ဆန်စပါးအပါအဝင် ပဲ၊ ပြောင်း၊ နှမ်းတို့၏ တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်

01/10/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မိုးစပါးရည်ညွှန်းစျေးသတ်မှတ်ပြီးနောက် ခုတစ်ပတ်မှာ စပါးစျေးတန်း ပြုတ်ကျသွားပြီး ဆန်စျေးလည်း အနည်းငယ်ကျသွားပါတယ်။ အလားတူ မတ်ပဲ ၊ ပြောင်းဆံ၊ နှမ်းစျေးနူန်းလည်း ကျဆင်းလာပြီး ပဲစင်းငုံနီ နဲ့ကုလားပဲကစျေးထပ်တက် လာပါတယ် ။

ဆန်စျေးကွက်

ဆက်တိုက်မြင့်တက်လာခဲ့တဲ့ ဆန်စျေးကွက်ဟာ အရင်တပတ်မှာစျေးငြိမ်ခဲ့ပြီး ခုပတ်မှာတော့ စျေးအနည်းငယ်ကျလာတယ်လို့ဆန်ကုန်သည်တွေဆီကသိရပါတယ်။

ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၀၀၀ လောက်ကျသွားပြီး ကျန်တဲ့ ဆန်ကြမ်းတချို့လည်း တစ်အိတ်ကို ၁၀၀၀ ကနေ ၅၀၀၀ လောက်ထိပြန်ကျသွား တယ်လို့ သိရပါတယ် ။

ဒါပေမယ့် လက်လီစျေးကွက်မှာတော့ ဆန်စျေးက ကျဆင်းတာမရှိဘဲ ဆန်တစ်ပြည်ကို အနိမ့်ဆုံး ၃၂၀၀ ကျပ်မှာဆက်ရှိနေပါသေးတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ကျားပျံရှယ်၊ ဖျာပုံ၊‌ဒေးဒရဲ၊ မြောင်းမြပေါ်ဆန်း၊ ပေါ်ဆန်းနယ်စုံက  တစ်အိတ် ကို ၁၀၀၀၀၀ ကျပ်နဲ့ အရင်ကတည်းကအတိုင်း  စျေးပေါက်ပြီး ရွှေဘိုပေါ်ဆန်းက ရန်ကုန်ဝါးတန်းစျေးကွက်မှာ တစ်အိတ်ကို အရင်စျေး  ၁၂၅၀၀၀ ကျပ်ရှိပြီး ပြင်ပစျေးကွက် မှာ ၁၅၀၀၀၀ ကျပ် ရှိနေပါတယ်။

ဆန်စျေးကျဖို့ နဲ့ထပ်မတက်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံ ဆတ်စပါးအဖွဲ့ချုပ်နဲ့တာဝန်ရှိသူတွေက ပြည်ပကိုဆန်တင်ပို့မှုရပ်ထားခြင်း၊ဆန်ကိုနယ်ကျော်သယ်ယူတဲ့အခါခွင့်ပြုချက်တောင်းခံရခြင်း စတဲ့နည်းလမ်းပေါင်းစုံကိုသုံးပြီးလုပ်ကိုင်နေပါတယ်။

စပါးစျေးကွက်

လက်ရှိစပါးစျေးကွက်က စျေးနူန်းတွေပြုတ်ကျသွားပါတယ်။ မိုးစပါးကိုရည်ညွှန်းစျေးသတ်မှတ်လိုက်ပြီးနောက် အခုလိုစပါးစျေးပြုတ်ကျသွားတာဖြစ်ပါတယ်။

လက်ရှိ မိုးစပါးအသစ်တွေစတင်ရိတ်သိမ်းနေပြီဖြစ်တဲ့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းထဲမှာ ပေါင် ၅၀ နဲ့ တင်း ၁၀၀ကို  ၁၂ သိန်းခွဲကနေ ၁၃ သိန်းကျော်သာ စျေးတန်းရှိတော့တယ်လို့သိရပါတယ်။

