယ်ထိန်းချုပ်ခြင်းဟာ လူသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ပါ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ အလုံအလောက် မရရှိလို့ တိရစ္ဆာန်တွေမှာ ကူးစက်ရောဂါတွေဖြစ်ပွားခဲ့မယ်၊ ဖြစ်ပွားတဲ့ရောဂါဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင် တဲ့ ရောဂါမျိုးဖြစ်နေမယ်ဆိုရင် ပြဿနာက အတော် ကြီးပြီး ဖြေရှင်းရ ခက်ခဲပါလိမ့်မယ်။

ကာကွယ်ဆေးတွေ အလုံအလောက် မရရှိတာကြောင့် တိရစ္ဆာန်ရောဂါကျရောက်ဖြစ်ပွားရင် မွေးမြူရေးသမားတွေဘက်က စီးပွားရေးအရ ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနေရာမှာတင် ရပ်နေမှာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသားတိုးကြက်ခြံ၊ ဥစားကြက်ခြံ၊ စီးပွားဖြစ်ဝက်မွေးမြူရေးခြံ၊ စီးပွားဖြစ်နွားမွေးမြူရေးခြံ တစ်ခြံချင်းစီကို သွားပြီး မေးကြည့်ရင် ကာကွယ်ဆေး အသုံးမပြုဘဲ မွေးမြူထားတဲ့ခြံတွေ့ရမှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး လုံးဝမသုံးဘဲ မွေးမြူရဲတယ်ဆိုတဲ့ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကိုလည်း ရှာတွေ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေးပြတ်လပ်ခြင်းဟာ မွေးမြူရေးကဏ္ဍကို ရပ်တန့်ခိုင်းလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ပြည်သူလူထုအတွက် အသားဓာတ် စားနပ်ရိက္ခာကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပါလိမ့်မယ်။

တကယ်တော့ ကာကွယ်ဆေးရဲ့ အခန်းကဏ္ဍကို သိချင်ရင် ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာတော့ မလိုလှပါဘူး။ ကိုဗစ် - ၁၉ (Covid-19) ကပ်ရောဂါဆိုးကြီးကို ကာကွယ်ဆေးတွေပေါ်ပေါက်လာမှ ထိန်းချုပ်လာနိုင်တာကို တစ်ကမ္ဘာလုံး နှဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ရဖူးပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးမရှိတဲ့အချိန်မှာ လူတွေ ရောဂါဒဏ်ကို ဘယ်လောက်ခံခဲ့ရသလဲ၊ ကာကွယ်ဆေးတွေ အသုံးပြုပြီးနောက်မှာ လူတွေ ဘယ်လောက်ချမ်းသာရာရခဲ့သလဲဆိုတာကို ပြန်တွေးကြည့်ရင် ကာကွယ်ဆေးရဲ့ အရေးပါမှုကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါလိမ့်မယ်။

ကာကွယ်ဆေးတွေကို ဘယ်လိုမှာယူရတာလဲ?

ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံမှာလည်း ထုတ်လုပ်ပေမယ့် အများစုကို နိုင်ငံခြားကနေ မှာယူတင်သွင်း ရပါတယ်။ အဲဒီလို မှာယူတင်သွင်းရာမှာ အခြားကုန်စည်နဲ့ မတူတဲ့အချက်က မိမိတို့နိုင်ငံက ဝယ်ယူတင်သွင်းလိုတဲ့ ပမာဏကို တစ်နှစ်ကြိုတင်ပြီး အမှာစာ ပေးပို့ထားရတာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံနည်းတူ အခြားနိုင်ငံတွေက ပေးပို့တဲ့ အမှာစာပေါ်မှာ မူတည်ပြီး၊ သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက လိုအပ်တဲ့ ဆေးဝါးပမာဏကိုသာ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးဆိုတာ လိုချင်တဲ့အချိန် သွားဝယ်လို့ ရတဲ့ပစ္စည်းမျိုး မဟုတ်ပါဘူး။

ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ပြီး အသုံးမပြုမီ သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ သက်တမ်းဟာ ၆ လ ကနေ အများဆုံး ၁နှစ်ခွဲအထိ ရှိနိုင်ပါတယ်။ အများစုကတော့ သက်တမ်း ၁ နှစ်ဝန်းကျင်ပဲ ရှိပါတယ်။ သက်တမ်း လွန်သွားရင် ကာကွယ်ဆေးရဲ့ အာနိသင်အပေါ် အာမခံချက် မရှိတော့ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ဆေးဝါးစက်ရုံတွေကနေ ထုတ်လုပ်ပြီးတဲ့နောက် မှာယူတင်သွင်းတဲ့နိုင်ငံဆီ မြန်မြန်ပို့ဆောင်ပြီး၊ မြန်မြန် အသုံးပြုဖို့ လိုအပ်ပါ တယ်။ တကယ်လို့ မှာယူတင်သွင်းတဲ့နိုင်ငံမှာ သွင်းကုန်လိုင်စင် ပြဿနာတွေ၊ အကောက်ခွန်ပြဿနာတွေရှိနေလို့ အချိန်မီ မတင်သွင်းနိုင်ဘူးဆိုရင် ကာကွယ်ဆေးတွေကို သက်တမ်းမလွန်ခင် အသုံးပြုနိုင်ဖို့ ခက်ခဲလာပါလိမ့်မယ်။

ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီထံကနေ မှာယူထားပြီး မြန်မာနိုင်ငံကို တင်သွင်းဖို့ ကြန့်ကြာတာနဲ့အမျှ ကာကွယ်ဆေးတွေကို သိုလှောင်ထားရတဲ့ စရိတ်တွေကလည်း မြင့်တက်လာပါတယ်။ ကာကွယ်ဆေးတွေဆိုတာ သတ်မှတ်ထားတဲ့ အပူချိန်မှာ ထိန်းသိမ်းထားရတာမို့ သိုလှောင်စရိတ် ပိုပြီး ကြီးမြင့်ပါတယ်။ မှာယူထားပြီး မိမိတို့ နိုင်ငံဆီ တင်သွင်းဖို့ ကြန့်ကြာနေလေလေ၊ သိုလှောင်စရိတ်တွေ မြင့်တက်လာလေလေဖြစ်ပြီး၊ အဲဒီကုန်ကျစရိတ် တွေကြောင့် ကာကွယ်ဆေးတွေ မိမိတို့နိုင်ငံထဲမှာ ဖြန့်ချိတဲ့အခါ ဈေးနှုန်းက မြင့်တက်လာပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစရိတ် မြင့်တက်လာပြီး၊ စားသောက်ကုန်တွေရဲ့ ဈေးနှုန်းပါ ကြီးမြင့်လာမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးဆိုတာ အချိန်ကိုက်သုံးရတယ်

ရောဂါကာကွယ်ဆေးဆိုတာ အချိန်အခါကိုက်သုံးရပါတယ်။ လူတွေမှာ ပိုလီယိုကာကွယ်ဆေးကို အသက် ၅ နှစ်အောက်မှာ တိုက်ကျွေးရသလို၊ တိရစ္ဆာန်တွေမှာလည်း ကာကွယ်ဆေးတွေကို တိရစ္ဆာန်တွေရဲ့ အသက်အရွယ်၊ ထုတ်လုပ်မှု အဆင့်အလိုက် အချိန်ကိုက်အသုံးပြုရပါတယ်။ အချိန်ကိုက်အသုံးမပြုနိုင်ရင် “ပေးကား ပေး၏။ မရ” ဆိုသလို အလဟဿ ဖြစ်သွားမှာပါပဲ။ ဒါကြောင့် ကာကွယ်ဆေးတွေကို တင်သွင်းရာမှာ ကာကွယ်ဆေးထုတ်လုပ် သူနဲ့ သုံးစွဲသူတို့ကြားမှာ အချိန်ကိုက်ဖြစ်အောင် မှာယူတင်သွင်းကြတာ ဖြစ်ပါတယ်။ မထင်မှတ်တဲ့ ကြန့်ကြာမှာ တစ်ခုဖြစ်လိုက်တာနဲ့ အချိန်ကိုက် မသုံးစွဲနိုင်တော့ဘဲ ရောဂါတွေ ကျရောက်ဖြစ်ပွားနိုင်ပါတယ်။

အပ်နဲ့ထွင်းမလား၊ ပုဆိန်နဲ့ ပေါက်မလား

မွေးမြူသူတွေနဲ့ တိရစ္ဆာန်ဆေးကုပညာရှင်တွေအနေနဲ့ကတော့ ကာကွယ်ဆေးတွေရဲ့ သဘာဝနဲ့ အရေးပါ မှုကို လက်တွေ့သိရှိထား၊ သဘောပေါက်ထားကြသူတွေ ဖြစ်တာမို့  ကာကွယ်ဆေးတွေ ပြတ်လပ်သွားမှာကို စိုးရိမ် ကြမှာ အသေအချာပါပဲ။ ဒါပေမယ့် အဲဒီကာကွယ်ဆေးတွေရဲ့ အရေးပါမှုနဲ့ ကာကွယ်ဆေးပြတ်လပ်ရင် ဖြစ်ပေါ်လာ မယ့် အကျိုးဆက်တွေကို မသိရှိထားသူတွေအတွက်ကတော့ ဒီကိစ္စကို ပေါ့ပေါ့တန်တန်တွေးထားနိုင်ပါလိမ့်မယ်။ အဲဒီလို ပေါ့ပေါ့တန်တန် မတွေးဘဲ အလေးအနက် စဉ်းစားကြနိုင်ဖို့ ဒီဆောင်းပါးကို ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

တကယ်တော့ ကာကွယ်ဆေးတွေ ဝယ်ယူသုံးစွဲလို့ ကုန်ကျမယ့် နိုင်ငံခြားသုံးငွေ ဟာ မွေးမြူရေးကဏ္ဍရဲ့ ထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ကာကွယ်ဆေး ပြတ်လပ်မှု ဆိုတာဟာ “အပ် နဲ့ ထွင်းရမယ့် ကိစ္စ” ဖြစ်ပါတယ်။ အချိန်မီ အပ်နဲ့မထွင်းနိုင်ရင်တော့ ပြည်သူလူထုရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိ ခိုက်လာပြီး “ပုဆိန်နဲ့ပေါက်ရမယ့် ကိစ္စ” ဖြစ်လာနိုင်ပါတယ်။

မွေးမြူရေးကဏ္ဍမှာ ကာကွယ်ဆေးတွေ အချိန်ကိုက် အသုံးပြုနိုင်ပြီး ပြည်သူလူထုအတွက် အသားဓာတ် စားနပ်ရိက္ခာတွေ ဖူလုံအောင် ထုတ်လုပ်ပေးနိုင်ကြပါစေခင်ဗျား။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်