မြန်မာ့မတ်ပဲ လတ်တလော ဈေးမကျနိုင်..ပဲတီစိမ်းကတော့ ဈေးတက်နိုင်ခြေ မရှိသေး

08/03/2024 12:00 PM တွင် AMIA AMIA မှ ရေးသား

ဒီတစ်ပတ် ဈေးကွက်အတွင်းမှာတော့ မတ်ပဲ၊ ပဲစင်းငုံနီဈေးတွေ ပြန်မြင့်တက်လာခဲ့သလို ကုလားပဲဈေးတွေလည်း ပြန်မြင့်တက်လာခဲ့ပါတယ်။ ပြောင်းဈေး ကျဆင်းနေရာမှ အနည်းငယ်ပြန်လှုပ်ခတ်လာခဲ့ပြီး ပဲကြီးဈေး၊ စားတော်ပဲဈေး၊ ထောပတ်ပဲဈေးနဲ့ အခြား ပဲမျိုးစုံတို့က ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေတာကြောင့် ဈေးတွေ ကျဆင်းနေပါတယ်။

မတ်ပဲ

မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယဘက်မှာ မတ်ပဲဈေးတွေ ကျဆင်းခဲ့ပေမယ့် ပဲရှားတဲ့ အနေအထား‌ကြောင့် ယာယီလောက်သာဖြစ်ခဲ့ပြီး ဈေးပြန်မြင့် တက်လာခဲ့တာပါ။

ဒါ့အပြင် ဈေးကွက်အတွင်း ငွေလဲနှုန်းဈေးလည်း အနည်းငယ်ဈေးပြန်မြင့်တက်လာခဲ့သလို ပဲဈေးအကျမှာ အရောင်းအဝယ် ပြန်ထိန်းလာတာတွေကြောင့်လည်း ဈေးက ပြန်မြင့်တက်လာခဲ့တာလို့ကုန်သည် အချို့က ဆိုပါတယ်။

လက်ရှိမှာ အိန္ဒိယနိုင်ငံကလည်း ပဲဈေးတွေ မြင့်တက်တာနဲ့ပတ်သတ်ပြီး ထိန်းချုပ်တာတွေ ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံရဲ့ပဲ လိုအပ်ချက်နဲ့ အထွက်နှုန်း ကျဆင်းတာတွေကြောင့် မြန်မာ့မတ်ပဲက လတ်တလောကာလအတွင်း အကျသိပ်မရှိနိုင်ပါဘူး။ 

ဒါပေမယ့် ဒီနှစ်က မတ်ပဲအထွက်နှုန်း ကောင်းမယ်လို့ ခန့်မှန်းတာတွေကြောင့် ရေရှည်ကတော့ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။

  • ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၀၆၁၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ လောက်ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို    ၃၂၉၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၂၅၀၀၀ ကျပ် ဈေး မြင့်တက်လာပါတယ်။မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၉၃၀ မှ ၄၉၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၅ ကျပ်ဈေး မြင့်တက်လာပါတယ်။
  • မန္တလေးဈေးကွက်မှာလည်း  သုံးတင်းဝင် တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
  • နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၄၀၀၀ ကနေ ၆၀၀၀ကြားဈေးပြန်မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ မတ်ပဲက တစ်တန်ကို ငွေကျပ် ၁၂  သိန်းနီးပါးဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၄၀ နားထိ ပြန်လည်ရောက်ရှိလာပါတယ်။ ပြည်တွင်း ပို့ကုန်မူဝါဒအချို့ကြောင့် ဈေးပြန်ကျဆင်းခဲ့ပေမယ့် ပြည်တွင်းငွေလဲနှုန်းဈေးအနည်းငယ်ပြန်မြင့်တက်လာတာ ရေရှည်အိန္ဒိယပဲ လိုအပ်ချက်တွေအပြင် အကျဈေးကြောင့် ထိန်းရောင်း ထိန်းဝယ်တာတွေ ရှိခဲ့တဲ့အတွက်‌ ဈေးက ပြန်ပြီး မြင့်တက်လာတာလို့လည်း သိရပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံတွင်းမှာလည်း ပဲစင်းငုံဈေးကွက်အတွင်း ဝင်ရောက်တာနဲ့ စားသုံးမှု ပမာဏာ ကွာခြားချက်ရှိနေတာဖြစ်လို့ ပဲစင်းငုံနီကတော့ ဆက်ပြီး တက်နိုင်ဦးမယ်လို့ အိန္ဒိယဈေးကွက် ‌လေ့လာသုံးသပ်သူတွေကလည်း ခန့်မှန်းထားကြပါတယ်။ အိန္ဒိယကတော့ ပဲ ဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် မူဝါဒပြောင်းလဲပြီး ဈေးသတ်မှတ်တာတွေ လုပ်ဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် မကြာခဏ အပြောင်းအလဲ လုပ်တက်တဲ့ အိန္ဒိယမူဝါဒတွေကိုလည်း  စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၉၅၇၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်တန်ကို  ၂ သိန်းခွဲကျော်  ဈေးပြန်မြင့်တက်လာပါတယ်။

အလားတူ မန္တလေးစျေးကွက်မှာလည်း   ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၇၀၀၀၀ ကနေ ၃၈၀၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၃၀၀၀၀ လောက်ဈေးပြန်မြင့်တက်လာပါတယ်။

ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ နှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို သိန်း ၂၀ နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ နယ်ဈေးကွက်တွေမှာပါ ဈေးကျဆင်းလာပါ တယ်။ ဈေးကွက်အတွင်း  တရုတ်ဝယ်ယူမှုလည်း‌ လျော့လာသလို ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေတာ ဖြစ်ပြီး ပဲမျိုးစုံ ဈေးကျဆင်းနေတာဖြစ်လို့ဈေးက ဆက်တိုက် ကျဆင်းနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ပဲတီစိမ်းကတော့ ဆက်ပြီး ဈေးကျဆင်းနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြပြီး ခန့်မှန်းထားတဲ့အတိုင်း ဈေးကွက်ထဲ ကျဆင်းနေတာ ဖြစ်လို့ လက်တလောကာလ အတွင်းမှာတော့ ဈေးကတက်နိုင်ချေ မရှိသေးပါဘူး။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၀၃၀ ကျပ် ရှိပြီး တစ်ပိဿာကို ၂၂၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၉၁၅ ကျပ် ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်  ဈေးကျဆင်းပြီး ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၁၆၅ မှ ၃၄၂၀  ကျပ် ရှိကာ ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့   ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

AMIA သတင်းဈေးကွက် အေဂျင်စီ၏ ဖော်ပြချက်အတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်