ရည်ညွှန်းစျေး မသတ်မှတ်ခင်က စပါးစျေးက ၁၅ သိန်းကျော်ကနေ ၁၆ သိန်းအထိ စျေးဖွင့်ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးစိုက်တောင်သူအချို့က စပါးကိုသိုလှောင်ထားကြဖို့ စီစဥ်နေကြပါတယ်။

MRF ကထုတ်ပြန် ရည်ညွန်းစျေးက ဆတ်ကြမ်းအုပ်စုဝင် စပါးဖြစ်တဲ့ ဧည့်မထ နဲ့ ငစိန်အပါ စပါးအချို့ကို ၁၃ သိန်းကနေ ၁၅ သိန်းဝယ်ရမယ်လို့သတ်မှတ် ထားတာပါ၊ပွဲစားတွေ၊ ဆန်စက်တွေ၊ ကုန်သည်တွေကတော့ ၁၅ သိန်းထိမပေးဘဲ အနိမ့်ဆုံး ၁၃ သိန်းဝန်းကျင် နဲ့သာဝယ်ယူ နေကြတာဖြစ်ပါတယ်။

မတ်ပဲစျေးကွက်

ပြည်တွင်းမတ်ပဲစျေးကွက်ကတော့ အတက်အကျ မတည်ငြိမ်ဘဲ ခုတပတ်မှာ စျေးပြန်ကျသွားပါတယ်။

ခုတပတ်ထဲမှာကိုစျေးတန်းကတက်လိုက်ကျလိုက်ဖြစ်နေတာပါ။မတ်ပဲကပြည်တွင်းလက်ကျန်နည်းနေပြီး မတ်ပဲအသစ်ကလည်း မပေါ်သေးတာကြောင့် စျေးတန်းက တအားကြီးကျဆင်း မယ့်အခြေအနေမရှိ ဘူးလို့ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

ရန်ကုန်ဈေးကွက် မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၅၁၇၅၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင်  တစ်တန်ကို ၁၁၆၅၀၀  စျေးပြန်ကျသွားပါ တယ်။  

မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၁၂၅ မှ ၄၁၆၀ ကျပ်စျေးရှိပြီး တစ်ပိဿာကို  ၁၆၀ ကျော်  စျေးပြန်ကျသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း  မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၂၀၀၀ ကျပ်စျေးရှိလို့ အရင်တပတ်ကထက် ၃၀၀၀ စျေးပြန်ကျသွားပါတယ်။

နယ်တွေမှာလည်း  မတ်ပဲ ပိဿာ ၂၀ ကို   ၈၁၆၀၀  ကျပ်စျေးပေါက်နေပြီး အရင်တစ်ပတ်ကထက် ၃၆၀၀ ကျော်   စျေးပြန်ကျသွားတာဖြစ် ပါတယ်။

ပဲစင်းငုံနီစျေးကွက်

ပဲစင်းငုံနီက ခုတပတ်မှာလည်း စျေးအနည်းငယ် ထပ်တက်လာပါတယ်။ ဈေးကွက်အတွင်း မှာတော့ ပဲစင်းငုံနီ ရောင်းဝယ်မှုက အေးနေတယ်လို့  ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။ ပဲစဥ်းငုံနီကို တော့ အိန္ဒိယကိုသာ အဓိက တင်ပို့နေရ တာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက် မှာ  ပဲစဥ်းငုံနီ တစ်တန်ကို ငွေကျပ်သိန်း ၄၀ နဲ့ ၇၅၀၀၀ စျေးပေါက် ပြီး   အရင် တစ်ပတ်ကထက် ၂၅၀၀၀ ကျပ်ထပ်မြင့်တက်လာတာဖြစ် ပါတယ်။

