ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

10/08/2018 15:25 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၆.၈.၂၀၁၈ မှ ၁၀.၈.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့ပေမယ့် ဒီတစ်ပတ်တော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်က ရက်ခြားသာရှိနေပြီး ပဲခွဲစက်များကသာ ပုံမှန်ဝယ်ယူနေခြင်းကြောင့် ဈေးကအများကြီး ကျဆင်းသွားတာမျိုးမရှိကြောင်း ပဲကုန်သည်တွေကပြောပါတယ်။  ပြည်ပဝယ်ယူမှုကတော့ ပုံမှန်တင်ပို့မှုတွေရှိနေပေမယ့် မြန်မာ့ငွေဈေးတက်နေခြင်းကြောင့်သာ ဈေးကအများကြီးကျဆင်းသွားခဲ့တာမျိုးမရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က ၂၀၁၇၊၂၀၁၈ နှစ်ခုလုံး က တစ်ပတ်အတွင်း တစ်တန်ကို ၄၃၀၀၀၀ ကျော်အတွင်း အတက်အကျရှိခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၂၅၀ ရှိပြီး ၂၅၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၂၀၀ ကျပ်ရှိပြီး  ၄၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပြီးတော့ နေပြည်တော်မှာတော့ တစ်တင်းကို ၁၃၃၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ လက်ရှိမှာတော့ မတ်ပဲက ဈေးနှုန်းမြင့်တက်နိုင်သေးတဲ့အခြေအနေမရှိသေးကြောင်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ပဲစင်းငုံနီ

ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှု မရှိတဲ့အပြင် ပြည်ပဝယ်ယူမှုကလည်း နည်းတဲ့အတွက် နယ်ကုန်စည်ဒိုင်တွေမှာပါ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ဈေးအနည်းငယ်အပြောင်းအလဲ ရှိပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ဈေးက ကျဆင်းသွားခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၄၈၀၀၀၀ နဲ့ အတက်အကျရှိခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၁၅၀ နဲ့ တစ်တင်းကို ၇၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ နဲ့ ၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာလည်း ပဲစင်းငုံနီအသစ်က တစ်တင်းကို ၁၀၅၀၀ နဲ့ ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၉၅၀ နဲ့ တစ်တင်းကို ၂၅၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲတီစိမ်း  

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးငြိမ်နေပါတယ်။ တရုတ်ဝယ်လက်ကပုံမှန်ရှိနေတဲ့အတွက် ဈေးကလက်ရှိဈေးနဲ့ပဲ ဈေးငြိမ်နေတာလည်း ဖြစ်ပါတယ်။ အချို့နယ်ကုန်စည်ဒိုင်မှာတော့ လက်ရှိမိုးကြောင့် ပျက်စီးမှုရှိခဲ့တဲ့ ပဲတွေကြောင့် ဈေးကောင်းမရပဲ ဈေးကျဆင်းနေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းခရမ်းရွှေဝါက တစ်ပိဿာကို ၂၂၅၀ နဲ့ဈေးအမြင့်ဆုံးရရှိနေပြီး ပဲခူးရွှေဝါ၊ ရိုးရိုးတို့ကတော့ တစ်ပိဿာကို အနိမ့်ဆုံးဈေး ၁၃၃၀ ကနေ ၂၀၀၀ အထိ ဈေးရရှိနေပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ပဲတီစိမ်း (အကြီး၊အသေး)က တစ်ပိဿာကို ၁၃၅၀ ကနေ ၁၄၅၀ အထိ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁၂၂၀ နဲ့ တစ်ပိဿာကို ၁၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း (အသေး)က တစ်ပိဿာကို ၁၂၅၀ နဲ့တစ်ပိဿာကို ၆၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁၅၅၀ နဲ့ တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲတီစိမ်းကတော့ ပုံမှန်ဝယ်လက်ရှိတဲ့အတွက်လတ်တလောမှာ ဈေးနှုန်းအပြောင်းအလဲ သိပ်မရှိနိုင်သေးပဲ အရည်အသွေးညံ့ရင်တော့ ဈေးအနိမ့်ဆုံးရနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ပြီးခဲ့တဲ့ အပတ်ကလို ဈေးကဆက်တိုက် တက်တာမဟုတ်ပဲ တစ်ပတ်အတွင်း ဈေးအတက်အကျ ရှိခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်များလည်းပုံမှန်ဝယ်ယူလာပေမယ့် ရက်ခြားဝယ်ယူမှုတွေ ရှိခဲ့တဲ့အတွက် နယ်ကုန်စည်ဒိုင်အချို့မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ ထို့ပြင် ကုလားပဲ v2 အမျိုးအစားထက် ကုလားပဲလုံးကြီးဖြစ်တဲ့ v7 နဲ့ 929 တို့က ဈေးပိုမိုရရှိခဲ့ပြီး ဈေးကွက်အတွင်းအရောင်းအဝယ်ပိုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး) တို့က တစ်တင်းကို ၂၁၆၀၀ ကနေ ၂၃၆၀၀ ရှိပြီး တစ်တင်းကို ၅၀၀ နီးပါး၊ ဈေးကျဆင်းသွားခဲ့ပြီး ကုလားပဲလုံးဖြူ(ကြီး၊သေး)တို့ကတော့ တစ်တင်းကို ၂၃၆၀၀ ကနေ ၂၄၅၀၀ ရှိပြီး တစ်တင်းကို ၂၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တော့ ကုလားပဲလုံး ဝါ(ကြီး)က တစ်တင်းကို ၂၄၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၁၅၀ ကျော်ဈေးတက်လာခဲ့ပြီး ကုလားပဲလုံးဖြ (ကြီး)ကလည်း တစ်တင်းကို ၂၃၄၆၅ ကျပ်ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၁၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ(ကြီး)က တစ်တင်းကို ၂၄၆၆၀ ရှိပြီး တစ်တင်းကို ၂၀၀ ကျော်ဈေးတက်လာပြီး ကုလားပဲလုံးဖြူ(ကြီး)ကတော့ တစ်အိတ်ကို ၂၃၇၀၀ ရှိကာ တစ်အိတ်ကို ၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

 

ဝတ်ရည်မွန် (AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်