မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တစ်ပတ်အတွင်း ဈေးနှုန်းအတက်အကျများ

01/07/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မတ်ပဲ

တရိပ်ရိပ်ဈေးခုန်တက်လာတဲ့မတ်ပဲဈေးနှုန်းဟာ ဒီတစ်ပတ်အတွင်းမှာတော့ ရန်ကုန်ဘုရင့်နောက်ဈေးကွက်မှာ တစ်တန်ကို ၁၇ သိန်းထိ ရောက်သွားပါတယ်။ ဒီနေ့မှာ တစ်တန် ကျပ် ၅၀၀၀ စီဈေးကျသွားပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ကျပ် ၈ သောင်းကျော်ထိ ဈေးတက်လာတာပါ။

အိန္ဒိယနိုင်ငံမှာ မတ်ပဲထွက်နှုန်း ကျဆင်းတယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းပဲကုန်သည်တွေက ကြိုတင် ဝယ်ယူသိုလှောင်မှုတွေရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဆက်ပြီး တက်နိုင်ခြေကတော့ ရှိပေမယ့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

ဇူလိုင် ၁ ရက် မတ်ပဲဈေးနှုန်းများ (ရန်ကုန်ဘုရင့်နောင်ဈေးကွက်)

မတ်ပဲ (FAQ/RC-2022) - ၁၆၉၅၀၀၀ ကျပ် ( တစ်တန်ဈေးနှုန်း)

မတ်ပဲ (SQ/RC-2021) - ၁၉၁၅၀၀၀ ကျပ် ( တစ်တန်ဈေးနှုန်း)

ပဲစင်းငုံ

ပြီးခဲ့တဲ့အပတ်တုန်းက ဈေးအကျပိုင်းမှာရှိနေခဲ့တဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပြီး ရန်ကုန်ဘုရင့်နောက်ဈေးကွက်မှာ တစ်တန်ကို ၁၅ သိန်းနီးပါးထိ ရောက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၁၀၀၀၀ ကျော်ထိ ဈေးတက်လာတာပါ။

အိန္ဒိယမှာ ပဲစင်းငုံနီ စိုက်ဧက လျော့ကျတယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲစင်းငုံနီက ပြန်တက်လာတာဖြစ်တယ်လို့ကုန်သည်တွေက ဆိုပါတယ်။ အိန္ဒိယ ဝယ်ယူမှုက လက်တလောငြိမ်နေပေမယ့် ကြိုတင်ဝယ်ယူသိုလှောင်မှုတွေကြောင့် ဈေးကွက်အတွင်း ဈေးပြန်လှုပ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၁ ရက် ပဲစင်းငုံဈေးနှုန်း (ရန်ကုန်ဘုရင့်နောင်ဈေးကွက်)

ပဲစင်းငုံနီ (RC - 2021) - ၁၄၉၇၅၀၀ ကျပ် (တစ်တန်ဈေးနှုန်း)

ပဲတီစိမ်း

ပဲတီစိမ်းကတော့  အဝင်များနေပြီး ဈေးအတက်အကျကတော့ အနည်းငယ်ပဲ ရှိနေပါတယ်။တရုတ်ကို အဓိက တင်ပို့နေတာဖြစ်လို့ တင်ပို့မှုကတော့ ပုံမှန်ပဲ ရှိနေတယ်လို့ သိရပါတယ်၊

ကြက်သွန်နီ

ကြက်သွန်နီကတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်အစပိုင်းက ဆက်တိုက်ဈေးတွေ ပြန်ကျခဲ့ပြီး ဇွန် ၂၉ ရက်ကစလို့ အနည်းငယ်စီပြန်တက်တာတော့ ရှိပါတယ်။ လက်ရှိပေါက်ဈေးထက် ပိုကျဆင်းသွားမှာ စိုးတဲ့အတွက် ပြန်လည်ထုတ်ရောင်းမှုတွေက ဈေးကွက်ထဲကို အဝင်များပြီး ဆက်တိုက် ဈေးပြန်ကျသွားတာလို့ သိရပါတယ်။ တောင်သူ၊ ကုန်သည်တွေအနေနဲ့ အဝင်ကို ထိန်းဖို့လိုတယ်လို့ ကြက်သွန်ကုန်သည်ကြီးတွေက အကြံပြုထားပေမယ့် မိုးရွာသွန်းမှုတွေကြောင့် အပျက်အစီးတွေ  ရှိလာပြီး အရည်အသွေးပိုင်း မကောင်းမှုတွေ ရှိလာတာကြောင့် ဈေးအကျဘက်ဖြစ်လာတာလို့လည်း သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ နေ့စဉ်ကားအဝင်က ၁၅ စီးကနေ အစီး ၃၀ ကြား ရှိနေပြီး အမျိုးအစားအလိုက် တစ်ပိဿာကို ၁၁၀၀ ကနေ ၁၇၀၀ ကြားပေါက်ဈေးရှိကာ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၂၀၀ လောက် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ပြီးခဲ့တဲ့အပတ်တုန်းက ပြန်တက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အဝင်တွေ ပြန်များလာတဲ့အတွက်ကြောင့် ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)က ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၆၀၀ ကနေ ၂၈၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆက်တိုက်ဈေးတက်နေတဲ့ ရှမ်းကြက်သွန်ဖြူကလည်း ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၂၀၀ ကနေ ၃၇၀၀ ထိပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံ ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်