ပဲစင်းငုံနီက စျေးပြန်မြင့်တက်လာပြီး တေေကုန်သည်တွေ အဝယ်လိုက်နေပေမယ့်  မန္တလေးစျေးကွက်မှာတော့  ပဲစင်းငုံနီကိုစျေးဖွင့်ထားခြင်းမရှိပါဘူး။

ကုလားပဲစျေးကွက်

ကုလားပဲကတော့  ခုတစ်ပတ်မှာ ရန်ကုန်စျေးကွက်၊ မန္တလေးစျေးကွက်နှစ်ခုလုံးမှာ စျေးတက်လာ တာတွေရပါတယ်။ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိကဖြစ်ပြီး လက်ကျန်နည်းနေတဲ့အပြင် စက်ပိုင်တွေက အဝယ်လိုက်နေလို့ စျေးတက်နေတာဖြစ်တယ်လို့  မန္တလေးစျေးကွက်ကသိရပါတယ်။

ရန်ကုန်စျေးကွက်မှာ  ကုလားပဲဖြူလုံးက ၄၅၈၀ မှ ၄၆၇၀ ကျပ်စျေးပေါက်ပြီး အရင်တပတ်ကထက် ၉၀ ကျပ် တက်လာ၊ ကုလားပဲဖြူလုံးကြီးက ၄၆၆၅ ကျပ်ကနေ ၄၇၂၀ ကျပ်နဲ့  အရင်တပတ် စျေးအတိုင်းဆက်ရှိနေပါတယ်။

မန္တလေးဈေးကွက်မှာလည်း စျေးတက်လာလို့   ကုလားပဲ ၉၂၉  တစ်အိတ် ကို  ၂၆၈၀၀၀ ကျပ်စျေး ပေါက်ပြီး အရင်တပတ်ကထက် ၁၀၀၀၀ ကျပ် စျေးတက် လာ၊   ကုလား ပဲ(V2) က ၂၆၈၀၀၀ ကျပ် စျေးရှိပြီး ၁၀၀၀ကျပ် ပြန်တက်လာကာ အရင်တစ်ပတ်ကစျေး မဖွင့်နိုင်ခဲ့တဲ့    ကုလား ပဲ V7 ကလည်း ခုတပတ်မှာ  ၂၇၆၀၀၀ က နေ ၂၇၇၀၀၀ ကျပ်ပေါက်စျေးရှိနေပါတယ်။

ပြောင်းစျေးကွက်

အစေ့ထုတ်ပြောင်းစျေးကွက်ကလည်း ဆက်တိုက်ကျဆင်းလာနေပါတယ်။ ပြောင်းဆံကို ထိုင်းနိုင်ငံရဲ့အခွန်ကင်းခွင့်ကာလနဲ့တင်ပို့ခွင့်သက်တမ်းကုန်တဲ့ စက်တင်ဘာလအစကတည်းက ခုထိ ပြောင်းဆံစျေးက ဆက်တိုက်ကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။

ဩဂုတ်လကုန်တုန်းက ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ တစ်ပိဿာကို ၁၂၁၀ အထိရှိခဲ့ပြီး လက်ရှိမှာ ပြောင်းဆံတစ်ပိဿာကို ၁၀၈၀ ကျပ်မှ ၁၁၀၀ ကျပ်သာရှိတော့တယ်လို့သိရပါတယ်။

မန္တလေးစျေးကွက်မှာ စက်တင်ဘာလပထမပတ်တုန်းက ပြောင်းဆံတစ်ပိဿာကို ၁၀၉၃ ကျပ် ရှိပြီး ၄၅ ပိဿာတစ်အိတ်ကိုတော့ ၆၀၀၀၀ မှ ၆၂၀၀၀ ကျပ်အထိရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ပြောင်းဆံတစ်ပိဿာကို ၉၆၃ ကျပ်စျေးပေါက်ပြီး ၄၅ ပိဿာတစ်အိတ် ကိုတော့ ၅၀၀၀၀ မှ ၅၂၀၀၀ ကျပ်စျေးပေါက်လို့ ၁၀၀၀၀ ကျပ်ကျဆင်းသွားပါတယ်။

စျေးကွက်ကို  ရှမ်းပြည်နယ်နဲ့အညာဒေသဘက်က ပြောင်းအသစ်တွေဝင်ရောက်နေတဲ့အပြင် ထိုင်းကလည်းတင်ပို့ခွင့်မရှိတော့လို့ စျေးကဆက်တိုက်ကျဆင်းလာတာဖြစ်တယ်လို့သိရပါတယ်။

ထန်းလျက်

ထန်းလျက်ကတော့ တစ်လလုံး ဈေးတက်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တော့ အဝင်နည်းလို့ ဈေးမြင့်တက် နေ‌ပေမယ့် နယ်ဈေးကွက်တွေမှာတော့ အဝင်ပုံမှန်ရှိနေပြီး အဝယ်နည်းတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ထန်းလျက်(တောင်သာ၊ ရေစကြို၊ ညောင်ဦးဆေးရှယ်)တို့က တစ်ပိဿာကို ၃၆၀၀ မှ ၅၈၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်ပိဿာကို ၆၀၀ ကျပ်‌ဈေးမြင့်တက်လာပါတယ်။

သကြား

ပြီးခဲ့တဲ့ အပတ်ကကျဆင်းတဲ့ သကြားက ဒီတစ်ပတ်မှာ ဈေးပြန်ပြီး မြင့်တက်လာပါတယ်။ ကမ္ဘာ့သကြားပေါက်ဈေး အနည်းငယ်မြင့်တက်လာတဲ့အတွက် ဈေးတက်လာတယ်လို့သိရပါတယ်။ သကြား‌ေဈး မြင့်တက်နေတာနဲ့ပတ်သတ်ပြီး ပြည်တွင်း ကုန်သည်တွေ အနေနဲ့ ဈေးကစားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ သကြား တစ်ပိဿာကို ၃၇၃၀ မှ ၃၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်‌ဈေး ကျမြင့်တက်လာပါတယ်။

နှမ်းစျေးကွက်

နှမ်းမျိုးစုံစျေးကွက်က  ခုတစ်ပတ်မှာလည်း စျေးနူန်းတွေထပ်မံကျဆင်း  သွားတာပါတယ်။

မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၃၅၀၀၀ မှ ၃၆၂၀၀၀ စျေးပေါက်ပြီး အရင်တစ်ပတ် ကထက် ၁၃၀၀၀ ဝန်းကျင်  ထပ်ကျသွားပြီး  နှမ်းဖြူ ဂျပန်က လည်း ၃၃၀၀၀၀  မှ ၃၆၀၀၀၀ ကျပ်စျေးပေါက်ပြီး   ၂၀၀၀၀ ကျပ် ထပ်မံကျသွား ပါတယ်။

နှမ်းနက် စမုံကလည်း ၂၈၀၀၀၀ မှ ၃၃၀၀၀၀ ကျပ်စျေးပေါက်ပြီး   ၁၅၀၀၀ ကျပ်  စျေးထပ်ကျသွားကာ အရင်တပတ်စျေးမဖွင့်ခဲ့တဲ့ နှမ်းညိုကခုတပတ်မှာ ၂၉၀၀၀၀ ကျပ် စျေးဖွင့်ထားပါတယ်။

မိုးနှမ်းအသစ်တွေ မန္တလေးစျေးကွက်ကို ပုံမှန်အတိုင်း ဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်က နှမ်းအဝယ်အေးနေတာကြောင့် နှမ်းစျေးကျနေတာဖြစ်တယ်လို့သိရပါတယ်။

နှမ်းနက်စမုံကတော့ အရည်အသွေးပေါ်လိုက်ပြီးစျေးက ပြောင်းလဲမှုရှိတယ်လို့သိရပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်